သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်အခန်းမှာ၊ ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲက BREXIT အစီအစဉ်ကို အကောင်အထည်ဖော်မည်လော၊ သို့မဟုတ် ယင်းအစီအစဉ်ကို ပျက်ပြားစေမည်လော ဆိုတဲ့ခေါင်းစဉ်နဲ့ Jawaharlal Nehru တက္ကသိုလ် ဥရောပရေးရာ ဗဟိုဋ္ဌာန၊ ဋ္ဌာနမှူးပါမောက္ခ Ummu Salma Bava ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၊ Brexit ခေါ်၊ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နှုတ်ထွက်ရေးအပေါ် ဆုံးဖြတ်မဲ့ လူထုဆန္ဒခံယူပွဲကျင်းပပြီးတဲ့အချိန်ကစပြီး၊ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးဟာ၊ နိမ့်ချီတခါ မြင့်ချီတလှည့်ဖြစ်လာနေခဲ့ပါတယ်။ အဲဒီဆန္ဒခံယူပွဲရလဒ်ရဲ့အကျိုးရလဒ်ရဲ့ အကျိုးဆက်အနေနဲ့ David Cameron နဲ့ Theresa May ဆိုတဲ့ဝန်ကြီးချုပ်နှစ်ဦး ရာထူးဆုံးရှုံးခဲ့ကြရရုံသာမကဘဲ၊ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးကို ချောက်ကမ်းပါးအောက်ကျလုနီးပါးအခြေအနေကိုတောင် ဆိုက်ရောက်စေခဲ့ပါတယ်။ ဥရောပသမဂ္ဂမှ နှုတ်ထွက်ဖို့ ပြင်ဆင်နေတဲ့ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးကို မေသချာမရေရာတဲ့အခြေအနေသို့ ဆိုက်ရောက်စေခဲ့တာက ပိုတောင်ဆိုးပါသေးတယ်။ Theresa May ၊ ဥရောပသမဂ္ဂနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်မူကြမ်း အတည်ပြုချက်ရဘို့ ဗြိတိသျှပါလီမန်မှာ အကြိမ်ကြိမ် တည်သွင်းခဲ့ပေမဲ့၊ သူမရဲ့ ကွန်ဆာပေးတစ်ပါတီဝင်အမတ်တွေရဲ့ထောက်ခံမှု မရခဲ့တာကြောင့် သူမဟာ ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ခဲ့ရပြီး၊ ဒီနှစ်ဇူလိုင်လမှာ ပါတီရဲ့ခေါင်းဆောင်သစ်အဖြစ် Boris Johnson တက်လာပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ Brexit အဆိုပြုချက်လည်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ၊ ပါလီမန်ရဲ့ အတည်ပြုချက်မရခဲ့ပါဘူး။ Brussels က သူ့ကို ၂၀၂၀ ဇန်နဝါရီလအထိ ၃ လ အချိန်တိုးပေးခဲ့ပါတယ်။
တကယ်တော့ UK နိုင်ငံ ဥရောပ ဘုံဈေးအဖွဲ့ဝင်ဖြစ်လာခဲ့ပုံကလည်း ဆန်းပါတယ်။ ဥရောဘုံဈေးအဖွဲ့ကို ၁၉၅၇ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ အဲဒီအချိန်က ပြင်သစ်သမ္မတ Charles de Gaulle က ဗြိတိန်နိုင်ငံတင်သွင်းတဲ့ ဝင်ခွင့်လျှောက်လွှာကို လက်ခံဘို့ ငြင်းဆန်ခဲ့လို့ ၁၉၇၃ ခုနှစ်ကျမှဘဲ အဖွဲ့ဝင်ဖြစ်ခွင့် ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း၊ ဥရောပဘုံဈေးအဖွဲ့ ၁၉၉၂ ခုနှစ်မှာ ဥရောပသမဂ္ဂအဖြစ်သို့ ပြောင်းလဲလာခဲ့ရာမှာ၊ ဗြိတိန်နိုင်ငံဟာ၊ စုပေါင်းချမှတ်ခဲ့တဲ့ အစီအမံအချို့ကို မလိုက်နာဘို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ မိမိရဲ့ငွေကြေးနဲ့ ဗီဇာနစ်တို့ကို ဆက်ပြီးကျင့်သုံးနေခဲ့ပါတယ်။ ဥရောပသမဂ္ဂဝင် အခြားနိုင်ငံအားလုံးကတော့၊ မိမိတို့နိုင်ငံအသီးသီးရဲ့ ငွေကြေးစနစ်ကို စွန့်လွှတ်ပြီး ဘုံငွေကြေးဖြစ်တဲ့ ယူရိုကို ပြောင်းလဲသုံးစွဲလာခဲ့ကြသလို၊ Schengen လို့ခေါ်တဲ့ ဘုံဗီဇာစနစ်ကိုလည်း ပြောင်းလဲကျင့်သုံးလာခဲ့ပါတယ်။ အဲဒီလိုကွဲပြားမှုတွေကြောင့် London က တဖက် ဥရောပတိုက်ရဲ့ အခြားမြို့တော်တွေကတဖက် အမြဲတမ်းပြဿနာဖြစ်လာခဲ့ရာမှာ၊ ဗြိတိန်ရဲ့ ပြည်တွင်းနိုင်ငံရေးဟာ လွန်ခဲ့သောဆယ်နှစ်တာကာလအတွင်း၊ ဥရောပသမဂ္ဂနဲ့ တနေ့ထက်တနေ့တိုးပြီး ထိပ်တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်လာခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ မိခင်လို့တင်စားခေါ်ဆိုခြင်းခံရပြီး၊ Conservative ပါတီနဲ့ Labour ပါတီ ဆိုတဲ့ ၂ ပါတီသာကြီးစိုးခဲ့တာကြောင့် နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်သောအစိုးရများအုပ်စိုးခဲ့တဲ့ ဗြိတိန်နိုင်ငံမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၊ Brexit ပါတီ၊ Democratic Unionist ပါတီ နဲ့ UK လွတ်လပ်ရေးပါတီ ဆိုတဲ့ပါတီများ ပေါက်ဖွားလာအောင် ရေခံမြေခံ ဖန်တီးလာခဲ့ပါတယ်။ ပါတီကြီး ၂ ခုအနက် တခုမှာ ပါလီမန်နေရာအများစုမရတဲ့ အခြေအနေမျိုးမှာ ဒီပါတီငယ်တွေဟာ ပါတီကြီးတခု အစိုးရအဖွဲ့ဖွဲ့စည်းနိုင်အောင် ထောက်ခံနိုင်ကြသလို၊ ရွေးကောက်ပွဲမှာ ဖျက်မြင်းလို့လည်း ဝင်ရောက်လှုပ်ရှားနိုင်ကြပါတယ်။ တခါ စကော့တလန်ပြည်နယ်လွတ်လပ်ရေးတောင်းဆိုမှုကလည်း၊ ငါးနှစ်အတွင်း၊ တတိယအကြိမ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ် အလွန်ကို မရေမရာဖြစ်စေသော အကြောင်းတရားတွေအနက် တခုဖြစ်လာပါတယ်။ အခြားအကြောင်းတရားတွေထဲမှာ၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်တာနဲ့ Brexit အရေးကြောင့် တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ၎င်း၊ ပြည်သူလူထုအတွင်းမှာ၎င်း၊ သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်လာခဲ့ရတာတွေဘဲဖြစ်ပါတယ်။
Boris Johnson ရဲ့၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဘို့ ဆုံးဖြတ်တာဟာ နိုင်ငံရေးစွန့်စားချက်တခုဖြစ်ပါတယ်။ Brexit အတွက်၊ မိမိရဲ့ပါတီ လူထုထောက်ခံမှု အထင်အရှားရရှိဘို့အတွက် စွန့်စားရတာမနဲပါဘူး။ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာလိုက်ပြီးတဲ့နောက်၊ Boris Johnson နဲ့ လေဘာပါတီခေါင်းဆောင် Jeremy Corbyn တို့ တဦးနဲ့တဦး ခါးသီးစွာ စကားစစ်ထိုးခဲ့ကြပါတယ်။ “Get Brexit Done” Brexit လုပ်ဖြစ်အောင်လုပ်ပါဆိုတဲ့ ရိုးရှင်းသော်လည်း ထိရောက်မှုရှိသော ကြွေးကြော်သံအောက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအတွင်းပြုလုပ်တဲ့ စစ်တမ်းကောက်ယူကြရာမှာ မဲဆန္ဒရှင်များက၊ Conservative ပါတီကို အပြတ်အသတ်အနိုင်ရအောင်၊ ထောက်ခံမဲပေးခဲ့ကြပုံရပါတယ်။ သို့ပင်ဖြစ်လင့်ကစား၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အမှီ ဥရောပသမဂ္ဂနဲ့ စေ့စပ်ဆွေးနွေးမှုအားလုံး အပြီးသတ်နိုင်လိမ့်မယ်လို့ အတတ်မပြောနိုင်ပါဘူး။ အခုဆောင်ရွက်ရမဲ့လုပ်ငန်းအစီအစဉ်မှာ၊ UK နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနဲ့ထားရှိရမဲ့ ဆက်ဆံရေးရဲ့ကဏ္ဍတိုင်းအပေါ် စေ့စေ့စပ်စပ် ဆွေးနွေးရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရတာဟာ၊ Boris Johnson အတွက်၊ ပုဂ္ဂိုလ်ရေးအရ အောင်မြင်မှုတခုဖြစ်ပါတယ်။ သူဟာ၊ ပါလီမန်လွှတ်တော်ရဲ့ နောက်တန်းမှာသာရှိနေခဲ့ရာက၊ ပါတီရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါပြီ။ အခုသူဟာ၊ Brexit အပေါ် မိမိရဲ့ဖေါ်နည်းကားကို ကမ်းလှမ်းပါတော့မယ်။
ဒီနှစ်စောစောပိုင်းမှာ Boris Johnson ဟာ၊ အိန္ဒိယနိုင်ငံမှာ ၂၀၁၉ ခုနှစ် မေလကကျင်းပခဲ့သော ရွေးကောက်ပွဲမှာ Mr Narendra Modi အနိုင်ရခဲ့တာကို ကြိုဆိုခဲ့ပါတယ်။ သူက၊ လာမဲ့နှစ်တွေမှာ အိန္ဒိယနဲ့ ယူကေ ပိုပြီးရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ဖို့ မိမိမျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ Brexit ကို Mr Johnson ပဲ့ကိုင်နေစဉ်အတွင်း၊ UK အနေနဲ့ အခြားနိုင်ငံများနဲပ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို အသစ်တည်ဆောက်ရမှာဖြစ်လို့ UK နဲ့ အိန္ဒိယ မိတ်ဖက်ဆက်ဆံရေးဟာ အရေးကြီးပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ကလည်း တရားဝင်နိုင်ငံ ရွှေ့ပြောင်းဝင်ရောက်မှုဆိုင်ရာ ဥပဒေကို ပိုပြီးတောင့်တင်းအောင်လုပ်ရေး မျှော်လင့်နေပြီး၊ UK နိုင်ငံသို့ သွားရောက်ပညာဆည်းပူးနေကြသော ကျောင်းသားကျောင်းသူပေါင်းများစွာတို့ရဲ့ ဗီဇာကို ရက်တိုးပေးလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ ကုန်သွယ်ရေးကို တိုးချဲ့ဘို့ဆိုတာ၊ UK နဲ့ ဥရောပသမဂ္ဂအကြား ရရှိမဲ့ သဘောတူညီချက်အပေါ်မူတည်နေကြောင်း ဆောင်းပါးရှင် ပါမောက္ခ Ummu Salma Bava ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ်ခင်ဗျား။
Comments
Post a Comment