“သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးရဲ့ အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံး အလည်အပါတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ IDSA မှ ဆောင်းပါးရှင် Gulbin Sultana ဝေဖန်ရေးသားပေးပို့ထားတဲ့ “သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးရဲ့ အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံး အလည်အပါတ်ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံမှုများ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ အလုပ်နေရာခန့်အပ်ရေးနဲ့ အလုပ်သမားရေးကိစ္စများဆိုင်ရာဝန်ကြီး Mr Dinesh Gunawardena သူ့ရဲ့ပထမဦးဆုံး တရားဝင်ပင်လယ်ရပ်ခြားခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို လာရောက်လည်ပါတ်ခဲ့ပါတယ်။ အဆိုပါဝန်ကြီးနဲ့အတူ အဖွဲ့ဝင် (၄) ဦးပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့လည်း လိုက်ပါလာခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း သီရိလင်္ကာနိုင်ငံသမ္မတ Mr Gotabaya Rajapaksa ရဲ့ အိန္ဒိယနိုင်ငံသို့ခရီးစဉ်နဲ့ ဆက်နွယ်လျှက်ရှိပါတယ်။ ဒီခရီးစဉ်အတွင်း Mr Gunawardena ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Dr. S. Jaishankar ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးနဲ့ ရောင်းဝယ်ဖေါက်ကားမှုဝန်ကြီး Mr Mahendra Nath Pandey အပြင် အိန္ဒိယအလုပ်သမားနဲ့ အလုပ်သမားရေးဝန်ကြီး Mr Santosh Kumar Gangwar တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းအဖွဲ့ချုပ် FICCI တို့နဲ့လည်းတွေ့ဆုံခဲ့ပြီး၊ New Delhi မှာတည်ရှိတဲ့ ပြည်သူ့အကျိုးစီးပွား သုတေသနနဲ့ အကြံပြုအဖွဲ့ကြီး Centre for Science and Environment နဲ့ နယူးဒေလီမှာရှိတဲ့ အိန္ဒိယနိုင်ငံ မဟာဒေဝီအသင်း ဗဟိုဌာနတို့ကိုလည်း သွားရောက်လည်ပါတ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က တည်ခင်းခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့အဆင့် ဆွေးနွေးပွဲတွေမှာ ဝန်ကြီးနှစ်ဦးစလုံးတို့ဟာ ရင်းနှီးမြှပ်နှံမှု၊ လုံခြုံရေး၊ ငါးဖမ်းလုပ်ငန်း၊ ဖွံ့ဖြိုးမှုထောက်ပံ့ရေးနဲ့ ဆက်လက်တည်ရှိနေတဲ့ ပရိုဂျက်တွေ၊ ခရီးလှည့်လည်သွားမှု၊ ပညာရေးနဲ့ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးနဲ့ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတွေ ထပ်လောင်းတောင့်တင်းခိုင်မာစေရေး အပါအဝင် အပြန်အလှန်ဆက်ဆံရေးတခုလုံးကို ဆွေးနွေးခဲ့ကြပါတယ်။ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတ Mr Rajapaksa က သူ့ရဲ့ပထမဦးဆုံး အိန္ဒိယနိုင်ငံသို့ခရီးစဉ်အတွင်း ချမှတ်ခဲ့တဲ့ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်သစ်တွေ စူးစမ်းရှာဖွေရေး ကျွမ်းကျင်မှုဖွံ့ဖြိုးရေး အသက်မွေးဝမ်းကျောင်းသင်တန်းများနဲ့ စွမ်းရည်တည်ဆောက်မှုတွေမှ အရေးပါတဲ့ အချက်အလက်တွေအား ပြန်လည်ဖေါ်ထုတ်ဆွေးနွေးခဲ့ပြီး၊ အိန္ဒိယနိုင်ငံရဲ့ ထောက်ပံ့ကူညီမှုကို တောင်းခံခဲ့ပါတယ်။ Dr. Jaishankar က ယခုလိုအစပျိုးမှုတွေအတွက် အိန္ဒိယနိုင်ငံရဲ့ အပြည့်အဝထောက်ပံ့ကူညီမှုကို အားမခံပေးခဲ့ပြီး၊ ဒီနယ်ပယ်တွေမှာ အိန္ဒိယဌာနကြီးတွေရဲ့ စွမ်းအားကို လေ့လာကာ သီရိလင်္ကာနိုင်ငံရဲ့ လိုအပ်ချက်တွေအခြေခံပြီး ကူညီသွားလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ နှစ်ဖက်စလုံးတို့ဟာ ဒီနယ်ပယ်တွေမှာ MoU နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးဘို့ ကြိုးပမ်းနေကြပါတယ်။ အဆိုပါ ဝန်ကြီးနှစ်ဦးစလုံးတို့ဟာ ဒေသပိုင်းဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ အကြမ်းဖက်ဝါဒတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ Dr. Jaishankar ဟာ သမ္မတ Mr Rajapaksa က ကြေငြာခဲ့တဲ့ သီရိလင်္ကာနိုင်ငံရဲ့ ထိန်းသိမ်းမှုရှိနေကြတဲ့ အိန္ဒိယတံငါသည် (၁၅) ဦးနဲ့ ငါးဖမ်းလှေ (၅၂) စင်း ပြန်လွှတ်ပေးရေးနဲ့ပါတ်သက်ပြီး ဆွေးနွေးခဲ့ကာ၊ သီရိလင်္ကာဝန်ကြီးက ဒီလုပ်ငန်းစဉ်ကို စတင်နေပြီးဖြစ်ကြောင်း ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယသတင်းမီဒီယာတွေမှာ ဖေါ်ပြကြသလို၊ အိန္ဒိယနိုင်ငံမှာနေထိုင်နေကြတဲ့ သီရိလင်္ကာဒုက္ခသည်တွေ ပြန်လည်ပို့ပေးရေးနဲ့ပါတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

အဆိုပါဝန်ကြီး Mr Gunawardena ဟာ သီရိလင်္ကာနိုင်ငံကို ပြန်အသွားမှာ သတင်းမီဒီယာနဲ့ တွေ့ဆုံခဲ့တဲ့အခါ၊ သီရိလင်္ကာအစိုးရဟာ အိန္ဒိယနိုင်ငံမှာနေထိုင်လျှက်ရှိကြတဲ့ သီရိလင်္ကာဒုက္ခသည် ၃၀၀၀ ကျော်တွေကို ပြန်လည်လက်ခံပြီး၊ သူတို့တတွေကို သက်ဆိုင်ရာခရိုင်ရုံးများမှတဆင့် ပြန်လည်နေရာချထား ပြုစုစောင့်ရှောက်ဘို့ စီမံနေကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဒုက္ခသည်တွေ ပထမအသုတ်ကို လာမဲ့ ဖေဖေါ်ဝါရီလမှာ ပြန်လည်ပို့ဆောင်ဖို့ ပြုလုပ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မှတ်သားရမယ့်အချက်ကတော့ နှစ်နိုင်ငံစလုံးတို့ဟာ အိန္ဒိယနိုင်ငံမှာရှိနေကြတဲ့ သီရိလင်္ကာဒုက္ခသည်တွေ ပြန်ပို့ပေးရေးကို နှစ်ပေါင်းများစွာကတည်းက ဆွေးနွေးနေကြဒါဖြစ်ပါတယ်။ ယခုအချိန်အထိ UNHCR ဟာ သီရိလင်္ကာနိုင်ငံသို့ ပြန်သွားလိုကြတဲ့ ဒုက္ခသည်တွေကို အစစအရာရာ စီစဉ်ပေးလျှက်ရှိခဲ့ပါတယ်။ သီရိလင်္ကာအစိုးရရဲ့ ဒုက္ခသည်တွေပြန်လည်နေရာချထားဘို့ အထောက်အကူနဲ့ အခွင့်အလမ်းတွေ ပျက်ကွက်နေဒါကြောင့် တချို့ဒုက္ခသည်တွေ ပြန်သွားဘို့ ငြင်းဆိုခဲ့ကြပါတယ်။ Mr Gunawardena ရဲ့ သတင်းမီဒီယာတို့ ထုတ်ဖေါ်ချက်တွေဟာ ကြိုဆိုထိုက်တဲ့ ဖွံ့ဖြိုးမှုတခုဖြစ်ပါတယ်။



မိတ်ဆွေနိုင်ငံတွေဖြစ်ကြတဲ့အတိုင်း အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတို့မှာ လုံခြုံရေးခရီး လှည့်လည်သွားမှု၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ စွမ်းရည်တည်ဆောက်မှုနဲ့ အခြေခံလိုအပ်ချက်အဆောက်အအုံ ဖွံ့ဖြိုးရေး စတဲ့နယ်ပယ်တွေမှာ အလွန်ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိနေပြီးဖြစ်ပါတယ်။ သို့သော်ငြားလည်း ငါးဖမ်းမှုလုပ်ငန်းတွေနဲ့ အိန္ဒိယနိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ တည်ဆောက်နေတဲ့ ပရိုဂျက်တွေ စတဲ့နယ်ပယ်တို့မှာ တချို့သောစိုးရိမ်မှုတွေနဲ့ အရေးကိစ္စတွေပေါ်ထွက်နေပါတယ်။ ဒီအရေးကိစ္စတွေကို အချိန်အတော်ကြာကတည်းက တွေ့ရှိထားပြီးဖြစ်ပေမဲ့ ဒီပြဿနာတွေဟာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွေမှာ အနှောင့်အယှက်တွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ အဆင့်မြင့် အပြန်အလှန်ခရီးစဉ်တွေနဲ့ Mr Dinesh Gunawardena ရဲ့ခရီးစဉ်တို့ကလည်း အပြန်အလှန်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရုံသာမက လက်ရှိပြဿနာတွေအား အာရုံပြုဘို့အတွက် တည်တံ့တဲ့ဖြေရှင်းချက်တွေအတွက်လည်း အခွင့်လမ်းရရှိစေလိမ့်မယ်လို့ ယုံကြည်ရပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Gulbin Sultana ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”