“အီရန်နိုင်ငံရဲ့ JCPOA မှ နှုတ်ထွက်ခြင်းနဲ့ ၎င်းရဲ့ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုများ”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “အီရန်နိုင်ငံရဲ့ JCPOA မှ နှုတ်ထွက်ခြင်းနဲ့ ၎င်းရဲ့ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံ တင်ပြပါရစေ။
အီရန်နိုင်ငံ ဗိုလ်ချုပ်ကြီး Qasem Soleimani ကို အမေရိကန်ပြည်ထောင်စုက သတ်ဖြတ်ခဲ့ခြင်းနဲ့ အခင်းဖြစ်ပွားမှုများစွာပေါ်ပေါက်ပြီးတဲ့နောက် လက်ရှိအခြေအနေဟာဆိုရင် အီရန်နိုင်ငံက အကယ်၍သာ ဥရောပသမဂ္ဂက အီရန်အနုမြူအရေးကိစ္စတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းမယ်ဆိုရင် အခုမြူမပြန့်ပွားရေးစာချုပ် NPT မှ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ ဒီအချက်ဟာ တခြားသူအာလုံးတို့အပေါ် လွှမ်းမိုးခဲ့တဲ့ ဗိုလ်ချုပ်ကြီး Soleimani ကို သတ်ဖြတ်ပြီးတဲ့နောက်ပိုင်း အဓိကအကျိုးသက်ရောက်စေမှုတခုဖြစ်ပြီး၊ ဒီလိုပြုလုပ်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာအနုမြူမပြန့်ပွားရေးအစီအစဉ်တွေနဲ့ ဒေသပိုင်းအတွက် အလွန်ပင် အန္တရာယ်ဖြစ်စေနိုင်တဲ့ အနေအထားကို ကျရောက်စေနိုင်ပါတယ်။ အဆိုပါ NPT မှ နှုတ်ထွက်မယ်ဆိုတဲ့ ခြိမ်ချောက်မှုဟာ အီရန်နိုင်ငံက The Joint Comprehensive Plan of Action (JCPOA) အား ဆက်လက်လိုက်နာခြင်းမပြုဘို့ ဆုံးဖြတ်ချက်ချလိုက်ကြောင်း သတင်းတွေနဲ့ကပ်ပြီး ပေါ်ထွက်လာပါတယ်။
အီရန်နိုင်ငံနဲ့ NPT မှ နှုတ်ထွက်ဘို့တင်ပြလိုက်ခြင်းဟာ Dispute Resolution Mechanism (DRM) က ဥရောပသုံးနိုင်ငံဖြစ်ကြတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတို့ဟာ အနုမြူသဘောတူစာချုပ်ပါ စာပိုဒ်တခုကို ထင်ရှားစွာအဓိပ္ပါယ်ဖေါ် ထိုးနှက်ခဲ့ခြင်းအတွက် တုန့်ပြန်မှုတခုဖြစ်ပါတယ်။ အမှန်တရားတခုကတော့ အမေရိကန်ပြည်ထောင်စုဟာ အစဉ်အမြဲ ဥရောပနိုင်ငံတွေကို ဒီလမ်းကြောင်းကိုလိုက်နာဘို့ ဖိအားပေးလျှက်ရှိခဲ့ပြီး၊ ယခုလိုဖိအားတွေ ဆက်လက်တည်ရှိနေခြင်းက အီရန်နိုင်ငံကို အမှန်တကယ်ဘဲ JCPOA မှ နှုတ်ထွက်ဘို့ ဖန်တီးနိုင်ပါတယ်။
အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား လက်ရှိပြိုင်ဆိုင်မှုအား လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလ (၈) ရက်နေ့မှာ အမေရိကန်သမ္မတ Mr Donald Trump ဟာ အီရန်နိုင်ငံက IAEA ခေါ် နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီရဲ့ စည်းမျဉ်းဥပဒေပြဋ္ဌာန်းချက်တွေကို လိုက်နာဆောင်ရွက်နေသည့်တိုင် တဖက်သတ်နှုတ်ထွက်သွားခဲ့ခြင်းရဲ့ ရလဒ်အဖြစ် မြင်တွေ့နိုင်ပါတယ်။ အမှန်တကယ်တော့ အီရန်နိုင်ငံဟာ ဥရောပနိုင်ငံတွေက ဒီအခြေအနေအတွက် ဖြေရှင်းချက်တခုကို ရယူနိုင်ကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမေရိကန်ပြည်ထောင်စုက နှုတ်ထွက်သွားပြီးနောက် အချိန်တနှစ်ကျော်စောင့်မျှော်နေခဲ့ပါတယ်။ ဒီလိုမဖြစ်လာဒါကြောင့် နောက်ဆုံးမှာ အီရန်နိုင်ငံက JCPOA မှ နှုတ်ထွက်ဘို့ ဆုံးဖြတ်ခဲ့ရဒါဖြစ်ပါတယ်။
JCPOA ရဲ့အဓိကရည်ရွယ်ချက်က အီရန်နိုင်ငံရဲ့ Uranium သန့်စင်ရေးအရှိန်ကို ထိန်းချုပ်ဘို့ဖြစ်ပြီး၊ အီရန်နိုင်ငံရဲ့ နှုတ်ထွက်ခြင်းက Uranium ဓါတ်သတ္တုထုတ်လုပ်သန့်စင်ရေးကို ပိုမိုအရှိန်မြင့်တင်ဘို့ အခွင့်လမ်းရရှိစေမယ်ဖြစ်ပါတယ်။ JCPOA ရဲ့ တခြားအရေးပါတဲ့အချက်တချက်ကတော့ အီရန်နိုင်ငံရဲ့ အနုမြူအစီအစဉ်ကို ပွင့်လင်းမြင်သာမှုရှိစေရေးဘဲဖြစ်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Mr Mohammad Javad Zarif ဟာ လွန်ခဲ့တဲ့အပါတ်အတွင်း အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ပါတယ်။ Mr Zarif ဟာ အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi နဲ့ နိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ပင်လယ်ကွေ့ဒေသပိုင်းမှာ ငြိမ်းချမ်းမှုတည်ရှိစေလိုသော စိတ်ရင်းဆန္ဒကို ဖေါ်ပြခဲ့ပါတယ်။
အီရန်သမ္မတရုံးဥက္ကဌ Mr Mahmoud Vaezi ရဲ့ မကြာသေးမှီက ထုတ်ပြန်ချက်မှာ အီရန်နဲ့ Saudi Arabia နိုင်ငံတို့ အတူတကွလုပ်ကိုင်ကြမယ်လို့ ဖေါ်ပြထားဒါက အားရစရာဖြစ်ပါတယ်။ ပါရှန်ပင်လယ်ကွေ့မှ နိုင်ငံတွေဟာ ဒေသပိုင်းအတွင်းလုံခြုံရေးကို ပြန်လည်တည်ရှိစေပြီး၊ ထိန်းသိမ်းစောင့်ရှောက်ဘို့ရာ အတူတကွလုပ်ကိုင်သင့်ပါတယ်။ ဒီအချက်ဟာ ဒေသပိုင်းဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ တည်တံ့ခိုင်မြဲရေးအတွက် အလွန့်အလွန်အရေးပါလှပြီး၊ ဖြစ်နိုင်တဲ့ အနုမြူပြန့်ပွားစေမှုတွေကို ရှောင်လွှဲစေနိုင်ပါတယ်။ အဆိုပါဒေသပိုင်းဆိုင်ရာ နှစ်နိုင်ငံတို့အနေနဲ့ သူတို့ရဲ့ အပြန်အလှန်သဘောထားကွဲလွှဲမှုတွေကို သံတမန်နည်းလမ်းအရ ဖြေရှင်းသင့်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။
Comments
Post a Comment