ပါကစ္စတန်နိုင်ငံမှာ နောက်ထပ်ပြောင်းလဲစရာတွေရှိနေသေးခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်နိုင်ငံမှာ နောက်ထပ်ပြောင်းလဲစရာတွေရှိနေသေးခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ကာကွယ်ရေးနှင့်မဟာဗျူဟာ ခွဲခြမ်းစိတ်ဖြာလေ့လာရေးအဖွဲ့ တောင်အာရှရေးရာ ဗဟိုဌာနမှ ဝါရင့်သုတေသီ ဒေါက်တာ Ashok Behuria ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။

သောတရှင်များခင်ဗျား၊ ပါကစ္စတန်နိုင်ငံမှာ မကြာသေးခင်ကထုတ်ဝေခဲ့တဲ့ Daily Jang သတင်းစာရဲ့ ဆောင်းပါးတစောင်မှာ၊ ဝါရင့်သတင်းစာဆရာကြီး Saleem Safi က၊ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ စိတ်ပျက်ဝမ်းနည်းဖွယ်အခြေအနေအပေါ် သုံးသပ်ပြီး၊ ပါကစ္စတန်နိုင်ငံမှာ သဟဇာတဖြစ်တဲ့ လူမှုစနစ်သစ်တရပ်ကို မဖြစ်မနေဖန်တီးဘို့ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း အသားပေးတိုက်တွန်းထား တာတွေ့ရပါတယ်။

မျက်မှောက်ခေတ် ပါကစ္စတန်နိုင်ငံမှာ၊ အခြေအနေဘယ်လောက်ယိုယွင်းလာခဲ့ပြီးလဲဆိုရင်၊ တိုင်းပြည်ရဲ့ အမျိုးမျိုးသော မဏ္ဍိုင်အဖွဲ့အစည်းတွေ တဖွဲ့နဲ့တဖွဲ့ ထိုးနှက်တိုက်ခိုက်နေကြတာ၊ အတောမသတ်နိုင်အောင် ဖြစ်နေပါတယ်။ တဖွဲ့က တဖွဲ့ကို အပြတ်ရှင်းလိုကြပါတယ်။ တဖွဲ့က နစ်နာဆုံးရှုံးတာကိုကြည့်ပြီး၊ အခြားတဖွဲ့ ဝမ်းသာကျေနပ်ပါတယ်။ ဒီလိုအခြေအနေမှာ ပါကစ္စတန်နိုင်ငံအနေနဲ့ အမှန်တရားဖေါ်ထုတ်ရေးနဲ့ ရင်ကြားစေ့ရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး၊ အတိတ်ကဖြစ်ခဲ့တဲ့အမှားတွေကို ဖေါ်ထုတ်သုံးသပ်ကာ၊ အနာဂါတ်နိုင်င့ရေးအတွက် ပုံစံသစ်တခုကို ရုပ်လုံးဖေါ်ဘို့လိုအပ်တယ်လို့ ပါကစ္စတန်ဝါရင့်သတင်းစာဆရာကြီး Saleem Safi က ရေးပါတယ်။

အဲဒီသတင်းစာဆရာကြီးရဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ခံစားချက် ပါကစ္စတန်နိုင်ငံမှာ ကူးစက်ပျံ့ပွားနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပါကစ္စတန်နိုင်ငံမှာ အကြပ်အတည်းပေါင်းစုံနဲ့ တပြိုင်နက် ရင်ဆိုင်နေရလို့ပါဘဲ။ နိုင်ငံရေးနယ်ပယ်မှာဆိုရင် တပါတီနဲ့တပါတီ၊ အညှိးတကြီးနဲ့ အပြစ်ရှာတိုက်ခိုက်နေကြပါတယ်။ အတိုက်အခံနိုင်ငံရေးပါတီအများစုဟာ၊ သူတို့အာဏာရစဉ်တုံးက၊ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အဂတိလိုက်စားမှုတွေ၊ လက်သင့်ရာစားတော်ခေါ်မှုတွေအတွက် ကိုယ့်ကိုကိုယ်ခုခံကာကွယ်နေကြရတာနဲ့ အလုပ်များနေကြပါတယ်။

အာဏာပိုင်ဆိုင်ခဲ့ကြသူတွေရဲ့ အဂတိလိုက်စားမှုတွေကို စုံးစမ်းဖေါ်ထုတ်ဖို့ NAB နိုင်ငံတော် တာဝန်ယူမှုတာဝန်ခံမှုဗျူရိုဆိုတာကို ဖွဲ့စည်းထားတာတွေ့ရှိပါတယ်။ အခုလက်ရှိအစိုးရက ဒီအဖွဲ့ကို အသုံးချပြီး၊ အတိုက်အခံပါတီတွေကို သိက္ခာချနေပါတယ်။ အဲဒီနိုင်ငံတော်တာဝန်ယူမှု တာဝန်ခံမှု ဗျူရိုရဲ့လုပ်ရပ်တွေကိုကြည့်ပြီး၊ အတိုက်အခံပါတီတွေ အာဏာရစဉ်တုံးက၊ ထင်ရားစိုင်းပြီး၊ လုပ်ချင်သလိုလုပ်ခဲ့တယ်လို့ အများပြည်သူတို့ ယူဆစရာ ရှိလာပါတယ်။ တကယ်တော့ အခုအာဏာရထားတဲ့ Imran Khan အစိုးရဟာ၊ ကိုယ့်ကိုကို၊ ရုံးမထွက်နိုင်အောင် ကျော့ကွင်းထဲ ပတ်နေပါတယ်။ နိုင်ငံရေးအာဂါတနဲ့ ပြဿနာမဟုတ်တဲ့ ကိစ္စတွေအပေါ်အာရုံစိုက်ပြီး၊ ကြွေးကြော်သံတွေနဲ့ ကြုံးဝါးနေပေမဲ့ တကယ့်လုပ်ရမဲ့လုပ်ဆောင်ချက်တွေကတော့ အားနည်းနေပါသေးတယ်။ သူ့အစိုးရရဲ့လုပ်ရပ်တွေကြောင့် ပါကစ္စတန်နိုင်ငံရဲ့ ဒီမိုကရေစီဟာ၊ လူရီစရာဖြစ်နေရပါပြီ။ လွှတ်တော်မှာ အများစုရဲ့ထောက်ခံမှုမရှိဘဲနဲ့ ဖွဲ့စည်းထားတဲ့ Imran Khan အစိုးရဟာ၊ မိမိရဲ့ရပ်တည်ချက်အတွက်၊ နိုင်ငံ့အထဲက အတွင်းပိုင်းနိုင်ငံရဲ့ ထောက်ကူထားမှုကို အားကိုးနေရတာကို ပြနေပါတယ်။

ဒီမိုကရေစီနည်းကျ နိုင်ငံရေးလုပ်ငန်းကင်းမဲ့နေတဲ့ အဲဒီ့နိုင်ငံမှာ၊ အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းတခုက၊ ဘက်ပေါင်းစုံး ကျရှုံးနေတဲ့ လက်ရှိအစိုးရကို နောက်က ကျောထောက်နောက်ခံပြုထားချိန်မှာ၊ အဲဒီလိုအစိုးရကို တကယ်တန်းအတိုက်အခံလုပ်နေတာဟာ၊ အတိုက်အခံပါတီတွေမဟုတ်ပါဘူး။ ဒီတာဝန်ကို တခြားမဏ္ဍိုင်အဖွဲ့အစည်းတွေကဝင်ပြီး ထမ်းဆောင်နေပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဩဇာအာဏာရဖို့အတွက် မဏ္ဍိုင်အဖွဲ့အစည်းတခုနဲတခု အပြိုင်ကျဲနေကြတဲ့အဖြစ်က၊ တိုင်းပြည်ရဲ့နိုင်ငံရေးစင်မြင့်မှာ ဗဟိုကျတဲ့နေရာကို ယူထားပါတယ်။ ဒါကို သက်သေပြတဲ့ဖြစ်ရပ်တွေကို ပြရမယ်ဆိုရင်၊ ပါကစ္စတန်ရဲ့ အငြိမ်းစားယူဘို့ အသက်ပြည့်တဲ့ လက်ရှိကြည်းတပ်မတော်ဦးစီးချုပ်ကို ရာထူးပြန်လည်ခန့်ထားရေးအပေါ်၊ နိုင်ဝင်ဘာလမှာ အထူးတရားရုံးက မေးခွန်းထုတ်ခဲ့တာ၊ နောက်ပြီး၊ ပါကစ္စတန်စစ်အာဏာရှင်ဟောင်း Musharrafအပေါ် အထူးတရားရုံးက သေဒဏ်ချမှတ်ခဲ့တာတွေကို ပြရမှာဖြစ်ပါတယ်။

ပုံမှန်အခြေအနေမှာသာဆိုရင်၊ ဒီလိုစီရင်ချက်ချတာမျိုးကို ရှောင်ကြဉ်နိုင်စရာရှိနိုင်ပါတယ်။ သို့သော် အခုတော့၊ တရားရုံးတော်က စိန်ခေါ်သံပေးလိုက်ပါပြီ။ အခု Imran Khan အစိုးရအနေနဲ့ ဒီစိန်ခေါ်ချက်ကို ကိုင်တွယ်ဖြေရှင်းပြီး၊ Deep State, နက်ရှိုင်းသောအတွင်းပိုင်းအစိုးရဆိုပြီး၊ မီဒီယာတွေက ကင်ပွန်းတပ်ထားတဲ့ အင်အားစုကြီးရဲ့ ဂုဏ်သိက္ခာကိုဆည်ဘို့ အခြေအနေက တွန်းပို့နေပါပြီ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တခုကိုပြောရရင်၊ ဒီလိုတရားရုံးတော်ရဲ့ စိန်ခေါ်ချက်တရပ်ထွက်ပေါ်လာတဲ့တာတောင်၊ အတိုက်အခံဘက်မှာရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ အဲဒီအင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီးကို ရင်ဆိုင်ဘို့ ဒီနေ့အထိ အသင့်မဖြစ်ကြသေးတာပါဘဲ။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ PML-N ဟာ၊ လက်ရှိတာဝန်ထမ်းဆောင်နေသူ ကြည်းတပ်ဦးစီးချုပ်အား ရာထူးပြန်လည်ခန့်အပ်ပိုင်ခွင့်အာဏာ ဝန်ကြီးချုပ်ကို အပ်နှင်းရေးဥပဒေကြမ်းကို ဘာမှစောဒကမတက်ပဲ ထောက်ခံလိုက်ပါတယ်။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင်၊ ပါကစ္စတန်စစ်တပ်ရှေ့မှောက် ဒူးထောက်ပြီး၊ Musharraf အပေါ်ချမှတ်ထားတဲ့ သေဒဏ်စီရင်ချက်ကိုလည်း ဆိုင်ငံ့ထားကောင်း ထားနိုင်ပါတယ်။ ဒါမှမဟုတ် အဲဒီသေဒဏ်စီရင်ချက်ကို ပိုပြီးပျော့ပြောင်းတဲ့စီရင်ချက်သို့ ပြင်ဆင်ချမှတ်ကောင်း ချမှတ်နိုင်ပါတယ်။

ဒီလိုဒီမိုကရေစီနဲ့ဆန့်ကျင်သောလုပ်ရပ်တွေကြောင့်၊ ပါကစ္စတန်ရဲ့စစ်တပ်အပေါ် ပြည်သူလူထုရဲ့ယုံကြည်အားထားမှု တဖြေးဖြေး ကျဆင်းလာခဲ့ပါတယ်။ ခွဲခြမ်းစိတ်ဖြာလေ့လာသူတွေ တနေ့တခြားတိုးပြီး၊ ပါကစ္စတန်စစ်တပ်ကို ဝေဖန်လာကြတာတွေ့ရပါတယ်။ ပါကစ္စတန်စစ်တပ်ဟာ။ အင်အားချနဲ့သော လွှတ်တော်ထံမှ ထောက်ခံမှုရအောင် စီစဉ်နိုင်ခဲ့ပေမဲ့ ဒီနေ့အခြေအနေမှာ ၎င်းရဲ့ဂုဏ်သိက္ခာကျဆင်းနေပါပြီ။



အကယ်၍ ပါကစ္စတန်အတိုက်အခံပါတီတွေ၊ မျက်မှောက်အခြေအနေအပေါ် အခွင့်ကောင်းယူဘို့ မကြိုးစားဘူးဆိုရင်၊ အဲဒီလိုမကြိုးစားရဲတာဟာ၊ အကယ်၍များ အဲဒီအင်အားကောင်းတဲ့ အဖွဲ့အစည်းကြီးက၊ ဒီမိုကရေစီလုပ်ငန်းစဉ်ကို နောက်ထပ်ပိုပြီး ပျက်ပြားစေမဲ့ အဆင်အခြင်မဲ့သောလုပ်ရပ်မျိုး လုပ်များလုပ်လေမလားလို့ စိုးရိမ်ကြောင့်ကျဘို့ဘဲဖြစ်ပါတယ်။ ဒီပါကစ္စတန်အတိုက်အခံပါတီတွေဟာ၊ Imran Khan အစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ အဲဒီအဖွဲ့အစည်းကြီးကို အားနည်းအောင်လုပ်မဲ့အစား Imran Khan အစိုးရကိုဘဲ တရားမဝင်တဲ့အစိုးရဖြစ်အောင် လုပ်ဖို့ အခြေခံအားဖြင့် ကြိုးပမ်းလာကြပါတယ်။ သို့ပင်ဖြစ်လင့်ကစား၊ ဒီလုပ်ငန်းစဉ်ကြောင့် ပါကစ္စတန်စစ်တပ်အနေနဲ့ နဂိုအင်အားပြန်ရအောင် တဖန်ပြန်လည်ရုန်းထဖို့ အချိန်နဲ့ စွမ်းအင်တွေ ရသွားပါတယ်။ အချုပ်အားဖြင့် ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံရေးအင်အားစုအားလုံးအနက် Imran Khan အစိုးရအောက်မှာ ပါကစ္စတန်စစ်တပ် နေသာထိုင်သာအရှိဆုံးဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေကြောင့်၊ ပါကစ္စတန်နိုင်ငံမှာ၊ နောက်ထပ်အပြောင်းအလဲတွေ ဖြစ်ပေါ်လင့်ကစား၊ အခြေအနေကတော့ နဂိုအတိုင်းရှိမြဲရှိနေအုံးမှာဖြစ်ပြီး၊ အပေးအယူပိုပြီးမျှတတဲ့ လူ့အဖွဲ့အစည်းသစ် ပေါ်ထွန်းရေး သတင်းစာဆရာ Safi ရဲ့ မျှော်လင့်ချက်ဟာ၊ စိတ်ကူးယဉ်အိမ်မက်တခုသာဖြစ်နိုင်ကြောင်း ဆောင်းပါးရှင် ဒေါက်တာ Ashok Behuria ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”