Ashraf Ghani ၊ အာဖရန်နစ္စတန် သမ္မတရွေးကောက်ပွဲအနိုင်ရခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ Ashraf Ghani ၊ အာဖရန်နစ္စတန် သမ္မတရွေးကောက်ပွဲအနိုင်ရခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ တောင်အာရှမဟာဗျူဟာ သုတေသီ ဒေါက်တာ Smruti S Pattanaik ရေးသားပေးပို့တဲ့ ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။

သောတရှင်များခင်ဗျား၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံ့သမ္မတ ရွေးကောက်ပွဲနဲ့ရလဒ်ကို နောက် ၅ လ အကြာ၊ ဒီနှစ်ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကျမှ ထုတ်ပြန်လိုက်ပါတယ်။ အာဖဂန်သမ္မတရွေးကောက်ပွဲဟာ သမ္မတလောင်းတွေ ခါးသီးစွာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွေးကောက်ပွဲတခုဖြစ်ပါတယ်။ အခုလက်ရှိသမ္မတ Ashraf Ghani ဒီရွေးကောက်ပွဲမှာလဲ ဆက်ပြီးအနိုင်ရကြောင်း ကြေငြာပါတယ်။

ဒါပေမဲ့ သူ့ရဲ့အဓိကပြိုင်ဖက်ဖြစ်တဲ့ ဒေါက်တာ Abdullah Abdullah ကတော့၊ ဒီရွေးကောပွဲရလဒ် ထုတ်ပြန်ချက်ကို လက်ခံဘို့ ငြင်းပယ်ပါတယ်။ သူက ရွေးကောက်ပွဲကော်မရှင်ကို ကလိန်ကျတယ်လို့ စွပ်စွဲပါတယ်။ သူကဘဲ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမယ်လို့ ကြေညာပါတယ်။ အဲဒီသမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒထည့်ဝင်သူဦးရေ နည်းပါတယ်။ မဲတွေရေတွက်တော့ အစောပိုင်းမှာ၊ Mr Ghani ကဘဲ ဦးဆောင်နေတာကို ပြခဲ့ပါတယ်။ မဲဆန္ဒထည့်ဝင်သူ မဲဆန္ဒရှင်ရာခိုင်နှုန်းအပေါ် Mr Ghani ရဲ့ ပြိုင်ဖက်တွေက လက်မခံကြတာကြောင့် မဲအရေအတွက် စုစုပေါင်းရဲ့ ၁၅% ကို ပြန်ပြီး စစ်ကြည့်ခဲ့ရပါတယ်။ Mr Ghani ဟာ ထောက်ခံမဲ ၅၀.၆၄% နဲ့ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ နှာတဖျားအသာနဲ့ သမ္မတရွေးကောက်ပွဲ အနိုင်ရတာဖြစ်ပါတယ်။

အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးရလဒ်ကြေငြာလိုက်ပြီးတဲ့နောက် အိန္ဒိယက Mr Ghani ကို သမ္မတရွေးကောက်ပွဲ ထပ်မံအနိုင်ရလို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ကြေငြာပါတယ်။ အာဖဂန်နစ္စတန်ပြည်သူတို့ရဲ့ ဒီမိုကရေစီစနစ်လိုလားတောင့်တမှုကို ထောက်ခံကြောင်း အိန္ဒိယက ထပ်လောင်းအတည်ပြုပါတယ်။ အိန္ဒိယအနေနဲ့ တက်လာမဲ့ အာဖဂန်အစိုးရသစ်နဲ့ လက်တွဲပြီး၊ ပြည်ပမှ ပျိုးထောင်အားပေးမှုရရှိသော အကြမ်းဖက်ဝါဒအန္တရာယ်ကို အတူတကွ လက်တွဲကာ ရင်ဆိုင်ခြေမှုန်းရေး နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆက်လက်ခိုင်မာစေမဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့ Afghanistan မှာ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်အကျိုးရှိသော၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို Afghan တို့ကိုယ်တိုင်ဦးဆောင်တည်ဆောက်ပြီး၊ Afghan တို့ကိုယ်တိုင် ပိုင်ဆိုင်သော Afghan တို့ကိုယ်တိုင် ထိန်းချုပ်တာကို လိုလားကြောင်း ထပ်လောင်းအတည်ပြုပါတယ်။

Afghanistan မှာ သမ္မတရွေးကောက်ပွဲရလဒ်အပေါ် အပြင်းပွားတာ ပထမအကြိမ် မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတုံးကလည်း၊ Mr Ghani နဲ့ Mr Abdullah တို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေကို တခါပြန်ပြီး ရေတွက်ခဲ့ကြရရုံသာမကဘဲ၊ သမ္မတလောင်း ၂ ဦး အငြင်းပွားခဲ့ကြပြီး၊ ထုတ်ပြန်တဲ့ရွေးကောက်ပွဲရလဒ်ကိုလည်း ဘယ်သူကမှ လက်ခံဘို့ အဆင်သင့်မဖြစ်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဒီအငြင်းပွားမှုကို သူတို့နှစ်ယောက် အာဏာခွဲဝေတဲ့ ဖေါ်နည်းကကားနဲ့ ဖြေရှင်းခဲ့ကြပါတယ်။ အဲဒီဖေါ်နည်းကားအရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမပါတဲ့ အမှုတောင်အရာရှိချုပ်ဆိုတဲ့ ရာထူးကို ဖန်တီးကာ ဒေါတ်တာ Abdullah ကို အပ်နှင်းခဲ့ရပါတယ်။ ဒီလိုရာထူးသိမ်းဖို့ ဖန်တီးတာကို ပါလီမန်ရဲ့ ထောက်ခံအတည်ပြုချက် ရယူခဲ့ရပါတယ်။

အဲဒီသမ္မတသက်တမ်းကုန်ဆုံးပြီး ရွေးကောက်ပွဲကို ၄ နှစ် ရွှေ့ဆိုင်းခဲ့ရပြီး၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလကျမှ ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီတုံးက၊ နှစ်ဖက်သဘောတူဆုံးဖြတ်ခဲ့သော အမျိုးသားညီညွှတ်ရေးအစိုးရလုပ်ငန်းစဉ်အရ၊ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲဘို့အတွက် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး အထူးကော်မရှင်တရပ် ဖွဲ့စည်းရမှာကို မပြုလုပ်နိုင်ခဲ့ပါဘူး။ အဲဒီလိုအကောင်အထည်ဖော်ဘို့ ပျက်ကွက်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းတရားကတော့၊ Mr Ghani ရဲ့ အုပ်စုနဲ့ Mr Abdullah ခေါင်းဆောင် ဦးဆောင်တဲ့အုပ်စုအကြား သဘောထားကွဲလွှဲမှုကြောင့် အစိုးရအဖွဲ့အတွင်း နှစ်ခြမ်းကွဲနေခဲ့ပြီး၊ အစိုးရလုပ်ငန်းဆောင်တာတွေ သွက်ချာပါဒကိုင်နေခဲ့လို့ဘဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တာကာလတခုလုံး၊ ဒီခေါင်းဆောင်နှစ်ဦးရဲ့ သဘောထားကွဲလွှဲမှုကြောင့် Afghanistan ညီညွှတ်ရေး အစိုးရလုံးဝကို အစိတ်စိတ်အမွှာမွှာ ကွဲနေခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် ဒီခေါင်းဆောင်နှစ်ဦးဟာ၊ ဗျူရိုကရေစီယန္တရားမှာ၊ မိမိတို့အသီးသီးအပေါ် သစ္စာရှိသူတွေတနည်းအားဖြင့် မိမိတို့အသီးသီးရဲ့ လူမျိုးစုဝင်တွေကိုသာ ခန့်ထားခဲ့ကြပါတယ်။ ဒီလိုလုပ်တဲ့အတွက် အခြားသောလူမျိုးစုငယ်တွေ မကျေမနပ်ဖြစ်ကြရပါတယ်။ ဒီလိုနှစ်ဖက် ခါးသီးစွာ အာဏာပြိုင်မှုကြောင့် အစိုးရလုပ်ငန်းဆောင်တာတွေ အားနည်းချွတ်ယွင်း ခဲ့ရပါတယ်။ အစိုးရအာဏာစက် မသက်ရောက်တဲ့ ဟာကွက်တွေမှာ တာလီဘန်နဲ့ အခြားအစိုးရဆန့်ကျင်ရေးအုပ်စုတွေကို ထောက်ခံကြသူတွေ ဝင်ရောက်နေရာယူခဲ့ကြပါတယ်။

သောတရှင်များခင်ဗျား၊ Trump အစိုးရနဲ့ တာလီဘန်အကြား ငြိမ်းချမ်းရေးအတွက် အပေးအယူပြုလုပ်ဖို့ ပြင်ဆင်နေကြတဲ့အချိန်မှာ ဒီနောက်ဆုံးအာဖဂန်နစ္စတန်သမ္မတ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီလို Trump အစိုးရနဲ့ တာလီဘန်အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရနိုင် မရနိုင် စမ်းသပ်ဖို့ ပထမအဆင့်အနေနဲ့ ၂ ဖက်အကြား အကြမ်းဖက်မှု (၇) ရက် လျှော့ချရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ရရင်၊ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့တွေ ကာလအပိုင်းအခြားအလိုက် တသုတ်ပြီးတသုတ် ရုပ်သိမ်းနိုင်မှာဖြစ်ပါတယ်။ သို့ပင်ဖြစ်လင့်ကစား၊ အဲဒီငြိမ်းချမ်းရေး သဘောတူညီချက်ကို တာလီဘန်က အာဖဂန်နစ္စတန်အစိုးရအကြား စေ့စပ်ဆွေးနွေးပွဲ စတင်ပြုလုပ်တော့မှသာလျှင်၊ မှတ်ကျောက်တင်နိုင်မှာ ဖြစ်ပါတယ်။ အခုအထိတော့ တာလီဘန်က အာဖဂန်နစ္စတန်အစိုးရနဲ့ စေ့စပ်ဆွေးနွေးရေးကို ငြင်းပယ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း၊ တာလီဘန်နဲ့ အာဖဂန်အစိုးရ ကိုယ်စားလှယ်တွေအကြား၊ အလွတ်သဘော ဆွေးနွေးမှုတွေတော့ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ တာလီဘန်က၊ အာဖဂန်အစိုးရ ကိုယ်စားလှယ်ဆိုသူတွေဟာ၊ တဦးချင်းကိုယ်ပိုင်ဆန္ဒအရ ဆွေးနွေးပွဲ တက်တာပါလို့ ပြောပါတယ်။ တာလီဘန်တို့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုလားတာဟာ၊ အမှန်မတော့၊ အတွင်းဝင်ပြီး ပူးသတ်မဲ့ မဟာဗျူဟာအရသာဖြစ်ကြောင်း သမ္မတ Ghani က မှတ်ချက်ချပါတယ်။ ဒါပေမဲ့ Mr Ghani က ငြိမ်းချမ်းရေးလိုအပ်ပါတယ်လို့ ပြောပါတယ်။

တာလီဘန်တို့ဟာ အခုအထိ အာဖဂန်နစ္စတန်အစိုးရကို တရားဝင်အစိုးရအဖြစ် လက်သင့်မခံကြသေးပါဘူး။ အခုရွေးကောက်ပွဲလုပ်ငန်းစဉ်တခုလုံးအပေါ် ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုကြောင့်၊ Ghani အစိုးရ တရားဝင်မဝင် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တခုလုံးအပေါ်၎င်း၊ Afghanistan မှာ အနောက်အုပ်စုတည်ထောင်ပေးတဲ့ ဒီမိုကရေစီစနစ်အပေါ်၎င်း၊ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ အနောက်တိုင်းပုံစံဒီမိုကရေစီစနစ်ကို တာလီဘန်တို့ အစကတည်းက ဆန့်ကျင်ခဲ့တာပါ။ ငြိမ်းချမ်းရေးသဘောတူညီချက် ထွက်ပေါ်လာတော့မဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ သမ္မတရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ပါတယ်။ အချုပ်အားဖြင့် တာဘီဘန်က အမေရိကန်တို့ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေး ဖေါ်နည်းကားကို လက်ခံလာတဲ့အချိန်မှာ သမ္မတ Ghani ရဲ့ ပြိုင်ဖက် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကန့်ကွက်နေတာကြောင့် Afghanistan မှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်ပေါ်လာနိုင်ကြောင်း ဆောင်းပါးရှင် ဒေါက်တာ Smruti S Pattanaik ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”