အိန္ဒိယ-ပေါ်တူဂီ ဆက်ဆံရေးများတွင် အခမ်းကဏ္ဍသစ်တရပ်
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA မှ သုတေသီ ဆောင်းပါးရှင် Rajorshi Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ပေါ်တူဂီ ဆက်ဆံရေးများတွင် အခမ်းကဏ္ဍသစ်တရပ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ပေါ်တူဂီနိုင်ငံသမ္မတ Mr. Marcelo Rebelo de Sousa ဟာ အိန္ဒိယနိုင်ငံကို အကျိုးဖြစ်ထွန်းတဲ့ ခရီးစဉ်တရပ် လာရောက်လည်ပတ်ခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ အရေးပါမှုကတော့ အပြန်အလှန် အကျိုးရှိမယ့် အရေးကိစ္စအဖြာဖြာတို့ပါဝင်တဲ့ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် စုစုပေါင်း ၁၄ ခုတို့ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အဲဒါတွေမှာဆိုရင် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးနှင့် ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးရာ ကြံဆလုပ်ဆောင်ရေး၊ အာကာသ နည်းပညာ၊ သံတမန်ရေးရာ လေ့ကျင့်သင်တန်း၊ သိပ္ပနည်းကျ သုတေသနနှင့် လူထုဆိုင်ရာ ပေါ်လစီချမှတ်ရေးတို့ ပါဝင်ကြပါတယ်။
ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အိန္ဒိယ-ပေါ်တူဂီတို့ရဲ့ အဓိပ္ပါယ် အသွင်သဏ္ဍာန် အပြည့်အဝပြောင်းလဲလာခဲ့တဲ့ ဆက်ဆံရေးတွေနှင့်အတူ အင်သစ်အားသစ်တွေကို ထင်ဟပ်လျှက်ရှိပါတယ်။ ဒီကနေ့ကာလမှာ အိန္ဒိယနှင့် ပေါ်တူဂီနိုင်ငံတို့ရဲ့ အကျိုးစီးပွား ဆုံချက်တွေရှိတဲ့ ကမ္ဘာလုံးဆိုင်ရာနှင့် ၂ နိုင်ငံဆိုင်ရာ အရေးကိစ္စတွေ ရှိနေကြပါတယ်။ ကမ္ဘာ့အနေအထားဟာ ကြိုတင် မခန့်မှန်းနိုင်တဲ့ အခြေအနေတွေနှင့် ပြည့်နက်လျှက်ရှိပါတယ်။ အမျိုးသားရေးဝါဒဟာ နိုင်ငံတွေရဲ့ ပြည်နယ်တွေအတွင်း ပိုမိုစိမ့်ဝင်နိုးကြားသွားနိုင်ဖွယ် အလားအလာတွေနှင့်အတူ ဖြစ်ပေါ်လျှက်ရှိပါတယ်။ နောက်ပြီး မိမိတို့တွေဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေး ခေတ်ကာလကို ဝင်ရောက်လာတာနှင့်အမျှ နည်းပညာကိုလည်း မကြာခဏဆိုသလို အလွဲသုံးစား ပြုလာကြပါတယ်။ ဒီအရေးကိစ္စတွေဟာ ပူးပေါင်း အဖြေရှာသွားကြရမယ့် အရာတွေဖြစ်ပါတယ်။
ကမ္ဘာ့အဆင့်မှာ အိန္ဒိယနိုင်ငံရဲ့ ပေါက်ရောက်မှု တိုးများလာတာနှင့် အီးယူဥရောပ သမဂ္ဂနှင့် နေတိုးတပ်ဖွဲ့မှာ ပေါ်တူဂီနိုင်ငံ အဖွဲ့ဝင်ဖြစ်လာတာတွေဟာ ဖော်ပြပါ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အင်အားပေါင်းစပ်သွားရေး အနေအထားကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အိန္ဒိယနှင့် ပေါ်တူဂီနိုင်ငံတို့ဟာ တဦးရဲ့ လုံခြုံရေး စိုးရိမ်ချက်တွေကို တဦးက အပြန်အလှန် အသိအမှတ်ပြု နားလည်ထားကြပါတယ်။ ဒီကနေ့ ခေတ်ကာလရဲ့ မမြင်နိုင်တဲ့ လုံခြုံရေး အခြေအနေတွေကို ထောက်ရှုလျှက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ အကြာက အိန္ဒိယ သမုဒ္ဒရာနှင့် အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်လျှက် ဗာစကို ဒဂါးမားကြီး ရွက်လွှင့်ခရီးသွားခဲ့တဲ့ အိန္ဒိယနှင့် ပေါ်တူဂီတို့ရဲ့ ပထဝီအနေအထား တည်ရှိမှုတို့ဟာ ၎င်းတို့ရဲ့ ပင်လယ်ရေအဏ္ဏဝါ လုံခြုံရေးဆိုင်ရာ ဘုံအကျိုးစီးပွားတွေကို မီးမောင်းထိုးလျှက်ရှိပါတယ်။
အလားတူစွာပဲ ပေါ်တူဂီနိုင်ငံရဲ့ ကြံဆမွမ်းမံမှုဖြစ်တဲ့ ဂေဟစနစ်နှင့် သုတအခြေပြု စီးပွားရေးကဏ္ဍတို့ဟာ သီးသန့်အားဖြင့် အိန္ဒိယနိုင်ငံနှင့် ပတ်သက်ဆက်နွယ်နေပါတယ်။ ထိုနည်းတူ ရွှေ့ပြောင်းလုပ်သားနှင့် ပြောင်းရွှေ့နေထိုင်မှုဆိုင်ရာ သဘောတူစာချုပ်တို့ဟာ အိန္ဒိယနိုင်ငံရဲ့ အရောင်အသွေး စုံလင်ကွဲပြားမှုနှင့် ပေါ်တူဂီနိုင်ငံရဲ့ လူ့စွမ်းအား လိုအပ်ချက်တို့ ကိုက်ညီနေမှုကို ထင်ဟပ်စေလျှက်ရှိပါတယ်။ ဒီလို အကျိုးပြု အကြောင်းအရာတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ပေါ်တူဂီနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ၂ ဆတိုးတက်မှုနှင့်အတူ အပြန်အလှန် ကုန်သွယ်မှုပြုရာမှာ ရူရိုငွေ ၁ ဘီလျံအဆင့် ကျော်လွန်နေတာက ဖော်ပြလျှက်ရှိပါတယ်။
လက်ရှိမှာတော့ ပေါ်တူဂီနိုင်ငံရဲ့ ကုန်ကျစရိတ် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုရှိပြီး စီးပွားရေးရာ သဟဇာတကျတဲ့ ဝန်းကျင်အခြေအနေတွေဟာ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဗြိတိန်နိုင်ငံ ထွက်ခွာပြီးတဲ့အခါ အိန္ဒိယ ကုမ္ပဏီတွေရဲ့ ဥရောပဒေသ ဘုံဈေးကွက်အတွက် ဂိတ်ပေါက်ဝနိုင်ငံအဖြစ် ဗြိတိန်နိုင်ငံနေရာမှာ အစားထိုးပေါ်ပေါက်လာဖို့ ဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီ ပြည်သူလူထုတို့နှင့်အတူ အိန္ဒိယအနွယ်ဝင် ရွှေ့ပြောင်း ပျံ့နှံ့နေထိုင်မှုတွေ တိုးများလာနေတာတို့ဟာ ဘောလုံးအားကစား၊ ခရီးသွားလာရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ အညစ်အကြေး စီမံခန့်ခွဲရေး၊ ကာကွယ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးတို့လို စွမ်းရည်အံ့မခန်းရှိနေတဲ့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် သဘာဝကျကျ ဆွဲဆောင်လျှက်ရှိပါတယ်။ ဒါကြောင့် သမ္မတ Mr. Sousa ရဲ့ ခရီးစဉ်ဟာ အင်ဒို-ပေါ်တူဂီ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းကို မြှင့်တင်ရာမှာ ကဏ္ဍသစ်တရပ်ပင် ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Rajorshi Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment