၂၀၂၀ ပြည့်နှစ် အိန္ဒိယစီးပွားရေးစစ်တမ်း

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ ၂၀၂၀ ပြည့်နှစ် အိန္ဒိယစီးပွားရေးစစ်တမ်းအပေါ် သတင်းစာဆရာ Manohar Manoj ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီအရင်ခံပါရစေ။

သောတရှင်များခင်ဗျား၊ အိန္ဒိယပါလီမန်လွှတ်တော် ၂ ရပ်ရဲ့ ဘဏ္ဍာရေးနှစ် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ပူးတွဲဘတ်ဂျက်အစည်းအဝေးကို နိုင်ငံတော်သမ္မတကြီး Mr Ram Nath Kovind တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်၊ ဘဏ္ဍာရေးဝန်ကြီး Mrs Nirmala Sitharaman က၊ စီးပွားရေးစစ်တမ်းကို လွှတ်တော်၂ ရပ်ပေါင်း အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ ဒီစစ်တမ်းဟာ ဘဏ္ဍာရေးနှစ်တနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှုအမျိုးမျိုးနဲ့ပတ်သက်လို့၎င်း အားနည်းချက်အမျိုးမျိုးနှင့်ပတ်သက်လို့၎င်း၊ အကျယ်ပြန့်ဆုံးရေးဆွဲတဲ့ စာရင်းဇယားများနဲ့ ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များနဲ့ စုစည်းတင်ပြထားတာဖြစ်ပါတယ်။ မကြာသေးခင်လများအတွင်း အိန္ဒိယစီးပွားရေးကြီးထွားမှုနှုန်း ကျဆင်းလာခဲ့တဲ့အခြေအနေမှာ ရေးဆွဲပြုစုတာဖြစ်လို့ ဒီစီးပွားရေးစစ်တမ်းဟာ အရေးကြီးပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံ့စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဘိုး ၅% သာတိုးတက်မယ်လို့ မှန်းဆခဲ့တဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် စီးပွားရေးနာလံထရေးအတွက် ဒီစီးပွားရေးစစ်တမ်းက ကြိုးပမ်းအားထုတ်ပြီး ဆောင်ရွက်ရမဲ့အဆိုပြချက်များ တင်ပြထားပါတယ်။ အိန္ဒိယစီးပွားရေး မကြာခင်ပြန်လည်ဦးမော့လာမယ်လို့ ဒီစီးပွားရေးစစ်တမ်းက ယုံကြည်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ အိန္ဒိယစီးပွားရေး ၆% မှ ၆.၅% နဲ့ ကြီးထွားလိမ့်မယ်လို့ ဟောကိန်းထုတ်ပါတယ်။

၂၀၂၀ ပြည့်နှစ်စီးပွားရေးစစ်တမ်းက၊ ဘဏ္ဍာရေးစုစည်းခိုင်မာရေးမျက်နှာစာမှာ ၃.၃% အောက် အကန့်အသတ်ကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့လို့ အလွန်အောင်မြင်ခဲ့တယ်လို့ သုံးသပ်ပါတယ်။ ငွေကြေးဖေါင်းပွမှုဟာ လက်လီဈေးကွက်မှာ ညွှန်းကိန်း ၄.၁% သာရှိပြီး လက်ကားဈေးကွက်မှာ ညွှန်းကိန်း ၁.၉% ရှိပါတယ်။ ငွေပေးငွေယူရှင်းတမ်းမှာလည်း ကောင်းမွန်တဲ့အနေအထားရှိကြောင်း၊ နိုင်ငံခြားမှ ကုန်စည်တင်သွင်းမှုလျော့ချပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု တိုးပြီးစီးဝင်လာခဲ့ကြောင်း၊ ဒါတင်မက နိုင်ငံခြားကုမ္ပဏီများရဲ့ ရင်းနှီးမြှပ်နှံမှုကော၊ ပင်လယ်ရပ်ခြား အိန္ဒိယနိုင်ငံသား ၁၇ သန်းခွဲတို့ရဲ့ တိုင်းပြည်သို့ ပို့သောငွေပါ သိသိသာသာတိုးတက်လာခဲ့ခြင်း ဆိုတဲ့အချက်တွေကြောင့် ငွေပေးငွေယူ ရှင်းတမ်းမှာ အခြေအနေကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရပ်ခြားအိန္ဒိယနိုင်ငံသားများ ဒီနှစ်ပထမနှစ်ဖက်အတွင်း အမေရိကန်ဒေါ်လာ ၃၈.၄ ဘီလီယံအထိ တိုင်းပြည်သို့ ပို့ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားအရံငွေအခြေအနေဟာလည်း ခိုင်မာကြောင်း အဲဒီစီးပွားရေးစစ်တမ်းက ဖေါ်ပြပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က အိန္ဒိယရဲ့ နိုင်ငံခြားအရံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၆၁.၂ ဘီလီယံနဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ အိန္ဒိယရဲ့ စာရင်းရှင်လိုငွေပြမှုဟာ ၂% မှ ၁.၅% သို့ကျဆင်းခဲ့ပြီး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုဟာလည်း လက်ရှိဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၈ လအတွင်း ၂၄.၄ ဘီလီယံဒေါ်လာနဲ့ စံချိန်သစ် တင်ခဲ့ပါတယ်။

သောရှင်များခင်ဗျား၊ ဒီစီးပွားရေးစစ်တမ်းက အိန္ဒိယစီးပွားရေးမှာ ပေါ်ပေါက်ခဲ့တဲ့ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှု ၂ ရပ်ကို မှတ်တမ်းတင်ထားပါတယ်။ ပထမဖြစ်ပေါ်တိုးတက်မှုကတော့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အလုပ်အကိုင်ဖန်တီးရေးကဏ္ဍတခုလုံးမှာ ပုံမှန်အလုပ်လုပ်သူများရဲ့ ပါဝင်မှုဟာ ၁၇.၆% မှ ၂၂.၅% အထိ တိုးပွားလာခဲ့ပြီး၊ ဒီလိုတိုးတက်လာခြင်းဟာ အလုပ်သမားကဏ္ဍတရပ်လုံး ပုံမှန်အလုပ် ရာနှုန်းပြည့်ဖြစ်လာရေးကို အထောက်အကူပြုပါတယ်။ ဒုတိယဖြစ်ပေါ်တိုးတက်မှုကဘာလဲဆိုရင် အိန္ဒိယနိုင်ငံရဲ့ စတော့ရှယ်ယာဈေးကွက်မှာ၊ စီးပွားရေးလုပ်ငန်းကုမ္ပဏီသစ်များအတွက် စင်မြင့်တခုအဖြစ် တနေ့တခြားပိုပြီး ရုပ်လုံးပေါ်လာတာဘဲဖြစ်ပါတယ်။ စတော့ရှယ်ယာဈေးကွက်မှာ၊ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီစုစုပေါင်းရဲ့ သုံးပုံတပုံဟာ၊ ၅ နှစ်တကြိမ် ဖယ်ရှားတာခံရလေ့ရှိပါတယ်။ အဲဒီကုမ္ပဏီမျိုးရဲကနေရာမှာ၊ ကုမ္ပဏီသစ်များ၊ သစ်ဆန်းတတ်ကျွမ်းမှုနည်းပညာများနဲ့ ကုန်စည်အမျိုးအစားသစ်များ ထုတ်လုပ်တဲ့ကုမ္ပဏီများက သူတို့နေရာ ဝင်ယူကြပါတယ်။ ဒီလိုဖြစ်ပေါ်တိုးတက်မှုဟာ၊ စီးပွားရေးလွတ်လပ်ခွင့်ပေးပြီးတဲ့နောက် စတော့ရှယ်ယာဈေးကွက် အပြုသဘောနဲ့ ဖန်တီးမှုရှိရှိ ပြုလုပ်တဲ့ ဖျက်ဆီးမှုဖြစ်တယ်လို့ စီးပွားရေးစစ်တမ်းက တင်စားဖေါ်ပြပါတယ်။

တိုင်းပြည်မှာ စီးပွားရေးလုပ်ငန်းရှင်သစ်အမြောက်အများပေါက်ပွားလာနေတာကိုလည်း စီးပွားရေးစစ်တမ်းက မှတ်တမ်းတင်ပါတယ်။ ကမ္ဘာ့ဘဏ်က၊ စီးပွားရေးလုပ်ငန်း ကုမ္ပဏီသစ်တွေပေါက်ပွားတဲ့နေရာမှာ အိန္ဒိယနိုင်ငံက တတိယအဆင့်မှာရှိကြောင်း ဖေါ်ပြပါတယ်။ ၂၀၁၈ ခုနှစ် တနှစ်ထဲမှာဘဲ စီးပွားရေးလုပ်ငန်းကုမ္ပဏီသစ်စုစုပေါင်း ၁၂၄၀၀၀ လောက် ပေါက်ဖွားခဲ့ပါတယ်။ ဒါကို ၂၀၁၄ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းကုမ္ပဏီသစ်စုစုပေါင်း ၇၀,၀၀၀ လောက် ပေါက်ဖွားခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းသစ် ပေါက်ပွားမှုနှုန်း ၃.၈% တိုးတက်ခဲ့ပြီး၊ ၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ဒီတိုးတက်မှုနှုန်းဟာ ၁၂.၂% ရှိခဲ့ပါတယ်။ ၂၀၂၀ စီးပွားရေးစစ်တမ်းက၊ ကမ္ဘာကြီးအတွက် အိန္ဒိယနိုင်ငံမှတပ်ဆင်ထုတ်လုပ်ကြရေးကို နှိုးဆော်ပါတယ်။ ဒါက၊ အိန္ဒိယရဲ့ နိုင်ငံခြားသို့ကုန်စည်တင်ပို့ရေးကို တိုးပွားစေဖို့ ရည်ရွယ်ပါတယ်။ အိန္ဒိယရဲ့ကုန်စည်တင်ပို့နိုင်မှု ၂၀၂၅ ခုနှစ်ကျရင်၊ ကမ္ဘာ့ကုန်စည်တင်ပို့မှုစုစုပေါင်းရဲ့ ၃.၅% နောက် ၂၀၃၀ ခုနှစ်ကျရင် ၆% အထိ တိုးတက်နိုင်စွမ်းရှိပါတယ်။ စီးပွားရေးစစ်တမ်းက ကွန်ယက်ပစ္စည်းထုတ်လုပ်မှု၊ အထူးပြုထုတ်လုပ်မှုနဲ့ ထုတ်လုပ်မှုပမာဏချဲ့ထွင်ရေးတို့အပေါ် အာရုံစိုက်ပါတယ်။ ရည်ရွယ်ချက်က၊ အဓိကကုန်စည်တင်ပို့တဲ့နိုင်ငံတနိုင်ငံအဖြစ် ရုပ်လုံးပေါ်လာဘို့ဘဲဖြစ်ပါတယ်။

Narendra Modi အစိုးရဟာ၊ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတန်ဘိုးစုစုပေါင်း လာမဲ့ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ ထရီလီယံရှိသည်အထိ ကြီးထွားတိုးတက်လာရေးကို ဇောက်ချဆောင်ရွက်နေပါတယ်။ ဒါနဲ့ကိုက်ညီစွာ၊ စီးပွားရေးစစ်တမ်းကလည်း တိုင်းပြည်မှာ စီးပွားကုန်သွယ်ရေးတွန်းကန်စေမဲ့ရေခံမြေခံ အသစ်စက်စက်တခု ဖန်တီးနိုင်ဖို့အတွက် လုပ်ငန်းစဉ်သစ်တရပ်ကို အဆိုပြုပါတယ်။ အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရ အလွယ်ဆုံးနိုင်ငံများစာရင်းမှာ ၂၀၁၄ ခုနှစ်က ၁၄၂ နေရာမှာရှိခဲ့ပြီး၊ အခု ၆၃ နေရာကို ရတဲ့အထိ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဒီအားသာချက်ကို အခုအိန္ဒိယ အသုံးချနိုင်ပါပြီ။ အဲဒါကြောင့် ၂၀၂၀ ပြည့်နှစ် အိန္ဒိယစီးပွားရေးစစ်တမ်းက၊ ဈေးကွက်များကိုအားပေးပြီး၊ စီးပွားကုန်သွယ်ရေးကို မြှင့်တင်မဲ့ မူဝါဒများချမှတ်ကာ၊ အိန္ဒိယစီးပွားရေးအပေါ် ယုံကြည်အားထားမှုကို ခိုင်မာစေရေးတို့ကို ရှေးရှုးတာဖြစ်ကြောင်း ဆောင်းပါးရှင် သတင်းစာဆရာ Manohar Manoj ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”