ပါကစ္စတန်နောက်တကြိမ် ဟန်ပြသရုပ်ဆောင်ခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းကမှာ ပါကစ္စတန်နောက်တကြိမ် ဟန်ပြသရုပ်ဆောင်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ AIR သတင်းသုတေသီ Kaushik Roy ရေးသားပေးပို့တဲ့ ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ ပါကစ္စတန်နိုင်ငံမှာ အခြေစိုက်လှုပ်ရှားတဲ့ Jamaat-ud-Da’wah နဲ့ Lashkar-e-Tayyaba ဆိုတဲ့ အကြမ်းဖက်ဝါဒီဂိုဏ်းကြီးတွေရဲ့ အကြီးအကဲ၊ ၂၀၀၈ ခုနှစ် Mumbai မြို့ အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်ကြံစည်ခဲ့သူ Hafiz Saeed ကို ပါကစ္စတန် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး တရားရုံးတခုက၊ ထောင်ဒဏ် ၁၁ နှစ် အပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီအပြစ်ဒဏ်ပေးဘို့ သူ့အပေါ် စွဲတင်ခဲ့တဲ့ အမှုနှစ်ခုကတော့၊ အကြမ်းဖက်ဝါဒကို ရံပုံငွေထောက်ပံ့မှုတွေဖြစ်ပါတယ်။ ပါကစ္စတန် အကြမ်းဖက်ဝါဒ နှိမ်နှင်းရေးဌာနက Saeed နဲ့ အပေါင်းတို့အပေါ် ပန်ဂျပ်ပြည်နယ် မြို့ကြီးတွေမှာ အကြမ်းဖက်ဝါဒီတွေကို ဘဏ္ဍာငွေထောက်ပံ့မှုပေါင်း ၂၃ ခုနဲ့ အမှုဖွင့်ခဲ့ပါတယ်။
ပါကစ္စတန်အစိုးရရှေ့နေ Abdul Rauf Watto က၊ Hafiz Saeed နဲ့ သူရဲ့နီးကပ်သောလက်ထောက်တဦးဖြစ်သူ Zafar Iqbal တို့ကို အကြမ်းဖက်ဝါဒ ရံပုံငွေထောက်ပံ့မှု ၂ မှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့တာပါလို့ ပြောပါတယ်။ ချမှတ်လိုက်တဲ့ ထောင်ဒဏ်စုစုပေါင်းဟာ ၁၁ နှစ်ဖြစ်ပါတယ်။ ဒါပေမဲ့ Saeed အနေနဲ့ ထောင်မှာ ၅ နှစ်ခွဲသာ နေရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးက သူတို့ကို ထောင်ဒဏ် ၂ ခု တပြိုင်နက်ကျခံဆိုပြီး အမိန့်ချမှတ်တာကြောင့်ဘဲဖြစ်ပါတယ်။ Saeed ရဲ့ ရှေ့နေ Imran Gill ကတော့ အထက်ရုံးမှာ၊ အယူခံလွှာတင်သွင်းမယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာက၊ အကြမ်းဖက်သမားပါလို့ သတ်မှတ်ပြီး တားဆီးပိတ်ပင်ခံရသူ Hafiz Saeed ကို အကြမ်းဖက်ဝါဒ ရံပုံငွေထောက်ပံ့မှုဆိုတာနဲ့ ပါကစ္စတန်က ထောင်ဒဏ်အပြစ်ပေးပြတာဟာ တကယ်တော့ ကာလကြာမြင့်စွာကတည်းက တည်ရှိခဲ့သော၊ အကြမ်းဖက်ဝါဒထောက်ခံအားပေးမှု အဆုံးသတ်ရေး၊ နိုင်ငံတကာကတိကဝတ်ရဲ့ အစိတ်အပိုင်းတခုကိုသာ ဆောင်ရွက်တာဖြစ်ကြောင်း အိန္ဒိယက ပြောပါတယ်။
FATF ခေါ် အကြမ်းဖက်ဝါဒ ဘဏ္ဍာရေးထောက်ပံ့မှု နှိမ်နှင်းရေးအလုပ်အဖွဲ့ရဲ့ မျက်နှာစုံညီအစည်အဝေးကျင်းပမဲ့ အကြိုကာလမှာ ဒီလိုအပြစ်ဒဏ် ချမှတ်တာဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထောက်ပြပါတယ်။ အဲဒါကြောင့် အဲဒီစီရင်ချက်၊ ဘယ်လောက်ထိရောက်မှုရှိတယ်ဆိုတာကို စောင့်ကြည့်ရအုံးမျာဖြစ်ပါတယ်။ မိမိရဲ့ထိန်းချုပ်ရာ နယ်မြေအားလုံးမှာ၊ လှုပ်ရှားနေကြသော ကျန်အကြမ်းဖက်ဝါဒီ အဖွဲ့အစည်းများနဲ့ အကြမ်းဖက်သမားတွေအားလုံးကို ပါကစ္စတန်က အရေးယူ မယူ၊ နောက်ပြီး Mumbai နဲ့ Pathankot မြို့တွေမှာ နယ်စပ်ဖြတ်ကျော်ကာ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသူတွေကို တစိုက်မတ်မတ် အရေးယူအပြစ်ပေးမပေး စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
Hafiz Saeed ကို ဒီလို ဖမ်းဆီးပြီး စတိသဘောဆောင်ဒဏ် အပြစ်ပေးခြင်းအားဖြင့်၊ Islamabad ဟာ၊ အကြမ်းဖက်ဝါဒီအုပ်စုတွေကို အရေးယူဘို့ တကယ်လေးနက်စွာကြိုးစားနေပါတယ်ဆိုတဲ့ ပြောဆိုမှုကို ပိုပြီးခိုင်မာအောင် သက်သေပြဘို့ ရည်ရွယ်ပါတယ်။ ပါရီမြို့တော်အခြေစိုက် FATF ရဲ့ အရေးကြီးတဲ့ အစည်းအဝေးတခုရှေ့အပတ်မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ပါကစ္စတန်ကို အကြမ်းဖက်ဝါဒ ဘဏ္ဍာငွေထောက်ပံ့မှုအပေါ် နှိမ်နှင်းဘို့ ပျက်ကွက်တာကြောင့် အမဲရောင်စာရင်းသွင်းရေးအပေါ် ဆွေးနွေးကြလိမ့်မယ်လို့ ဆိုပါတယ်။ ပါကစ္စတန်ဟာ အခုလိုဘဲ FATF ရဲ့ မီးခိုးရောင်စာရင်းမှာ ရှိနေပါတယ်။ အကြမ်းဖက်ဝါဒ ဘဏ္ဍာငွေထောက်ပံ့မှုကို ပြင်းထန်စွာ အရေးယူဘို့ Islamabad အပေါ် တိုးပြီးဖိအားပေးနေကြပါတယ်။ အကယ်၍များ အမဲရောင်စာရင်းအသွင်းခံရမယ်ဆိုရင်၊ ပါကစ္စတန်နိုင်ငံအပေါ် ဘဏ္ဍာရေးနဲ့ဘဏ်လုပ်ငန်းများဆိုင်ရာ တင်းကြပ်သော ကန့်သတ်ပိတ်ပင်မှုများ ချမှတ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာမယ်ဆိုရင်၊ အခုလိုဘဲ ချိနဲ့နေတဲ့ ပါကစ္စတန်ရဲ့စီးပွားရေးအပေါ် ဆိုးဝါးသောအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါတယ်။
အခု Saeed ကို ထောင်ဒဏ်အပြစ်ပေးလိုက်တာကို ထောက်ထားပြီး၊ ပါကစ္စတန်ကို မီးခိုးရောင်စာရင်းမှ ပယ်ရှားပြီး၊ အခြားနိုင်ငံများလို အဖြူရောင်စာရင်းမှာ သွင်းမလားလို့ FATF အစည်းအဝေးမှာ စဉ်းစားဘို့ လိုလာပါလိမ့်မယ်။ သုတေသီများရဲ့ အမြင်ကတော့၊ တရုတ်၊ မလေးရှားနဲပ တူရကီနိုင်ငံတို့ရဲ့ ထောက်ခံမှုကြောင့် ပါကစ္စတန်ကို အမဲရောင်စာရင်းမှာ မသွင်းသေးဘဲ ထားခဲ့တာဖြစ်ပါတယ်။ သို့သော်၊ မီးခိုးရောင်စာရင်းက ဖယ်ရှားဘို့ဆိုရင်၊ Islamabad အနေနဲ့၊ FATF အဖွဲ့ဝင် ၃၉ နိုင်ငံအနက် အည်းဆုံး ၁၂ နိုင်ငံရဲ့ ထောက်ခံမှုရဘို့လိုပါတယ်။
Hafiz Saeed ကို အပြစ်ဒဏ်ချမှတ်ခြင်းဟာ၊ ဒီလနှောင်းပိုင်း အမေရိကန်သမ္မတ Donald Trump အိန္ဒိယနိုင်ငံသို့ ဆိုက်ရောက်လာမဲ့ဆဲဆဲ အကြိုကာလမှာ ပြုလုပ်တာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒနှိမ်နှင်းပုံအပေါ် အမေရိကန်သမ္မတ အလွန်ဝေဖန်ပါတယ်။ သို့သော Afghanistan နိုင်ငံအရေးမှာ Taliban တို့နဲ့ အပေးအယူပြုလုပ်ဖို့ လိုလားနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ၊ ဒီလိုအရေးကြီးတဲ့ အခြေအနေမှာ ပါကစ္စတန်ရဲ့ ထောက်ခံမှုကို လိုအပ်နေပါတယ်။ တကယ်တော့ Taliban နဲ့ ပါကစ္စတန်စစ်တပ်ရဲ့ ရင်းနှီးချစ်ကြည်မှုကို လူတိုင်း သိနေကြပါတယ်။
Beijing မြို့တော်မှာကျင်းပခဲ့သော နောက်ဆုံး FATF အစည်းအဝေးမှာ၊ ပါကစ္စတန်က၊ ၎င်းဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို တင်ပြခဲ့ပါတယ်။ ဒါကို တရုတ်၊ မလေးရျားနဲ့ တူရကီနိုင်ငံတို့က ထောက်ခံခဲ့ကြပါတယ်။ ပါကစ္စတန်က တင်သွင်းသော အကြမ်းဖက်ဝါဒနှိမ်နှင်းရေး အစီရင်ခံစာအပေါ်၊ ဝါရှင်တန်ကလည်း စောဒကမတက်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလတုံးက ပါရီမြို့တော်မျာကျင်းပခဲ့တဲ့ FATF အစည်းအဝေးမှာ၊ ပါကစ္စတန်ဟာ လိုက်နာအကောင်အထည်ဖော်ရမဲ့ လုပ်ငန်းပေါင်း ၂၇ ခုအနက်၊ ၂၂ ခုမှာ လိုက်နာဘို့ ပျက်ကွက်ခဲ့ကြောင်း တွေ့ခဲ့ရပါတယ်။ အဲဒီအစည်းအဝေးမှာ ပါကစ္စတန်ကို အပြစ်တင်ခဲ့ကြပါတယ်။ FATF က ဒီလိုသာ အကြမ်းဖက်ဝါဒရံပုံငွေထောက်ပံ့မှုကို မတားဆီးရင် ပါကစ္စတန်ကို ဖေဖေါ်ဝါရီလကျရင် အမဲရောင်စာရင်းသွင်းကောင်းသွင်းနိုင်ကြောင်း ပြောခဲ့ပါတယ်။
အချုပ်အားဖြင့် ပါကစ္စတန်နိုင်ငံဟာ ကာလကြာမြင့်စွာကတည်းက အဖြစ်မှန်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ဖုံးကွယ်လာခဲ့ပါတယ်။ FATF ရဲ့ မီးခိုးရောင်စာရင်းအသွင်းခံရတာတောင်မှဘဲ၊ ပါကစ္စတန်ဟာ၊ အကြမ်းဖက်ဝါဒီအုပ်စုတွေကို ဆက်ပြီး ထောက်ပံ့အားပေးနေခဲ့ပါတယ်။ လွန်ခဲ့တဲ့တနှစ်ကဘဲ၊ Jammu နှင့် Kashmir ပြည်နယ်၊ Pulwama မြို့မှာ၊ နယ်ခြားတဖက်မှလာသော အကြမ်းဖက်သမားတွေရဲ့လက်ချက်နဲ့ အိန္ဒိယ စစ်သည် ၄၀ ကျဆုံးခဲ့ရတာ၊ မမေ့သေးပါဘူး။ အဲဒီဖြစ်ရပ်ကြောင့် နှစ်နိုင်ငံအကြားတင်းမာမှု ဆိုးဝါးစွာ ကြီးထွားလာခဲ့ကြောင်း ဆောင်းပါးရှင် AIR သတင်းသုတေသီ Kaushik Roy ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment