Jammu-Kashmir & Ladakh ဒေသတို့အတွက် အာရုံဦးသစ်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် M. K. Tikku ဝေဖန်ရေးသားပေးပို့ထားတဲ့ “Jammu-Kashmir & Ladakh ဒေသတို့အတွက် အာရုံဦးသစ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ယမန်နေ့ကအထိ မိမိတို့သိရှိထားကြတဲ့ Jammu နှင့် Kashmir ဒေသရဲ့ ပေါင်းစပ်ပြည်နယ်ဒေသဟာ တိုက်ဆိုင်တဲ့ သမိုင်းကြောင်းဆိုင်ရာ ဖြစ်ရပ်ပဲ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Jammu တောင်ပိုင်းဒေသနှင့် Kashmir တောင်ကြားဒေသတို့ အတူတကွ ပေါင်းစပ်ဖွဲ့စည်းမှုဟာ ဗြိတိသျှ အင်ပါယာနှင့် Dogra အုပ်စိုးသူ မဟာရာဇာ Gulab Singh တို့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ ၁၈၄၆ ခုနှစ်၊ Amritsar သဘောတူစာချုပ်ရဲ့ ရလဒ်ပင် ဖြစ်ခဲ့ပါတယ်။ Dogra တိုင်းနိုင်ငံရဲ့ တစိတ်တဒေသဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ဓလေ့ထုံးတမ်းတွေ လွှမ်းမိုးတည်ရှိတဲ့အတွက် တိဗက်ဒေသငယ်လေးအဖြစ်လည်း သိရှိထားတဲ့ ဒီ ဟိမဝန္တာတောင်တန်းဒေသကို ပြုလုပ်ခဲ့တာဟာ စစ်သူကြီး Zorawar Singh က Ladakh ဒေသကို အောင်နိုင်ခဲ့လို့ဖြစ်ပါတယ်။ သီးခြားနယ်မြေဒေသ ၃ ခုတို့ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြည်ထောင်စုနယ်မြေ ၂ ခုအဖြစ် ပြန်လည်သတ်မှတ် ဖွဲ့စည်းလိုက်တဲ့အခါ Jammu နှင့် Kashmir ဒေသတို့ရဲ့ ပထဝီအနေအထားကလည်း တစိတ်တပိုင်းအားဖြင့် ပြောင်းလဲသွားခဲ့ပါတယ်။

Ladakh ဒေသနေ ပြည်သူတွေအတွက်တော့ ပြည်နယ် မဲဆန္ဒနယ်မြေငယ်လေးအဖြစ် အခြေအနေကနေ ပြည်ထောင်စု နယ်မြေဒေသအဖြစ် ပြောင်းလဲချက်ဟာ ၎င်းတို့ ကာလကြာ တောင်ဆိုမှုတွေအတွက် အဖြေ ၁ ခုအဖြစ် ပေါ်ပေါက်လာပါတယ်။ တချိန်တုန်းက Jammu နှင့် Kashmir ပြည်နယ်ရဲ့ ဒီဟိမဝန္တာတောင်တန်း အမြင့်ပိုင်းဒေသကို ပြည်ထောင်စုနယ်မြေ ၁ ခုအဖြစ် ပြောင်းလဲဖို့ Ladakh ပြည်သူတွေရဲ့တောင်းဆိုမှုဟာ အနည်းဆုံး ရာစုနှစ်ဝက် ကြာမြင့်ပြီဖြစ်ပါတယ်။ ယခင်က ၁၉၇၀ ပြည့်နှစ်ကာလတွေအတွင်း Lama Lobzang ဟာ ဒီဒေသကို ပြည်ထောင်စုနယ်မြေ ၁ ခုအဖြစ် ပြောင်းလဲပြီး ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုထားရှိဖို့ Ladakh ဒေသခံပြည်သူတွေရဲ့ လိုအားနှစ်သက်မှုကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ Ladakh ဒေသမှ ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်တွေအနက် အပါအဝင်ဖြစ်ပါတယ်။ ဒီလို Ladakh ဒေသခံ အများအပြားတို့ရဲ့ ထင်မြင်ချက်ဟာ ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ပြဿနာရပ်တွေအတွက် ဖြေရှင်းချက် ဖြစ်ခဲ့ပါတယ်။ Srinagar မြို့မှာ အာဏာပါဝါ ချုပ်ကိုင်ထားသူတွေက Ladakh ဒေသကို Jammu နှင့် Kashmir ပြည်နယ်ရဲ့ ခေတ်ရေစီးကြောင်းနှင့် နောက်ကျနေတဲ့ ဒေသ ၁ ခုအဖြစ် ကာလကြာမြင့်စွာ သတ်မှတ်ခံနေခဲ့ရတယ်လို့ ၎င်းတို့ရဲ့အမြင်မှာရှိနေခဲ့ပါတယ်။ ဒါကြောင့် ၎င်းတို့ရဲ့ သီးခြား ယဉ်ကျေးမှု လက္ခဏာကိုဖော်ပြခွင့်နှင့် ဒေသရဲ့ စီးပွားရေးစွမ်းရည် အပြည့်အဝတို့ကို သဘောပေါက် နားလည်ခွင့် မပြုခဲ့ပါဘူး။ ဒါကြောင့် Ladakh ဒေသကို ပြည်ထောင်စုနယ်မြေ ၁ ခုအဖြစ် သတ်မှတ်ထားရှိချက်ဟာ Leh ဒေသနှင့် ဒီဒေသတဝှမ်းရှိ တခြားနေရာဒေသတွေမှာ အထိမ်းအမှတ် ပွဲတော်အများအပြားနှင့် စီစဉ်ကျင်းပမှုတွေ တွေ့ရှိခဲ့ရတာကို အံ့အားသင့်စရာ မဟုတ်ခဲ့ပါဘူး။

အခြားတဖက်မှာဆိုရင် Jammu ပြည်သူလူထုတို့ဟာ သမိုင်းအရလိုအပ်ချက်အဖြစ် Jammu နှင့် Kashmir ပြည်ထောင်စုနယ်မြေ တစိတ်တပိုင်းဖြစ်လာတဲ့ ၎င်းတို့ရဲ့ အနေအထားသစ်ကို ကြိုဆိုခဲ့ကြပါတယ်။ တကယ်တော့ ပြည်နယ်နှင့် ဗဟို အနီးကပ်ပေါင်းစပ်ဖို့ တောင်းဆိုချက်ဟာ Jammu ဒေသမှာ ယခင် ၁၉၅၀ ပြည့်နှစ်ကာလကတည်းက ပထမဆုံး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက Jammu ဒေသအခြေစိုက် Praja Parishad ပါတီ ဦးဆောင်ခဲ့တဲ့ ‘Ek Nishan, Ek Pradhan’ လို့ခေါ်တဲ့ အခြေခံဥပဒေ ၁ ခု၊ အချုပ်အခြာအာဏာပိုင် ၁ ခုထားရှိရေး လှုပ်ရှားမှုဟာ အလားတူသဘောထားရဲ့ ဖော်ပြချက် တစိတ်တပိုင်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Jammu နှင့် Kashmir ပြည်နယ်ဒေသကို ပြည်ထောင်စုနယ်မြေသစ် ၁ ခုအဖြစ် ပြန်လည်သတ်မှတ်ဖို့ ဆုံးဖြတ်ချက်ကို တောင်ကြားဒေသရဲ့ အခွင့်ထူးခံ လူတန်းစားအဖြစ် သတ်မှတ်ထားကြသူ အနည်းငယ်တို့ရဲ့ မကျေမနပ်ဖြစ်မှုတွေ ရှိခဲ့ပါတယ်။ ၎င်းတို့ရဲ့ မကျေနပ်ချက်တွေဟာ အခွင့်ထူးတွေနှင့် မြင့်မားတဲ့ ရာထူးနေရာတွေ ဆုံးရှုံးရာကနေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။ ယခုတော့ Kashmir တောင်ကြားဒေသဟာ ထိုက်သင့်တဲ့ ဖွံ့ဖြိုးရေး ရံပုံငွေကြေးအသုံးပြုမှုတွေ ရရှိသွားမှာဖြစ်ပါတယ်။ အုပ်ချုပ်မှုပိုင်းမှာ ပမာဏအများအပြား အဂတိ လိုက်စားမှုတွေကိုလည်း ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒေသခံ နိုင်ငံရေးရာ ခွင့်ပြုချက်အောက်မှာ ခွဲထွက်ရေးသမား အုပ်စုတွေရရှိနေတဲ့ အကာကွယ်ပေးမှုလည်း အဆုံးသတ်သွားပြီဖြစ်ပါတယ်။ အများအပြား ပျံ့နှံ့နေဆဲဖြစ်တဲ့ အစွန်းရောက်ဝါဒ ပြဿနာကိုလည်း ထိရောက်စွာ တိုက်ဖျက်သွားမှာဖြစ်သလို နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသား အာရုံပြုဖို့ လိုအပ်ပါတယ်။

ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး Mr. Amit Shah က ဗဟိုအစိုးရဟာ နောင်တချိန် အခြေအနေတွေ ခိုင်လုံမှုရှိသွားပြီဆိုရင် Jammu နှင့် Kashmir ဒေသကို ပြည်နယ် ၁ ခုအဖြစ် ယခင်က အခြေအနေအတိုင်း ပြန်ပြောင်းထားရှိဖို့ လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ထပ်မံဖော်ပြခဲ့ပါတယ်။ အပြောင်းအလဲပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ဟာ တချို့သူတွေ စွပ်စွဲထားသလို Kashmir ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိမှုကို ဖယ်ရှားပစ်ဖို့အဟုတ်ကြောင်း ဗဟိုအစိုးရက ဇောင်းပေးဖော်ပြခဲ့ပါတယ်။

Jammu နှင့် Kashmir နှင့် Ladakh ဒေသတို့ဟာ ပြည်ထောင်စုနယ်မြေ ၂ ခုအဖြစ် ယမန်နေ့က ဖြစ်တည်လာခဲ့ပြီဖြစ်ပြီး နိုင်ငံတော်ကလည်း Sardar Vallabhbhai Patel ရဲ့ ၁၄၄ ကြိမ်မြောက် မွေးနေ့နှစ်ပတ်လည်အခမ်းအနားကို ကျင်းပနေခဲ့ပါတယ်။ သံမဏိ လူသား ပုဂ္ဂိုလ်ကြီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၇ ခုအကြာက အိန္ဒိယနိုင်ငံဆိုတဲ့ ပြည်ထောင်စုကို သူတဦးတည်းနီးနီးနှင့် ဖန်တီးခဲ့တာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် M. K. Tikku ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”