အိန္ဒိယ-တရုပ် ၂၂ ကြိမ်မြောက် အထူးကိုယ်စားလှယ်အဆင့် ဆွေးနွေးပွဲများမှ တိုးတက်မှုအခြေအနေများ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ တရုပ်နိုင်ငံရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. M S Prathibha ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-တရုပ် ၂၂ ကြိမ်မြောက် အထူးကိုယ်စားလှယ်အဆင့် ဆွေးနွေးပွဲများမှ တိုးတက်မှုအခြေအနေများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
တရုပ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ဟာ အိန္ဒိယ နိုင်ငံတော်လုံခြုံရေး အကြံပေးအရာရှိ Ajit Doval နှင့် နယ်စပ်ဒေသအရေး ဆွေးနွေးဖို့အတွက် အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ယခုတကြိမ် အထူးကိုယ်စားလှယ်အဆင့် ဆွေးနွေးမှုတွေဟာ အဓိကကျတဲ့ အချက်အလက်တွေကြောင့် ထူးခြားအရေးပါခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်နှင့် တရုပ်နိုင်ငံသမ္မတတို့လည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ချန်နိုင်းမြို့အနီးမှာ ဒုတိယအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
နှစ်ဖက်စလုံးမှ ခေါင်းဆောင်တွေဟာ ၂ နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့နှင့် နယ်စပ်ဒေသ အရေးကိစ္စတွေ ဖြေရှင်းရေးတို့အတွက် အမြင်သစ်တွေနှင့် ဗျူဟာပိုင်း လမ်းညွှန်ချက်တွေ ဖော်ပြခဲ့ကြတယ်လို့ Mr. Ajit Doval က ဖော်ပြခဲ့ပါတယ်။ ဆွေးနွေးမှုတွေအပြီးမှာ အိန္ဒိယနှင့် တရုပ် ၂ နိုင်ငံတို့ဟာ စီမံခန့်ခန်မှု စည်းမျဉ်းတွေဖော်ထုတ်ဖို့နှင့် နယ်စပ်ဒေသ တပ်ဖွဲ့တွေအကြား ဆက်သွယ်ရေးနှင့် နှီးနှောမှုတွေ တိုးတက်အားကောင်းစေဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုပ်နိုင်ငံဖက်က ဖော်ပြခဲ့ပါတယ်။
၂၂ ကြိမ်မြောက် နယ်စပ်အရေး ဆွေးနွေးမှုဟာ အိန္ဒိယနိုင်ငံက၊ Ladakh ဒေသကို ပြည်ထောင်စုနယ်မြေအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ပထမဆုံးတကြိမ်ဖြစ်ပါတယ်။ Jammu နှင့် Kashmir ပြည်နယ်ဒေသရဲ့ အထူးခွင့်ပြုထားမှုအခြေအနေ ဖယ်ရှားလိုက်ပြီးတဲ့နောက် တရုပ်နိုင်ငံဟာ Ladakh ဒေသရဲ့ ပြည်ထောင်စုနယ်မြေအဖြစ် ပြောင်းလဲမှုအပေါ် ကန့်ကွက်ရာမှာ ဖော်ပြမှုတွေရှိခဲ့ပြီး ဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံတင်သွင်းဖို့ကိစ္စမှာလည်း ပါကစ္စတန်နိုင်ငံကို ထောက်ခံမှုရှိခဲ့ပါတယ်။
နယ်စပ်အရေး ဆွေးနွေးမှုမတိုင်မီလေးတင်ကလည်း တရုပ်နိုင်ငံဟာ Kashmir ကိစ္စကို ဆွေးနွေးဖို့ အဆိုပြုခဲ့ပြီး ဒါကို ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့က အချိန်ရွှေ့ဆိုင်း ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂဆိုင်ရာ တရုပ်သံအမတ်ကတော့ ၎င်းအနေနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ရဲ့ အစီရင်ခံစာ အသင့်ဖြစ်တဲ့အခါ ဆွေးနွေးဖို့ မေတ္တာရပ်ခံသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
တရုပ်နိုင်ငံဟာ နယ်နိမိတ် အရေးကိစ္စတွေဖြေရှင်းဖို့ စေ့စပ်ညှိနှိုင်းမှုအတွက် လက်တွေ့ကျတဲ့ လုပ်ငန်းဘောင်တရပ် ထားရှိပြီး အိန္ဒိယနိုင်ငံရဲ့ အာရုံပြုချက်တွေအပေါ် သိရှိနားလည်ထားတယ်လို့ တရုပ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ဖော်ပြခဲ့ပါတယ်။ ဒါဟာ လတ်တလောနှစ်တွေအတွင်း နယ်စပ်အရေးဆွေးနွေးမှုတွေကနေပေါ်ထွက်လာတဲ့ အနည်းငယ်မျှသော အပြုသဘော ထုတ်ဖော်ချက်တွေအနက် ၁ ခုပင်ဖြစ်ပါတယ်။ နောင်ဆုံးအဆင့် လမ်းပြမြေပုံတရပ် စေ့စပ်ညှိနှိုင်းဖို့ လုပ်ငန်းဘောင်ရရှိရေး သဘောတူညီချက် တစုံတရာမျှ လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေမယ့် ၂ ဖက်စလုံးတို့ဟာ ၂ ဦး ၂ ဖက် လက်သင့်ခံနိုင်မယ့် အဲဒီလုပ်ငန်းဘောင် ဖော်ဆောင်သွားဖို့ ကတိပြုချက်တွေ ဖော်ပြထားကြတဲ့ သက်သေအထောက်အထားတွေ ရှိနေပါတယ်။
အခြေအနေအားလုံးကို ခြုံကြည့်မယ်ဆိုရင် အိန္ဒိယ-တရုပ် ဆက်ဆံရေးတွေဟာ ကောင်းလာလိုက်၊ လျော့သွားလိုက်နှင့်ရှိတာကို တွေ့မြင်ရပြီး နယ်စပ်အရေး ဆွေးနွေးမှုတွေကတော့ လာမယ့်နှစ်တွေမှာ အိန္ဒိယ-တရုပ် အပြန်အလှန် ဆက်ဆံရေးတွေအတွက် တိုးတက်မှုရှိစေမယ့် အကျိုးပြုအခြေအနေတရပ် ပေးအပ်လိုက်ပြီဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. M S Prathibha ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment