လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

လက်ရှိကျင်းပနေတဲ့ ဆောင်းရာသီ အစည်းအဝေးကာလအတွင်း အိန္ဒိယနိုင်ငံ အထက်လွှတ်တော်ဟာ ၂၀၁၉ ခုနှစ်ဆိုင်ရာ အီလက်ထရောနစ် စီးကရက် တားမြစ်ရေး ဥပဒေကို အတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်ဆိုင်ရာ အထူးကာကွယ်ရေး အသိုင်းအဝိုင်းအုပ်စု (ပြင်ဆင်ချက်) ဥပဒေနှင့် ၂၀၁၉ ခုနှစ်ဆိုင်ရာ Dadra နှင့် Nagar Haveli၊ Daman နှင့် Diu စတဲ့ (ပြည်ထောင်စု နယ်မြေများ ပေါင်းစပ်ရေး) ဥပဒေတို့ကိုလည်း တင်သွင်းခဲ့ပါတယ်။

အောက်လွှတ်တော်ကတော့ အကျေအလည် ဆွေးနွေးမှုပြုလုပ်ပြီးတဲ့နောက် ၂၀၁၉ ခုနှစ်ဆိုင်ရာ အကောက်ခွန်ဥပဒေများ (ပြင်ဆင်ချက်) မူကြမ်းကို အတည်ပြုခဲ့ပြီး ဒီဥပဒေဟာ ကုမ္ပဏီလုပ်ငန်း အခွန်ကောက်ယူမှုတွေကို သိသိသာသာ လျှော့ပေါ့ပေးထားတာ ဖြစ်ပါတယ်။ ဆွေးနွေးမှုအတွင်း ဒီဆုံးဖြတ်ချက်ကို ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေဖို့နှင့် အလုပ်နေရာတွေ ဖန်တီးပေးဖို့အတွက် ရင်းနှီးမြှုပ်နှံရေး ဆွဲဆောင်မှုရှိစေဖို့ ရည်စူးထားကြောင်း ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman က ဖော်ပြခဲ့ပါတယ်။ အမေရိကန်-တရုပ် ကုန်သွယ်ရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားနေရာမှာ နိုင်ငံအများအပြားပါဝင်တဲ့ ကုမ္ပဏီတွေအတွက် တရုပ်နိုင်ငံအစား အိန္ဒိယနိုင်ငံကို ယှဉ်ပြိုင်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တခြားရွေးစရာ ၁ နိုင်ငံအဖြစ်ပြုလုပ်ဖို့ နည်းလမ်းဆင်ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သူမက ဖြည့်စွက်ဖော်ပြခဲ့ပါတယ်။ ဒီလို အကောက်ခွန် လျှော့ချမှုကို အိန္ဒိယကုမ္ပဏီတွေ ဈေးကွက်ယှဉ်နိုင်ရေး အထောက်အကူပြုစေဖို့ Modi အစိုးရကချမှတ်ထားတဲ့ အကျိုးပြုစီမံချက်တရပ်အဖြစ် စက်မှုလုပ်ငန်းရှင်တွေက များစွာ ချီးကျူးထောက်ခံခဲ့ကြပါတယ်။

အထက်လွှတ်တော်ဟာ ၂၀၁၉ ခုနှစ် အီလက်ထရောနစ် စီးကရက် တားမြစ်ရေးဥပဒေကို နှုတ်ဖြင့် မဲခွဲအတည်ပြုခဲ့ပြီး ဒီဥပဒေဟာ နိုင်ငံအတွင်း အီလက်ထရောနစ် စီးကရက် ထုတ်လုပ်မှု၊ သိုလှောင် သိမ်းဆည်းမှုနှင့် ကြော်ငြာမှုတွေကို တားမြစ်ထားတာဖြစ်ပါတယ်။ ဒီဥပဒေဟာ အီလက်ထရောနစ် စီးကရက်ဆိုတာ ရှူရှိုက်ဖို့အတွက် အခိုးငွေ့ဖြစ်ပေါ်စေတဲ့ နီကိုတင်းဓာတ်နှင့် တခြား ဓါတုပစ္စည်း ပါဝင်နိုင်တယ်လို့ ဖွင့်ဆိုထားပါတယ်။ ၁ နှစ် ထောင်ဒဏ် ချမှတ်မှုနှင့် အမေရိကန်ဒေါ်လာ ၁ သန်း ဒဏ်ကြေးတရပ်ကိုလည်း ဖော်ပြထားပါတယ်။

အထက်လွှတ်တော်ဟာ ၂၀၁၉ ခုနှစ် အထူးကာကွယ်ရေး အသိုင်းအဝိုင်း (ပြင်ဆင်ချက်) ဥပဒေကိုလည်း အတည်ပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က အောက်လွှတ်တော်ဟာ ဝန်ကြီးချုပ်နှင့် ၎င်းရဲ့ဆွေမျိုးအရင်းအခြာတွေနှင့် ဝန်ကြီးချုပ်ဟောင်းနှင့် မိသားစုကိုသာ ၅ နှစ်အထိ အကာအကွယ်ပေးဖို့အဆိုပြုထားတဲ့ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို အတည်ပြုခဲ့ပါတယ်။ အောက်လွှတ်တော်ဟာ ပြည်ထောင်စုနယ်မြေ Dadra နှင့် Nagar Haveli ပေါင်းစပ်ဖို့ နောက်ထပ်မူကြမ်းကို အတည်ပြုခဲ့ပြီး အဲဒီပေါင်းစပ်ထားတဲ့ ပြည်ထောင်စုနယ်မြေကို Dadra နှင့် Nagar Haveli၊ Daman နှင့် Diu အဖြစ် အမည်ပေးသွားမှာဖြစ်ပါတယ်။ အောက်လွှတ်တော်ဟာ ၂၀၁၉ ခုနှစ်၊ သင်္ဘောများ ပြန်လည်ထုတ်လုပ်အသုံးပြုရေး မူကြမ်းကိုလည်းအတည်ပြုခဲ့ပြီး သင်္ဘောတွေပေါ်မှာ အန္တရာယ်ရှိတဲ့ပစ္စည်းတွေ အသုံးပြုမှုကို တားမြစ်ထားကာ သင်္ဘောအဟောင်းတွေ ပြန်လည်ထုတ်လုပ်အသုံးပြုရေးကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဗဟိုအစိုးရ ကတ်ဘိနက်ဝန်ကြီးများအဖွဲ့ဟာ နိုင်ငံသားဖြစ်တည်မှု (ပြင်ဆင်ချက်) ဥပဒေမူကြမ်းကို အတည်ပြုခဲ့ပြီး လာမယ့်သီတင်းပတ်မှာ ဒီဥပဒေကို ပါလီမန်လွှတ်တော်သို့ တင်သွင်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီဥပဒေဟာ အာဖကန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့ထံမှ အခြေခံအားဖြင့် ဟိန္ဒူ၊ Sikh၊ ဂျိန်း၊ ဗုဒ္ဓဘာသာ၊ ပါစီနှင့် ခရစ်ယာန်ဘာသာဝင် ဒုက္ခသည်တွေအတွက် နိုင်ငံသားပေးအပ်ဖို့ ရည်စူးထားတာဖြစ်ပါတယ်။ ဒါဟာ ၁၉၅၅ ခုနှစ် နိုင်ငံသားဖြစ်တည်မှု အက်ဥပဒေကနေ ပြောင်းလဲမှုတရပ်ဖြစ်ပြီး အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူ သို့မဟုတ် သူမမှာ သင့်လျော်တဲ့ ခရီးသွား အထောက်အထားမရှိရင် ဒါမှမဟုတ် ခွင့်ပြုရက်ထက် ပိုနေထိုင်ခဲ့မယ်ဆိုရင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁ ဦးအဖြစ်မှတ်ယူကြောင်း ဖော်ပြထားပါတယ်။

ကတ်ဘိနက်အဖွဲ့ဟာ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေကို အတည်ပြုခဲ့ပြီး အစိုးရဟာ လက်ရှိ ဆောင်းရာသီ ပါလီမန်အစည်းအဝေးကာလအတွင်းမှာ ဒီမူကြမ်းကို စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ကိုယ်ရေးအချက်အလက်တွေ ကောက်ယူမှု၊ သိမ်းဆည်းမှုနှင့် အသုံးပြုမှု လုပ်ငန်းစဉ်၊ တသီးပုဂ္ဂတွေရဲ့ သဘောတူညီချက်၊ ဒဏ်ကြေးတွေနှင့် လျော်ကြေးတွေ၊ အသုံးပြုမှု စည်းကမ်းကျင့်ဝတ်နှင့် ဥပဒေဖော်ဆောင်မှုဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် လမ်းညွှန်ချက်တွေ ချမှတ်ထားရှိဖို့ ရည်စူးထားတာဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့် ကျန်းမာရေး မှတ်တမ်းတွေအပါအဝင် အရေးကြီးတဲ့အချက်အလက်တွေကို အိန္ဒိယနိုင်ငံအတွင်းမှာ သိမ်းဆည်းသွားရမှာ ဖြစ်ပါတယ်။အစိုးရဟာ အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေနှင့် ရာဇဝတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေတွေမှာ လိုအပ်တဲ့ပြင်ဆင်ချက်တွေ အကြံပြုသွားဖို့ ကော်မတီတရပ် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Mr. Amit Shah က လွှတ်တော်သို့ အသိပေးခဲ့ပါတယ်။ အစိုးရဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအားလုံးကို နိုင်ငံကနေ ထွက်ခွာစေဖို့အတွက် ပြည်နယ်တွေကို တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်း ပြည်ထဲရေးဒုဝန်ကြီး Nityanand Rai က အထက်လွှတ်တော် မေးခွန်းမေးမြန်းချိန်မှာ ဖော်ပြခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် Yogesh Sood ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”