၁၉ ကြိမ်မြောက် အိန္ဒိယ-အီရန် ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အီရန်နိုင်ငံရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “၁၉ ကြိမ်မြောက် အိန္ဒိယ-အီရန် ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ၂ နိုင်ငံကြား ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ ၁၉ ကြိမ်မြောက် အစည်းအဝေးတက်ရောက်ဖို့အတွက် အီရန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနှင့် အီရန်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲနာယကပြုထားတဲ့ ပူးတွဲကော်မရှင်အဖွဲ့ဟာ ချစ်ကြည်ရင်းနှီးတဲ့ ဒီ ၂ နိုင်ငံတို့အကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ရှေ့ဆက်ဆောင်ကြဉ်းဖို့ ယန္တယားတခုဖြစ်ပါတယ်။ ခရီးစဉ်အတွင်း Dr. S. Jaishankar ဟာ အီရန်နိုင်ငံသမ္မတ Dr. Hassan Rouhani ကိုလည်း တွေ့ဆုံခဲ့ပြီး ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲမှ တိုးတက်မှုအခြေနေတွေနှင့်ပတ်သက်ပြီး သမ္မတကို ချီးကျူးဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ အီရန်နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံတော်လုံခြုံရေးကောင်စီ အတွင်းရေးမှူးဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ် Ali Shamkhani နှင့် အီရန်နိုင်ငံ လမ်းမနှင့် မြို့ပြဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mohammad Eslami တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။
အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ထိပ်တိုက်တွေ့ဆုံမှု ဆက်လက်ဖြစ်ပွားနေတာကြောင့် အလွန်ဆိုးရွားတဲ့ စီးပွားရေး ကျဆင်းမှုအောက်မှာ အီရန်နိုင်ငံ ရောက်ရှိနေချိန်မျိုးမှာ အိန္ဒိယနှင့် အီရန်နိုင်ငံတို့အကြား ၂ နိုင်ငံဆက်ဆံရေးတွေ တိုးတက်အားကောင်းစေဖို့ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဖော်ပြပါ ထိပ်တိုက်တွေ့ဆုံမှုတွေဟာ အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံအပေါ် တင်းကျပ်တဲ့ စီးပွားရေးနှင့် နိုင်ငံရေး ပိတ်ဆို့အရေးယူမှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။
ယခုလို အကျိုးဖြစ်ထွန်းမှုရှိလှတဲ့ ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲအတွင်း ၂ ဦး ၂ ဖက်တို့ဟာ အိန္ဒိယ-အီရန် ဆက်ဆံရေး ဘက်စုံအခြေအနေတွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ၂ နိုင်ငံတို့ဟာ အီရန်နိုင်ငံ၊ Chabahar ဆိပ်ကမ်းစီမံကိန်းအရှိန်မြှင့်တင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Mr. Javad Zarif ဟာ အိန္ဒိယ-အီရန် ၂ နိုင်ငံဆက်ဆံရေးတွေနှင့်ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေအပေါ် နှစ်သက်အားရကြောင်းဖော်ပြခဲ့ပြီး ၂ နိုင်ငံတို့အကြား ရှေးခေတ်သမိုင်းအစဉ်အဆက် တည်ရှိတာတဲ့ ဆက်ဆံရေးသဘောသဘာဝတွေကို ထပ်မံဖော်ပြခဲ့ပါတယ်။
ဆွေးနွေးပွဲအတွင်း အရေးပါတဲ့ ဆွေးနွေးမှုကိစ္စတွေမှာဆိုရင် လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်မှုကဏ္ဍအတွင်း အိန္ဒိယ-အီရန် ပူးပေါင်းဆောင်ရွက်မှု ပါဝင်ခဲ့ပါတယ်။ ၂ နိုင်ငံတို့ဟာ အိန္ဒိယနှင့် အီရန်နိုင်ငံတို့ကို သက်ရောက်မှုရှိတဲ့ ဒေသပိုင်းနှင့် ကမ္ဘာ့အရေးကိစ္စတွေအပေါ် အမြင်ခြင်းဖလှယ်ခဲ့ကြပြီး Chabahar ဒေသရှိ Shahid Beheshti ဆိပ်ကမ်း လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေတိုးတက်မှုတွေကို ကျေနပ်အားရကြောင်း ဖော်ပြခဲ့ကြပါတယ်။ Chabahar ဆိပ်ကမ်းကို အိန္ဒိယတိုက်ခွဲ၊ အီရန်၊ အာဖကန်နစ္စတန်၊ အာရှအလယ်ပိုင်းနှင့် ဥရောပဒေသတို့အကြား ဂိတ်ပေါက်ဝတခုသဖွယ်လုပ်ဆောင်ဖို့ စွမ်းရည်ရှိနေတယ်လို့ အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။ စွမ်းအင်ကြွယ်ဝတဲ့နိုင်ငံရဲ့ တောင်ပိုင်း ကမ်းရိုးတန်းဒေသမှာရှိတဲ့ ဆိပ်ကမ်းဟာ အိန္ဒိယနိုင်ငံရဲ့ အနောက်ပိုင်း ကမ်းရိုးတန်းဒေသမှ လွယ်လင့်တကူ အသုံးပြုနိုင်တဲ့အပြင် တရုပ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေပြီး Chabahar ဒေသကနေ ကီလိုမီတာ ၈၀ ခန့်အကွာမှာ တည်ရှိတဲ့ ပါကစ္စတန်နိုင်ငံရဲ့ Gwadar ဆိပ်ကမ်းအတွက် ယှဉ်ပြိုင်ဆိပ်ကမ်းတခုအဖြစ် မြင်တွေ့ရပါတယ်။
ပူးတွဲကော်မရှင်အဖွဲ့ ဆွေးနွေးပွဲအတွင်း အိန္ဒိယနှင့် အီရန်နိုင်ငံတို့ဟာ ၎င်းတို့ရဲ့ အပြန်အလှန် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး တိုးတက်အားကောင်းစေဖို့ အားပေးပံ့ပိုးချက်တွေကိုလည်း ထပ်မံဖော်ပြခဲ့ကြပြီး ဒီကိစ္စနှင့်ပတ်သက်လို့ ကုန်သွယ်ရေး ဦးစားပေးမှုဆိုင်ရာ သဘောတူစာချုပ်နှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံရေးစာချုပ် အပြီးဖြတ်ဖို့နှင့် အကောင်ခွန်ရေးရာတွေမှာ အိန္ဒိယ-အီရန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့အတွက် ၂ နိုင်ငံ ကုန်သွယ်ရေးရာ ပူးတွဲလုပ်ငန်းဘောင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ် စောလျင်စွာကျင်းပသွားကြဖို့ သဘောတူညီခဲ့ကြပါတယ်။
၂ နိုင်ငံတို့ဟာ အကြမ်းဖက်ဝါဒပြဿနာကြောင့် ပေါ်ပေါက်လာတဲ့ ခြိမ်းခြောက်မှုအန္တရယ်နှင့်ပတ်သက်လို့ ဘုံသဘောထား ထင်မြင်ချက်တွေကို ထပ်မံဖော်ပြခဲ့ကြပြီး အကြမ်းဖက်မှု ခိုလှုံမှုနေရာတွေအတွက် မည်သို့သော အားပေးပံ့ပိုးမှုမျိုးကိုမဆို လက်ငင်းအားဖြင့် အဆုံးသတ်ရေးအတွက်လည်း တောင်းဆိုခဲ့ကြကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ကြိုးပမ်းမှုတွေအတွက် အားပေးထောက်ခံချက်တွေကို ဖော်ပြခဲ့ကြပါတယ်။
၁၉ ကြိမ်မြောက် ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ ထင်သာမြင်သာရှိတဲ့ နောက်ထပ် ရလဒ်ကတော့ ၂၀၂၀ ခုနှစ်မှာ အိန္ဒိယ-အီရန် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု သဘောတူစာချုပ်ရဲ့ နှစ်ပေါင်း ၇၀ ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပဖို့အတွက် ၂ နိုင်ငံကြား သဘောတူညီချက်ဖြစ်ပြီး ဒီကိစ္စအတွက် နှစ်နိုင်ငံတို့ဟာ ပါလီမန်လွှတ်တော်အသီးသီးတို့အကြား နှီးနှောဖလှယ်မှုတွေ တိုးမြှင့်ရေးနှင့် ယဉ်ကျေးမှုပွဲတော်တွေ ကျင်းပသွားကြဖို့ စီစဉ်ထားကြပါတယ်။
အီရန်နိုင်ငံမှ အိန္ဒိယနိုင်ငံ ရေနံစိမ်းတင်သွင်းမှုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ တင်းကျပ်လှတဲ့ အရေးယူပိတ်ဆို့ချက်တွေကြောင့် အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ အချိန်မျိုးမှာ ယခုလို ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ အိန္ဒိယနှင့် အီရန်နိုင်ငံတို့ရဲ့ ဘက်စုံ ဆက်ဆံရေးတွေ ဆက်လက်တိုးတက်နက်ရှိုင်းစေဖို့ ၂ နိုင်ငံတို့ရဲ့ မဆုတ်မနစ် ကြိုးပမ်းချက် သက်သေသာဓကဖြစ်ပါတယ်။ လတ်တလော ပြီးစီးခဲ့တဲ့ အဲဒီ ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ အိန္ဒိယ-အီရန် အပြန်အလှန် ဆက်ဆံရေးတွေ နောက်ထပ် အရှိန်အဟုန် တိုးတက်ကောင်းမွန်စေမှာ အသေအချာပင်ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment