နိုင်ငံတော်၏ အထွဋ်အထိပ်ဥပဒေဖြစ်သော အိန္ဒိယနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ နိုင်ငံတော်၏ အထွဋ်အထိပ်ဥပဒေဖြစ်သော အိန္ဒိယနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ခေါင်းစဉ်နဲ့ အဆင့်ပေါင်းစုံ ဖယ်ဒရယ်စနစ်လေ့လာရေးဗဟိုဌာနဥက္ကဌ ပါမောက္ခ Balveer Arora ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ တိုင်းပြည်ပြုလွှတ်တော်မှာ သုံးနှစ်တိုင်တိုင် အခြေအတင်ဆွေးနွေးပြီး ကြိုးစားပန်းစားရေးဆွဲခဲ့ရတဲ့ အိန္ဒိယသမ္မတနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့စဉ်က၊ ဒီအခြေခံဥပဒေသက်တမ်းရှည်လျားစွာ တည်ရှိလိမ့်မယ်ဆိုတာကို ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုလို့ အနည်းငယ်သာရှိခဲ့ပါတယ်။ ဒီလိုသက်တမ်းရှည်လျားစွာ တည်မြဲနေခဲ့ခြင်းဟာ၊ နိုင်င့တည်ထောင်သူ ဖခင်ကြီးမားရဲ့ ဥာဏ်ပညာနဲ့ အမြော်အမြင်ကြီးမားမှုတို့ရဲ့ ကျေးဇူးပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးများ ချပေးခဲ့သော ကျောက်သားကျောက်ဆိုင်ပမာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်အပေါ်မှာ အိန္ဒိယနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကို တည်ဆောက်တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ၊ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များအတွက်သော၊ သာမန်ပြည်သူလူထုအတွက်ပါ၊ မီးရူးတန်ဆောင်အဖြစ် တလျှောက်လုံး အလင်းရောင်ပေးလာခဲ့ပါတယ်။ ကာလသက်တမ်းနှစ်ပေါင်း ၇၀ ပြည့်ခဲ့ပြီဖြစ်ပေမဲ့ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံဖွဲ့စည်းတည်ဆောက်ပုံမှာ၊ မူလမပျက် နဂိုအတိုင်းတည်ရှိနေဆဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အများအပြားပြုလုပ်ခဲ့လင့်ကစား၊ ပဏာမအချီ၊ နိဒါန်းပါအခြေခံမူများအပေါ် ယနေ့ထက်တိုင် ပြည်သူတို့ ယုံကြည်အားထားစရာအဖြစ် တည်ရှိနေကြဆဲဖြစ်ပါတယ်။
“အိန္ဒိယနိုင်ငံတော်၏ ပြည်သူများဖြစ်ကြသော ကျွန်ုပ်တို့သည်” ဆိုတဲ့စကားနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပဏာမနိဒါန်းအစချီပါတယ်။ ဒီနိဒါန်းမှာဘဲ အိန္ဒိယနိုင်ငံတော်၊ အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး၊ ဘာသာရေးလွတ်လပ်ခွင့်ရှိသော၊ ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်အဖြစ် မွေးဖွားလာခဲ့ပြီလို့ ကမ္ဘာကို ကြေငြာထားပါတယ်။ အိန္ဒိယနိုင်ငံတော်ဟာ၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ညီရင်းအကိုစိတ်ဓါတ်ထွန်းကားရေးဆိုတဲ့ မူများအပေါ်အခြေခံတဲ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်ဖြစ်ကြောင်း ကမ္ဘာကို ကြေငြာပါတယ်။ အိန္ဒိယနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်နဲ့ အာဏာပိုင်အဖွဲ့အစည်းများရဲ့ ဖွဲ့စည်းပုံကိုပြဋ္ဌာန်းတဲ့ ဥပဒေတရပ်ဖြစ်တာမကဘဲ၊ ပြည်သူလူထုရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်များကိုပြဋ္ဌာန်းတဲ့ ကြေငြာစာတမ်းတစောင်လည်းဖြစ်ပါတယ်။
သမ္မတနိုင်ငံတော်နေ့မှာ ဂုဏ်ပြုအပ်သော အိန္ဒိယနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုရဲ့ မျှော်မှန်းတောင့်တချက်များမှာ အမြစ်တွယ်ပြီး ပေါက်ပွားရှင်သန်နေသော စာတမ်းတစောင်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သမ္မတနိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်ပေါင်း ၇၀ က တည်ထောင်ခဲ့သော သမ္မတနိုင်ငံတော် ယနေ့ထက်တိုင် တည်မြဲနေပါတယ်။ ဒီနှစ်ပေါင်း ၇၀ အတွင်း၊ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီစနစ် တနေ့တခြား ပိုပြီးခိုင်မြဲလာခဲ့ပါတယ်။ ဒါဟာ၊ အိန္ဒိယပြည်သူတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေးနက်စွာ ယုံကြည်ကိုးစားကြလို့ဖြစ်ပါတယ်။
သမ္မတနိုင်ငံတော်နေ့ကျရောက်တိုင်း Rajpath မင်းလမ်းမကြီးအပေါ်၊ ကျင်းပလေ့ရှိသော ခမ်းနားကြီးကျယ်တဲ့ ချီတက်အလေးပြုပွဲမှာ၊ အိန္ဒိယနိုင်ငံရဲ့ စစ်အင်အားကို ထုတ်ဖေါ်ပြသပါတယ်။ သမ္မတနိုင်ငံတော်နေ့ဟာ အိန္ဒိယပြည်သူ သန်းပေါင်း တစ်ထောင်ကျော်တို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဂုဏ်ပြုကြတဲ့နေ့လည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီအခြေခံဥပဒေက အိန္ဒိယနိုင်ငံသားတိုင်းအတွက် လွတ်လပ်ခွင့်နဲ့ အခွင့်အရေးများကို အာမခံထားလို့ဘဲဖြစ်ပါတယ်။ အဲဒီနေ့မှာ ပြည်သူတိုင်း၊ နိုင်ငံတော်ရဲ့ အထွဋ်အမြတ်ထားရာ အခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ နိုင်ငံသားတို့ ထမ်းဆောင်ရမဲ့ တာဝန်ဝတ္တရားများကိုထမ်းဆောင်ဖို့ ကတိကစ္စာဆိုကြပါတယ်။ နိုင်ငံတော်ဖွဲ့ဏည်းပုံ အခြေခံဥပဒေရဲ့စိတ်ဓာတ်ကို အိန္ဒိယနိုင်ငံသားတိုင်း မြတ်နိုးကြပါတယ်။
အိန္ဒိယနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ၊ မဟတ္တမဂန္ဒီရဲ့ခေါင်းဆောင်မှုအောက်မှာ ဗြိတိသျှကိုလိုနီစနစ်မှ လွတ်မြောက်ရေးအတွက် ဆင်နွှဲခဲ့သော လွတ်လပ်ရေးတိုက်ပွဲမှ ပေါက်ဖွားခဲ့တယ်ဆိုတာကို သတိရဖို့ အရေးကြီးပါတယ်။ ဒေါက်တာ B.R. Ambedkar က ၊ အဖိနှိပ်ခံ လူတန်းစားများအကျိုးအတွက် လူမှုရေးတန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကိုအာမခံပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အချောကိုင်ရေးဆွဲကာ၊ သူ့ရဲ့လက်ရာကို ချန်ထားခဲ့ပါတယ်။
ဒီအခြေခံဥပဒေရဲ့နောက် အရေးကြီးတဲ့ကျဉ်အင်လက္ခဏာတရပ်ကတော့ အစိုးရအဆောက်အအုံကို ဖက်ဒရယ်နည်းအရ တည်ဆောက်တာဘဲဖြစ်ပါတယ်။ အိန္ဒိယသမ္မတနိုင်ငံဟာ၊ ပြည်နယ်များစုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံတခုလည်း ဖြစ်ပါတယ်။ အိန္ဒိယအစိုးရစနစ်ဟာ၊ ဗဟိုကဦးစီးသော ဖက်ဒရယ်စနစ်ဖြစ်ပါတယ်။ ပြည်နယ်အဆင့် နိုင်ငံရေးအာဏာရယူမှုတွေ ပေါက်ဖွားစေတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကြောင့် ဖက်ဒရယ်စနစ် တနေ့တခြား ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ အိန္ဒိယဖက်ဒရယ်စနစ်မှာ အနောက်နိုင်ငံအချို့မှာလိုမဟုတ်ပဲ အလွန်အကျွံတင်းကြပ်တဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို မကျင့်သုံးပါဘူး။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပြည်သူလူထုဆိုင်ရာ အခွင့်အရေးနဲ့ အခြခံလွတ်လပ်ခွင့်တွေက၊ ဒီမိုကရေစီစနစ်ရဲ့ တရားဝင်မှုကိုပြတဲ့ ပြယုဂ်တွေဖြစ်ပါတယ်။ ဒီအချက်ကို ဗဟိုတရားလွှတ်တော်ချုပ်က အကြိမ်ကြိမ်အတည်ပြုခဲ့ပါတယ်။ ဒီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေက၊ အသက်ရှင်နေထိုင်ပိုင်ခွင့်ရဲ့ အဓိပ္ပါယ်ကို ပိုပြီးကျယ်ပြန့်စေပါတယ်။ အသက်ရှင်နေထိုင်ပိုင်ခွင့်ဆိုတာ၊ ဂုဏ်သိက္ခာရှိရှိနေထိုင်ပိုင်ခွင့်ကို ဆိုလိုတာပါဘဲ။ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်တို့ဟာ နိုင်ငံသားအခွင့်အရေးများ ဖြစ်ကြပါတယ်။ ဒါ့အပြင် မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်များ ထိန်းသိမ်းထားပိုင်ခွင့်ဟာလည်း အိန္ဒိယရဲ့ ဒီမိုကရေစီစနစ်ရဲ့ ဂုဏ်အင်္ဂါကို ပိုပြီးခိုင်မြဲစေပါတယ်။ ဒီနေ့ အိန္ဒိယနိုင်ငံမှာ ဖွံ့ဖြိုးပြီးနိုင်ငံများစွာတို့ထက် ပိုပြီး ဒီမိုကရေစီ ထွန်းကားပါတယ်။
အချုပ်အားဖြင့် အိန္ဒိယသမ္မတနိုင်ငံတော်ရဲ့ အနာဂါတ်အတွက်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဆက်ပြီး နိမိတ်လက္ခဏာကောင်းတခုအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံသားတို့အနေနဲ့ မိမိတို့ကို သမ္မတနိုင်ငံတော်အဖြစ် တစုတစည်းဘဲဖြစ်အောင် ဖွဲ့နှောင်ပေးထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို တသွေမသိမ်းလိုက်နာပြီး ထိန်းသိမ်းကာကွယ်သွားဖို့ ထပ်လောင်းကတိသစ္စာဆိုကြရန် လိုအပ်ကြောင်း ဆောင်းပါးရှင် ပါမောက္ခ Balveer Arora ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment