ဝန်ကြီးချုပ် Merkel အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်းက အိန္ဒိယ-ဂျာမဏီနှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်လိုက်ခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက် အခန်းမှာ ဝန်ကြီးချုပ် Merkel အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်းက အိန္ဒိယ-ဂျာမဏီနှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်လိုက်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျဝါဟာလာနေရှုးတက္ကသိုလ်၊ ဥရောပရေးရာလေ့လာရေးမဟာဋ္ဌာနမှ ပါမောက္ခ Ummu Salma Bava ရေးသားပေးပို့တဲ့ ဆောင်းပါးကိုဖတ်ကြားအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ ဂျာမဏီနိုင်ငံဝန်ကြီးချုပ် Angela Merkel ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့အတူ ပူးတွဲသဘာပတိအဖြစ် ပဥ္စမအကြိမ်မြောက် အစိုးရချင်းညှိနှိုင်းတိုင်းပင်ရေးအစည်းအဝေးကို ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ ဂျာမဏီနိုင်ငံ အဲဒီလို အဆင့်မြင့်တိုင်ပင်ဆွေးနွေးမှုပြုလုပ်တဲ့ အနည်းငယ်မျှသော နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံပါဝင်ပါတယ်။ သူမနဲ့အတူ ဝန်ကြီး ၁၂ ဦးနဲ့၊ ကြီးမားတဲ့စီးပွားကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာခဲ့ပါတယ်။ ဝန်ကြီးချုပ် Merkel အိန္ဒိယနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပါတယ်။ အိန္ဒိယသမ္မတကြီး Ram Nath Kovind ကို တွေ့ဆုံနှုတ်ဆက်စဉ်၊ သမ္မတကြီး Kovind က၊ အိန္ဒိယနဲ့ ဂျာမဏီ နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှုဆက်ဆံရေးခိုင်မြဲနေတာကို ထောက်ရှုပြီး၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂအကြား ဟန်ချက်ညီပြီး ကျယ်ပြန့်တဲ့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ သဘောတူညီချက်တရပ်ထွက်ပေါ်ရေး စောလျင်စွာဆွေးနွေးကာ ချုပ်ဆိုနိုင်ဘို့ ကြိုးပမ်းရာမှာ ဂျာမဏီနိုင်ငံရဲ့ ထောက်ခံမှု အရေးကြီးတယ်လို့ အိန္ဒိယနိုင်ငံ သဘောရကြောင်း ပြောကြားပါတယ်။
ဥရောပသမဂ္ဂဝင်နိုင်ငံတွေထဲမှာ ဂျာမဏီဟာ အိန္ဒိယရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အဆိုပါသဘောတူညီချက်ရရှိရေး ဆွေးနွေးပွဲ ပြန်လည်စတင်ဖို့ ဆန္ဒရှိကြောင်း၊ သမ္မတ Kovind ရဲ့ပြောကြားချက်က သိသာစေပါတယ်။ နိုင်ငံပေါင်းစုံဝါဒနဲ့ ဝင်ရိုးပေါင်းစုံကမ္ဘာ့စနစ်တို့ကို၎င်း၊ အကြမ်းဖက်ဝါဒနှိမ်နှင်းရေးကို၎င်း ခိုင်မြဲစေဘို့နဲ့ FATF ခေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူတိုက်ဖျက်ရေးအဖွဲ့ အစည်းအဝေးမှာ နှစ်နိုင်ငံတို့ မိမိတို့ရဲ့ရပ်တည်ချက်တွေကို ညှိနှိုင်းချမှတ်ရေးမှာ၎င်း အတူတကွလုပ်ဆောင်ဖို့ အရေးကြီးကြောင်း သမ္မတကြီး Kovind က အလေးအနက်ပြောကြားပါတယ်။
အိန္ဒိယနဲ့ ဂျာမဏီနှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေးဟာ၊ ဒီမိုကရေစီ၊ လွတ်လပ်ပြီးတရားမျှတသောကုန်သွယ်ရေး၊ စည်းမျဉ်းစည်းကမ်းလိုက်နာသော နိုင်ငံတကာစနစ် ဆိုတဲ့ မူများအပြင် အပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှုတို့အပေါ် အခြေခံကြောင်း အဒီအစည်းအဝေးမှာ ဝန်ကြီးချုပ်မိုဒီနဲ့ ဝန်ကြီးချုပ် Merkel တို့ ၂ ဦးစလုံးက ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီက၊ ဝန်ကြီးချုပ် Merkel ဟာ မိမိရဲ့ ဆွေးနွေးဖက်ဝန်ကြီးချုပ်တဦးနဲ့ မိတ်ဆွေတဦးတို့ဖြစ်ရုံသာမကဘဲ၊ ဝါရင့်ကမ္ဘာ့ခေါင်းဆောင်ကြီးတဦးဖြစ်ကြောင်း ပြောပါတယ်။ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြသော သဘောတူညီချက်များက၊ အိန္ဒိယနဲ့ ဂျာမဏီနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို သက်သေပြနေကြောင်း၊ ၎င်းကမှတ်ချက်ချပါတယ်။ လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း ပူးတွဲကာ အစပျိုးဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ဆွေးနွေးသုံးသပ်ကြပြီးတဲ့နောက်၊ ကဏ္ဍအမျိုးမျိုး ကျယ်ပြန့်စွာအကျုံးဝင်သော သဘောတူညီချက် ၁၁ ခုကို အိန္ဒိယနဲ့ ဂျာမဏီ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက် လက်မှတ်တွေကို အကြမ်းအားဖြင့် အမျိုးအစား ၄ မျိုး ခွဲနိုင်ပါတယ်။ အဲဒါတွေကတော့၊ Artificial Intelligence နဲ့ ဒစ်ဂျစ်တယ်ဇာတ်သွင်းရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင်တည်ဆောက်ရေး၊ တည်ထွင်ဆန်းသစ်မှုနဲ့ အသိပညာအားဖြင့်၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုနယ်မြေကို ချဲ့ထွင်ရေး၊ ရာသီဥတုဖေါက်ပြန်မှုကုစားရေးနဲ့ ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ အရှိန်မပျက်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံပြည်သူတို့ တပေါင်းတစည်းထဲ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေအပေါ် အတူတကွတာဝန်ယူဆောင်ရွက်ရေးတို့ဖြစ်ပါတယ်။
အိန္ဒိယ-ဂျာမဏီ အစိုးရချင်း ညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေငြာချက်ဟာ အချက်ပေါင်း ၇၃ ချက်ပါဝင်ပြီး၊ အသေးစိတ်ကျတဲ့ကြေငြာချက်တစောင် ဖြစ်ပါတယ်။ အဒီအချက်ပေါင်း ၇၃ ချက်ဟာ ကဏ္ဍကြီး ၅ ခုမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြမဲ့ လုပ်ငန်းနယ်ပယ်များကို အသေးစိတ်ဖေါ်ပြထားပါတယ်။ ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကဏ္ဍနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့မှာ တနိုင်ငံပိုင်ဆိုင်တဲ့ အစွမ်းအစနဲ့ တခြားတနိုင်ငံပိုင်ဆိုင်တဲ့ အစွမ်းအစတို့ ပေါင်းစပ်လုပ်ကိုင်ရေး ပါဝင်အကျုံးဝင်သလို၊ ဂျာမန်စက်မှုလုပ်ငန်းကဏ္ဍ အမှတ် ၄.၀ နဲ့ ပေါ်ထွန်းစ၊ အိန္ဒိယစီးပွားကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ ခေတ်မှီကုန်ထုတ်လုပ်ရေးလုပ်ငန်း ကဏ္ဍတို့အကြား ပေါင်းကူးဆက်စပ်ရေးနဲ့ စံချိန်စံညွှန်းသတ်မှတ်ရေး၊ စီးပွားကုန်သွယ်ရေးကွန်ယက်စနစ်၊ IT များမှာ၎င်း၊ B2B လုပ်ငန်းများမှာ၎င်း လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေနဲ့ပတ်သက်သော သတင်းအချက်အလက်များဖလှယ်ရေးတို့ အကျုံးဝင်ပါတယ်။
ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုကဏ္ဍမှာ၊ ခေါင်းဆောင်နှစ်ဦးစလုံးက၊ စည်းကမ်းစနစ် လိုက်နာသော နိုင်ငံတကာကုန်သွယ်ရေးစနစ်နဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တိုင်းကိုး ထောက်ခံကြပါတယ်။ ‘make in India’ Mittelstand အစီအစဉ်နဲ့ ဂျာမန်-အိန္ဒိယ Startup ဖလှယ်ရေးအစီအစဉ်တို့ဟာ နှစ်နိုင်ငံဝန်ကြီးချုပ်တို့ အလေးအနက်ဖေါ်ပြတဲ့ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွေစာရင်းမှာ ပါဝင်ကြပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တို့ဟာ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ လျပ်စစ်ဓါတ်အားနဲ့ပြေးဆွဲသောယာဉ်များထုတ်လုပ်ပြေးဆွဲရေးကဏ္ဍ၊ လောင်စာစွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးကဏ္ဍတို့လို ပျက်စီးဆုံးရှုံးမှုမရှိဘဲ ဖွံ့ဖြိုးစေသော ဆန်းသစ်တဲ့နည်းပညာများ ထွန်းကားရေးကို ထောက်ခံကြပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ ဂျာမဏီနှစ်နိုင်ငံအကြား ဘဏ္ဍာရေးဝန်ကြီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိများရဲ့ ပူးတွဲအစည်းအဝေးကို ပြန်လည်စတင်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးဟာ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ အကျိုးစီးပွားများဆိုင်ရာ သတင်းအချက်အလက်များအပြန်အလှန်ဖလှယ်ရာ စင်မြင့်တခုဖြစ်ပါတယ်။ အခြားပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြတဲ့ကဏ္ဍများမှာ အိန္ဒိယနိုင်ငံရဲ့ အမြန်နှုန်းမြင့်မားစွာခုတ်မောင်းသောရထားနဲ့ အတော်အတန်မြင့်မားသော အမြန်နှုန်းနဲ့ ခုတ်မောင်းသောရထားစီမံကိန်းများ၊ အရပ်ဖက်လေကြောင်းပို့ဆောင်ရေးတို့လည်း ပါဝင်ကြပါတယ်။ ဒါ့အပြင်၊ နှစ်နိုင်ငံအကြား ဘေးအန္တရာယ်ကျရောက်ပျက်စီးမှုမှ ပြန်လည်တည်ဆောက်ရေးအခြေခံအဆောက်အဦးကဏ္ဍ လက်တွဲဆောင်ရွက်ရေးကို ဝန်ကြီးချုပ် ၂ ဦးတို့ ကြိုဆိုကြပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုမရှိစေပဲ၊ အရှိန်မပျက် တိုးတက်ဖွံ့ဖြိုးရေးအတွက် ချမှတ်ထားသော ရည်မှန်းချက်များနဲ့ ပါရီသဘောတူညီချက်တို့ဟာ ရာသီဥတုဖေါက်ပြန်မှု ရင်ဆိုင်ကုစားရေးကဏ္ဍမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို လမ်းညွှန်ပေးပြီး မူဘောင်များချက်မှတ်နေပါတယ်။ လောင်စာစွမ်းအင်ပြောင်းလဲအသုံးချရေးကဏ္ဍမှာဆိုရင်၊ အိန္ဒိယ-ဂျာမဏီ လောင်စာစွမ်းအင်ဖိုရမ်၊ ၂၀၁၅ ခုနှစ် အိန္ဒိယ-ဂျာမဏီ နေရောင်ခြည်စွမ်းအင်မိတ်ဖက်ဆောင်ရွက်ရေး၊ ၂၀၁၃ ခုနှစ်နဲ့ ဂျာမဏီနိုင်ငံ လောင်စာစိမ်းသို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေတဲ့ လောင်စာစွမ်းအင်စင်္ကြန်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အသားပေးဖေါ်ပြထားပါတယ်။ ပြည်သူအချင်းချင်းဆက်ဆံရေးနဲ့ပတ်သက်လို့ပြောရရင်၊ အဆင့်မြင့်ပညာရေးကဏ္ဍနဲ့ အိန္ဒိယ-ဂျာမဏီ သိပ္ပံနဲ့နည်းပညာ ဗဟိုဌာနတို့ကို အသားပေးဖေါ်ပြထားပါတယ်။
အိန္ဒိယနဲ့ ဂျာမဏီ မဟာဗျူဟာမြောက်ဆက်ဆံရေးဟာ ၂၀၂၀ ပြည့်နှစ်ကျရင် အနှစ် ၂၀ တင်းတင်းပြည့်မှာဖြစ်ပါတယ်။ တနှစ်တကြိမ် နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေးအတွင်းဝန်များ တက်ရောက်ဆွေးနွေးတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့် ညှိနှိုင်းတိုင်ပင်ရေး အစည်းအဝေးကျင်းပရေးလုပ်ငန်းစနစ်ကို စနစ်တကျ ချမှတ်ဖို့ ၂ ဖက်သဘောတူညီကြပါတယ်။ မဟာဗျူဟာ စေ့စပ်ဆွေးနွေးရေးလုပ်ငန်းတို့ကို သံခင်းတမန်ခင်းဆိုင်ရာ လမ်းကြောင်းရဲ့အပြင်မှာ အဆင့် ၁.၅ လမ်းကြောင်းမှာပြုလုပ်ရေးကို၎င်း၊ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသဆိုင်ရာလုံခြုံရေးစိန်ခေါ်မှုများကို နှစ်နိုင်ငံ လက်တွဲဖြေရှင်းရေးကို နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးအဆင့် အကျိုးတူဆွေးနွေးပွဲပြုလုပ်ခြင်းအားဖြင့် မြှင့်တင်ဘို့လည်း ခေါင်းဆောင်နှစ်ဦးတို့ သဘောတူဆုံးဖြတ်ကြပါတယ်။ အိန္ဒိယနဲ့ ဂျာမဏီ နှစ်နိုင်ငံစလုံးက၊ Afghanistan နိုင်ငံရဲ့ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံကြပါတယ်။ နောက်ပြီး အီရန်နိုင်ငံနှင့် အင်အားကြီးနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သော အနုမြူဆိုင်ရာသဘောတူညီချက်ကို အပြည့်အဝထောက်ခံကြောင်း ကြေငြာပါတယ်။ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေးတို့အတွက် ခိုင်မာပြီးထိရောက်သောနိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဟာ သော့ချက်ကျကြောင်း၊ အိန္ဒိယနဲ့ ဂျာမဏီ နှစ်နိုင်ငံစလုံးက ထပ်လောင်းအတည်ပြု ဖေါ်ပြခဲ့ကြကြောင်းပါခင်ဗျား။
Comments
Post a Comment