ဒုတိယအကြိမ် အင်ဒို-အမေရိကန် ၂ ဦးစီ တွေ့ဆုံဆွေးနွေးပွဲ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ JNU တက္ကသိုလ်၊ အမေရိကန် လေ့လာရေးဌာနမှ ဆောင်းပါးရှင် ပါမောက္ခ Chintamani Mahapatra ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဒုတိယအကြိမ် အင်ဒို-အမေရိကန် ၂ ဦးစီ တွေ့ဆုံဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး ဝန်ကြီးတွေနှင့် ထိပ်တန်း အရာရှိတို့အကြား ဒုတိယအကြိမ် ၂ ဦးစီ ဆွေ့ဆုံဆွေးနွေးပွဲဟာ ယခုသီတင်းပတ်အတွင်း ဝါရှင်တန် ဒီစီမြို့မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲအတွင်း အဓိကဆွေးနွေးချက်တွေမှာဆိုရင် ဒေသပိုင်း လုံခြုံရေး အခြေအနေ၊ အကြမ်းဖက်ဝါဒ ကိုင်တွယ်ဖြေရှင်းရေး၊ အာဖကန်နစ္စတန်နိုင်ငံ တည်ငြိမ်ရေး၊ အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွင်း ငြိမ်းချမ်းတည်ငြိမ်မှုရှိစေဖို့ လက်တွဲဆောင်ရွက်ရေးတို့မှာ အရေးပါတဲ့ အခြေအနေတွေအပေါ် သဘောထားထင်မြင်ချက် နှီးနှောဖလှယ်ချက်တို့ ပါဝင်ခဲ့ပါတယ်။ ဆွေးနွေးပွဲရဲ့ အရေးအကြီးဆုံးရလဒ်ကတော့ စက်မှုလုပ်ငန်း လုံခြုံရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တရပ် လက်မှတ်ရေးထိုးမှုဖြစ်ပြီး ဒါဟာဆိုရင် ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေကို လက်ရှိအားဖြင့် အထောက်အကူပြီး ပိုမိုအဆင်ပြေ ချောမွေ့စေမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ၂ ဦးစီ ဆွေးနွေးပွဲတုန်းက ၂ နှစ်နိုင်ငံတို့ရဲ့ တပ်မတော်တွေ ပူးတွဲလုပ်ဆောင်ချက် တိုးတက်စေဖို့အတွက် ဆက်သွယ်ရေး လိုလျောညီထွေမှုနှင့် လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် သို့မဟုတ် COMCASA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့် ယခုလို ဒုတိယအကြိမ် ဆွေးနွေးမှုဟာ ၂ နိုင်ငံတို့အကြား ကာကွယ်ရေးနှင့် လုံခြုံရေးရာ ဆက်ဆံရေးတွေကို ပိုမိုတိုးတက် နက်ရှိုင်းစေခဲ့ပါတယ်။

အမေရိကန်သမ္မတ Mr. Donald Trump ဟာ အမေရိကန် အောက်လွှတ်တော်အတွင်း အရေးယူဖို့ စွဲချက်တွေတင်ရာမှာ ၎င်းရဲ့ အုပ်ချုပ်ရေးအဖွဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်ချက်တရပ်ကို ရင်ဆိုင်နေခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံဟာ အကောင်အထည်ဖော်ဆောင်မှု သော့ချက်နေရာနှင့် ဥပဒေ စီမံချက်အသစ်တွေရဲ့ အခရာနေရာမှာ ရှိနေပါတယ်။ အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုတို့ဟာ စည်းကျပ်ခွန်နှင့် အထွေထွေ ဦးစားပေးမှုစနစ်တို့အပေါ် သဘောကွဲလွဲမှုတွေ ဖြေရှင်းဖို့အတွက် ကုန်သွယ်ရေးရာ စေ့စပ်ဆွေးနွေးမှုတွေအလယ်မှာ ရှိနေကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ဝါရှင်တန်အစိုးရရဲ့ ဖိအားတွေရှိနေပေမယ့် ရုရှားနိုင်ငံနှင့်အတူ နိုင်ငံရဲ့ ကာကွယ်ရေး သဘောတူညီချက်တွေ ရှေ့ဆက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခြားတဖက်မှာဆိုရင် Trump အုပ်ချုပ်ရေးအဖွဲ့ဟာ အီရန်နိုင်ငံအပေါ် အိန္ဒိယနိုင်ငံက လက်မခံနိုင်တဲ့ ပိတ်ဆို့အရေးယူရေး ပေါ်လစီတရပ်ကို ထားရှိခဲ့ပါတယ်။

အထွေထွေ ဦးစားပေးမှုစနစ် ရုပ်သိမ်းလိုက်ခြင်းဟာ ဒေါ်လာငွေ ဘီလျံများစွာပါဝင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်စေခဲ့တာကြောင့် အိန္ဒိယ ကုမ္ပဏီတွေက ဒီလိုဖယ်ရှားမှုအပေါ် စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရပါတယ်။ ကာကွယ်ရေးအသုံးအဆောင်ပစ္စည်း ဝယ်ယူမှုကဏ္ဍမှာ အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါတဲ့ မိတ်ဆွေနိုင်ငံဖြစ်နေတယ်ဆိုတဲ့ အချက်ဟာ အစိုးရ ၂ ရပ်တို့ရဲ့ ခေါင်းဆောင်ပိုင်းတွေ အပြောင်းအလဲတွေနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေမှာ မြင်တွေ့ရပြီး အမေရိကန် ကုမ္ပဏီ ၂၀၀၀ ခန့်တို့ဟာ အိန္ဒိယနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေကြပြီး အိန္ဒိယကုမ္ပဏီ ၂၀၀ ခန့်တို့ကလည်း အမေရိကန်ပြည်ထောင်စုအတွင်း ဒေါ်လာ ဘီလျံများစွာတို့ကို ရင်းနှီးမြှုပ်နှံထားကြပါတယ်။ အိန္ဒိယ ကျောင်းသူ/သား ၂ သိန်းကျော်တို့ဟာ အမေရိကန်ပြည်ထောင်စုမှာ လေ့လာသင်ယူနေကြပြီး အမေရိကန်စီးပွားရေးအတွက် နှစ်စဉ်အားဖြင့် ဒေါ်လာ ၇ ဘီလျံခန့်အထိ ပါဝင်စေလျှက်ရှိပါတယ်။

အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့ဟာ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ တရုပ်နိုင်ငံရဲ့ စင်္ကြံနှင့်လမ်းမ စီမံကိန်း ဆန့်ကျင်ရေး၊ တောင်တရုပ်ပင်လယ်ဒေသအတွင်း အငြင်းပွားမှုတွေ ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် ပိုမိုကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း ရေကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေးတို့အပေါ်မှာလည်း တူညီတဲ့ဘက်မှာ ရှိနေကြပါတယ်။

အိန္ဒိယနိုင်ငံဟာ အနုမြူစွမ်းရည်နှင့် တိုးတက်တဲ့ ဒီမိုကရေစီ တရပ်နှင့်အတူ ၅ ထရီလျံရှိတဲ့ စီးပွားရေးနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် ချီတက်နေပြီး အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံကို မဟာဗျူဟာ မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက်ရှုမြင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်း နိုင်ငံရေးရာ ပါတီတွေကလည်း အမေရိကန်ပြည်ထောင်စုနှင့် ချီတက်လုပ်ဆောင်သွားမယ်ဆိုရင် ကမ္ဘာ့ရေးရာတွေမှာ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသွားမှာဖြစ်တယ်လို့ ရှင်းလင်းစွာ နားလည်ထားမှုရှိထားကြပါတယ်။ ဒါကြောင့် ဝါရှင်တန်မြို့က ဒုတိယအကြိမ် ၂ ဦးစီ ဆွေးနွေးပွဲဟာ မှန်ကန်တဲ့လမ်းကြောင်းအတွင်း သမိုင်းမှတ်တိုင်တရပ်ပင် ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Prof.Chintamani Mahapatra ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”