ဆော်ဒီ-ကာတာ တင်းမာမှု လျော့ပါးလာခြင်း - အခြေအနေ ပျော့ပျောင်းလာဟန်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ သုတေသီ ဆောင်းပါးရှင် Dr. Lakshmi Priya ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဆော်ဒီ-ကာတာ တင်းမာမှု လျော့ပါးလာခြင်း - အခြေအနေ ပျော့ပျောင်းလာဟန်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC ရဲ့ အကြိမ် ၄၀ မြောက် အမြင့်ဆုံးကောင်စီ ထိပ်သီးညီလာခံဟာ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ အာရပ်စော်ဘွားများနိုင်ငံနှင့် ဘာရိန်း စတဲ့ ၄ နိုင်ငံတို့က အကြမ်းဖက်သမားအုပ်စုတွေ အားပေးထောက်ပံ့နေတယ်လို့ ကာတာနိုင်ငံကို စွပ်စွဲခဲ့ကြပြီး သံတမန်ဆက်ဆံရေးတွေ အလုံးစုံ ဖြတ်တောက်ခဲ့ပြီးတဲ့နောက် တင်းမာမှုလမ်းကြောင်းထဲသို့ ရောက်ရှိသွားခဲ့တဲ့ ဆော်ဒီ-ကာတာ ဆက်ဆံရေးတွေအတွင်း တင်းမာမှု လျော့ပါးလာဟန် ထင်မြင်ချက်သဘောထား ပေးအပ်ခဲ့ပါတယ်။ ဆော်ဒီဘုရင်ကြီး Salman bin Abdulaziz Al Saud ဟာ Riyadh မြို့မှာပြုလုပ်မယ့် ၂၀၁၉ ခုနှစ်၊ GCC ထိပ်သီးညီလာခံမှာ ပါဝင်တက်ရောက်ဖို့အတွက် ကာတာနိုင်ငံ စော်ဘွားကြီး Sheikh Tamim bin Hamad Al Thani ကို ကိုယ်တိုင်အားဖြင့် ဖိတ်ကြားချက်တခု ပေးပို့ခဲ့ပါတယ်။ ဒီဖိတ်ကြားချက်ကိုတုံ့ပြန်ရာမှာ ကာတာနိုင်ငံဟာ ညီလာခံ တက်ရောက်ဖို့အတွက် ၎င်းတို့ရဲ့ဝန်ကြီးချုပ် Sheikh Abdullah bin Nasser Al Thani ကို စေလွှတ်ခဲ့ပြီး ဒါဟာဆိုရင် ဆော်ဒီအာရေးဗီးယားနိုင်ငံက အာရေဗီယန်ကျွန်းဆွယ်ကနေ ကာတာနိုင်ငံကို သီးခြားဖြစ်စေပြီး ကာတာနိုင်ငံနှင့် ၆၁ ကီလိုမီတာရှည်လျားတဲ့ နယ်စပ်ဒေသတလျှောက်မှာ မီတာ ၂၀၀ အကျယ်ရှိတဲ့ ‘Salwa’ တူးမြောင်းတခုဖောက်လုပ်ပြီး ကျွန်းတခုအဖြစ် ပြောင်းလဲဖို့ရည်စူးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက အမြင့်ဆုံးသော ကိုယ်စားပြုချက်ပင် ဖြစ်ပါတယ်။

ဆော်ဒီ-ကာတာ ဆက်ဆံရေးတွေဟာ ၂ နိုင်ငံစလုံးတို့ဘက်မှာ ပျော့ပျောင်းလာတဲ့ အခြေအနေ ဟန်ပန်တွေကြောင့် နွေးထွေးလာဟန် တွေ့မြင်ရပါတယ်။ ဒီနှစ်အစောပိုင်းက ကာတာနိုင်ငံ ဝန်ကြီးချုပ်ဟာ ဆောင်ဒီနိုင်ငံရဲ့ ARAMCO ရေနံချက်စက်ရုံ တိုက်ခိုက်ခံရမှုတွေ ပေါ်ပေါက်ခဲ့ရာမှာ အရေးပေါ် လုံခြုံရေးညီလာခံ တက်ရောက်ဖို့အတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ ထောက်လှမ်းရေးဌာနရဲ့ ခေါင်းဆောင်ဟောင်း မင်းသားကြီး Turki Al-Faisal ကလည်း ဒိုဟာမြို့မှာပြုလုပ်တဲ့ ပင်လယ်ကွေ့ ဖုလား ဘောလုံးပြိုင်ပွဲမှာ ဆော်ကီအာရေးဗီးယား၊ အာရပ်စော်ဘွားများနိုင်ငံ UAE နှင့် ဘာရိန်းနိုင်ငံတို့ လတ်တလော ပါဝင်ယှဉ်ပြိုင်မှုဟာ အဲဒီ ၃ နိုင်ငံတို့အနေနှင့် ကာတာနိုင်ငံနှင့်အတူ စေ့စပ်လုပ်ဆောင်ဖို့ ဆန္ဒရှိနေကြတဲ့ လက္ခဏာတရပ်ဖြစ်တယ်ဆိုတာကို အလေးပေးဖော်ပြခဲ့ပါတယ်။ ဆော်ဒီတို့ရဲ့ သဘောထားပျော့ပျောင်းလာမှုဟာ နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုတွေ ထက်ဝက်ကျဆင်းသွားခဲ့ရတဲ့ ARAMCO တိုက်ခိုက်မှုက လှုံ့ဆော်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒေသပိုင်းအခြေအနေတွေအပေါ် အထူးသဖြင့် ARAMCO ဖြစ်ရပ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စိတ်မပါတပါ တုံ့ပြန်ချက်ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အမေရိကန်ပြည်ထောင်စုအပေါ် မီခိုနေရမှု လျော့ပါးစေဖို့နှင့် ၂၀၁၉ ခုနှစ်၊ GCC ညီလာခံရဲ့ ပူးတွဲကြေညာချက်မှာ တွေ့မြင်ရတဲ့အတိုင်း ပင်လယ်ကွေ့ဒေသ စည်းလုံးညီညွတ်မှု တိုးတက်စေဖို့ ဦးတည်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း UAE နိုင်ငံဟာ ကာတာနိုင်ငံအပေါ် အခိုင်အမာ ဆန့်ကျင်ရပ်တည်နေဆဲဖြစ်ပြီး ကာတာနိုင်ငံနှင့် ချည်းကပ်လုပ်ဆောင်ရာမှာ ပြောင်းလဲမှုတစုံတရာမျှ မပေးအပ်သေးတာကြောင့် ဖော်ပြပါ အခြေအနေတွေဟာ ကာတာနိုင်ငံ အကျပ်အတည်းအနေနှင့် မဝေးတော့တဲ့ အနာဂတ်မှာ အဆုံးသတ်သွားမယ်လို့တော့ မသေချာသေးပါဘူး။ UAE နိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီး Anwar Gargash ကတော့ အဲဒီအကျပ်အတည်းအတွက် ကာတာနိုင်ငံကို အပြစ်တင်ခဲ့ပြီး ဖြေရှင်းဖို့တာဝန်ဟာ အကျပ်အတည်းဖြစ်ပေါ်စေခဲ့တဲ့ နိုင်ငံအပေါ်မှာ တည်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

သို့လင့်ကစား ကာတာနိုင်ငံရဲ့ နိုင်ငံခြားရေးဝတ်ကြီး Mohammed bin Abdulrahman bin Jassim Al Thani ကတော့ အပြန်အလှန် လေးစားမှုနှင့် တခြားနိုင်ငံတွေရဲ့ နိုင်ငံတကာရေးရာတွေမှာ ကြားဝင် မစွန့်ဖက်မှုတို့အပေါ်အခြေခံတဲ့ ချွင်းချက်မရှိ စေ့စပ်ဆွေးနွေးမှု ၁ ခုမှာညှိနှိုင်းသွားဖို့ ကာတာနိုင်ငံရဲ့ ဆန္ဒသဘောထားကို ထပ်မံဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကာတာနိုင်ငံအကျပ်အတည်း ဖြေရှင်းရေးအတွက် အစဉ်မပြတ် ဖော်ပြနေခဲ့ပြီး ဒါဟာ ပါရှန်း ပင်လယ်ကွေ့ဒေသ လုံခြုံရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် အရေးကြီးပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်း အိန္ဒိယနိုင်ငံသား ၃.၂ သန်းနှင့် ကာတာနိုင်ငံအတွင်း ၀.၆ သန်းတို့ရှိနေကြပြီး ၎င်းတို့ရဲ့ ဘေးကင်းလုံခြုံရေးဟာ အိန္ဒိယနိုင်ငံအတွက် အဓိက စိုးရိမ်ချက်ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံဟာ ကုန်သွယ်ရေး၊ စွမ်းအင်၊ နိုင်ငံသားခံယူမှု၊ ငွေကြေး လွှဲပြောင်းမှုနှင့် Haj ဘုရားဖူးသွားရောက်မှုတွေမှာ အိန္ဒိယနိုင်ငံအတွက် အရေးပါပြီး ကာတာနိုင်ငံကတော့ အိန္ဒိယနိုင်ငံအနေနှင့် ရေရှည်စွမ်းအင် တင်သွင်းမှု သဘောတူစာချုပ်တခု ရှိထားတဲ့ တခုတည်းသောနိုင်ငံဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မျှတတဲ့ ရပ်တည်ချက်တရပ် ထားရှိနေပြီး ဖော်ပြပါ ၄ နိုင်ငံတို့ဟာ ကာတာနိုင်ငံကို ဝိုင်းပယ်ထားကြကာ ၎င်းတို့ရဲ့ မတူကွဲပြားမှုတွေကို အပြန်အလှန် လေးစားမှု၊ အချုပ်အခြာအာဏာနှင့် တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ မစွန့်ဖက်ရေး စတဲ့ နိုင်ငံတကာ စည်းမျဉ်းတွေအပေါ် အခြေခံပြီး အကျိုးဖြစ်ထွန်းတဲ့ ဆွေးနွေးမှုနှင့် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းမှုတို့မှတဆင့် သက်ဆိုင်ရာနိုင်ငံအားလုံး ဖြေရှင်းသွားဖို့လိုအပ်ကြောင်းဖော်ပြလျှက် တရားဝင်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ကာတာနိုင်ငံအကျပ်အတည်း ဖြေရှင်းမှုဟာ ဒေသပိုင်းနှင့် ကမ္ဘာ့တည်ငြိမ်ရေးအတွက် မဖြစ်မနေအရေးကြီးပြီး ဆော်ဒီ-ကာတာ ဆက်ဆံရေးတွေမှာ ပျော့ပျောင်းလာမှု အခြေအနေတွေဟာ ဒေသပိုင်းနှင့် အိန္ဒိယနိုင်ငံတို့အတွက် အပြုသဘောဆောင် လက္ခဏာတရပ်ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Lakshmi Priya ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”