“အိန္ဒိယ-အာဖရိက ကာကွယ်ရေးဝန်ကြီးများရဲ့ သီးသန့်ဆွေးနွေးပွဲ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကာကွယ်ရေးဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Uttam Kumar Biswas ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-အာဖရိက ကာကွယ်ရေးဝန်ကြီးများရဲ့ သီးသန့်ဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ပထမအကြိမ်မြောက် အိန္ဒိယ-အာဖရိက ကာကွယ်ရေးဝန်ကြီးများရဲ့ သီးသန့်ဆွေးနွေးပွဲကို “DEFEZXPO INDIA” ကာကွယ်ရေးပြပွဲနဲ့အတူ Lucknow မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးပွဲဟာ အိန္ဒိယနိုင်ငံရဲ့ အာဖရိကတိုက်ကနိုင်ငံတွေနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဘို့အတွက် ကြိုးပမ်းတဲ့ အဓိကအစပျိုးမှုတွေ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးပွဲဟာ အိန္ဒိယနိုင်ငံအား လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ်များကတည်းက တည်ရှိနေတဲ့ ရေရှည်ကာကွယ်ရေးဖက်စပ်လုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းခြင်းနှင့်အတူ အိန္ဒိယနိုင်ငံမှ ထုတ်ရောင်းတဲ့ ပစ္စည်းကိရိယာတွေကို အာဖရိကတိုက်သို့ တင်ပို့ရောင်းချရေးအတွက် အခွင့်အရေးသစ်တွေ ဖန်တီးဘို့ရာ စင်္ကြန်တခုလည်း ရရှိလိမ့်မယ်ဖြစ်ပါတယ်။ အာဖရိက (၁၄) နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးတွေအပါအဝင် ကိုယ်စားလှယ်ပေါင်း ၁၅၄ ဦးတို့နဲ့ ပါလီမန်လွှတ်တော်အမတ်များ၊ ကာကွယ်ရေးဦးစီးချုပ် (၁၉) ဦးနဲ့ အာဖရိကနိုင်ငံများမှ အမြဲတမ်းအတွင်းဝန် (၈) ဦးတို့ဟာ အဆိုပါ သီးသန့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးနယ်ပယ်မှာ အိန္ဒိယ-အာဖရိက စေ့စပ်မှုပါ သဘောတူညီချက်တွေကို အထူးဦးစားပေးခဲ့ကြပါတယ်။
လက်ရှိကာလမှာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဟာ အာဖရိကနိုင်ငံတွေအတွက် သော့ချက်ကျ ဦးစားပေးနယ်ပယ်တွေဖြစ်ကြပါတယ်။ “Silencing Guns: Creating Conductive Conditions for African Development” လို့ ဖော်ပြတာဟာ ယခုနှစ် အာဖရိကသမဂ္ဂရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ အာဖရိကသမဂ္ဂရဲ့ လမ်းပြမြေပုံမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးတို့အကြား ဆက်နွယ်မှုကို အသိအမှတ်ပြုတဲ့ အဲဒီရှုမြင်ချက်ကို ရယူဘို့ ရေးဆွဲထားပါတယ်။ ဒီအချက်ဟာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ရှုမြင်ချက်ဖြစ်တဲ့ SAGAR (Security and Growth for All in the Region) ခေါ် ဒေသပိုင်းအတွင်းမှ အားလုံးတို့အတွက် ငြိမ်းချမ်းရေးနဲ့ ကြီးပွားမှုစီမံကိန်းနဲ့ ကိုက်ညီနေပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေး စေ့စပ်မှုတွေဟာ အိန္ဒိယ-အာဖရိက ဆက်ဆံရေးရဲ့ တစိတ်တပိုင်းအဖြစ် ဆယ်စုနှစ်ပေါင်းများစွာကတည်းက တည်ရှိနေပါတယ်။ ကိုလိုနီစနစ်မှ လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း အာဖရိကဒေသပိုင်းမှာ အိန္ဒိယနိုင်ငံဟာ Ethiopia နိုင်ငံမှာ စစ်တက္ကသိုလ်နဲ့ Nigeria နိုင်ငံမှာ ရေတပ်မတော်စစ်ကောလိပ်အပြင် Ghana နိုင်ငံမှာ လေတပ်မတော်ကို ဖွဲ့စည်းပေးခဲ့ပြီး၊ အာဖရိကနိုင်ငံတွေမှ စစ်ဖက်ဆိုင်ရာ ဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးခဲ့ခြင်းအား သတိရနိုင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုစစ်ဆင်ရေး (UNPKO) မှာ တက်ကြွစွာ ပါဝင်လုပ်ကိုင်ခြင်းဖြင့် အာဖရိကဒေသပိုင်းအတွင်း ငြိမ်းချမ်းရေးအတွက် ထည့်ဝင်လုပ်ကိုင်လျှက်ရှိပါတယ်။
တိုက်ပွဲတွေဟာ Horn of Africa အနောက်အာဖရိက၊ The Sahel နဲ့ Great Lakes ဒေသပိုင်းရဲ့ တစိတ်တပိုင်းတွေမှာ ဆက်လက်ပြန့်ပွားလျှက်ရှိပါတယ်။ Islamic State of Iraq and Syria (ISIS) နဲ့ Jama’at Nusrat al-Islam wal Muslimeen (JNIM) အပါအဝင် အကြမ်းဖက်အုပ်စု အတော်များများတို့ဟာ ဒီအရပ်ဒေသမှာ  လှုပ်ရှားလျှက်ရှိကြပါတယ်။ ပင်လယ်ဓါးပြ၊ လက်နက်ကိုင်လုယက်မှုနဲ့ တရားမဝင်တိုင်တန်းခြင်းမရှိဘဲ၊ စည်းမျဉ်းနဲ့မကိုက်ညီတဲ့ ငါးဖမ်းမှု၊ လူသားများနဲ့ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရောင်းချမှု၊ စတဲ့ပင်လယ်ရေကြောင်း အန္တရာယ်တွေဟာ အာဖရိကတိုက်ပေါ်မှ အိန္ဒိယသမုဒ္ဒရာဒေသပိုင်းအတွင်း တည်ရှိကြတဲ့ နိုင်ငံတွေအတွက် အချိန်ကာလကြာရှည်ကတည်းက ဒုက္ခပေးလျှက်ရှိနေကြပါတယ်။
အဲဒီဒေသပိုင်းအတွင်းက တိုးများလာနေတဲ့ ပင်လယ်ရေကြောင်း မလုံမခြုံဖြစ်မှုအား ရင်ဆိုင်ဖြေရှင်းဘို့အတွက်၊ အာဖရိကသမဂ္ဂက “2050 Africa’s Integrated Maritime (AIM) Strategy” လို့ ခေါ်တွင်တဲ့ အာဖရိကနိုင်ငံများဆိုင်ရာ ပင်လယ်ရေကြောင်း နည်းဗျူဟာတခုကို ရေးဆွဲချမှတ်ခဲ့ကြပါတယ်။ အဆိုပါမဟာနည်းဗျူဟာက သမရိုးကျ ပင်လယ်ရေကြောင်းအန္တရာယ်တွေ လျော့ကျရေးနဲ့ အာဖရိက ‘Blue’ economy ခေါ် ပင်လယ်သံယံဇာတပစ္စည်းများ ရောင်းဝယ်မှုဖွံ့ဖြိုးရေး တည်တံ့ဘို့အတွက် ဆော်ဩထားဒါမို့ ထူးကဲထင်ရှားလှပါတယ်။
အိန္ဒိယနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာကမ်းခြေတလျှောက်တည်ရှိတဲ့နိုင်ငံတွေနဲ့ အရှိန်အဟုန်မြင့်မားတဲ့ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေး ရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိတို့ရဲ့ရေတပ်ကို ပင်လယ်ဓါးပြဆန့်ကျင်ကင်းလှည့်မှု၊ စောင့်ကြပ်ခြင်းနဲ့ လူသားများနှင့်သက်ဆိုင်မှုနဲ့ ရုတ်တရက်ဘေးအန္တရာယ်သက်သာချောင်ချိစေရေး လုပ်ငန်းတွေအား အိန္ဒိယသမုဒ္ဒရာဒေသပိုင်းတဝှမ်းရှိ အာဖရိကနိုင်ငံတွေရဲ့ တောင်းဆိုမှုကြောင့် စောင့်ရှောက်ကာကွယ်ဘို့ တာဝန်ချထားပါတယ်။ စစ်ဖက်မှ စစ်ဖက်ဆိုင်ရာဆက်ဆံမှုတွေကို တိုးချဲ့လျှက်ရှိနေပြီး၊ အိန္ဒိယနိုင်ငံက အာဖရိကဒေသပိုင်းမှာ တခုတည်းသော လုံခြုံရေး ပေးကမ်းနိုင်တဲ့ နိုင်ငံအဖြစ် ပေါ်ထွန်းလာရေးကို ဒီဒေသပိုင်းက အကြမ်းဖက်ဝါဒနဲ့ ပင်လယ်ဓါးပြတိုက်မှုတို့မှ ဘုံစိတ်ခေါ်ချက်တွေအကြား ကြိုးပမ်းလျှက်ရှိနေပါတယ်။
အဆိုပါ ရည်မှန်းချက်နဲ့အတူ New Delhi အစိုးရဟာ အာဖရိကနိုင်ငံတွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ တိုးများလာစေရေးအပေါ်လည်း အာရုံပြုလျှက်ရှိပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Uttam Kumar Biswas ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”