BRICS အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ဆက်ဆံရေးခိုင်မာလျှက်ရှိခြင်း
သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ဆက်ဆံရေးခိုင်မာလျှက်ရှိခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ မဟာဗျူဟာဆိုင်ရာ သုတေသီ ဒေါက်တာ Rupa Narayan Das ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ ဘရာဇီး(လ)၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နဲ့ တောင်အာဖရိကဆိုတဲ့ ငါးနိုင်ငံအဖွဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး၊ ကျန်တဲ့ ၄ နိုင်ငံနဲ့ဆက်ဆံရေးဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒမှာ မဟာဗျူဟာအရ အလွန်အရေးကြီးတဲ့နေရာကို ယူလာခဲ့ပါတယ်။ ပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးတို့ကြောင့် ကမ္ဘာကြီးက တက်သစ်စစီးပွားရေးနိုင်ငံ ၅ ခုရဲ့ BRICS အဖွဲ့ကို အလေးပေးလာခဲ့ရပါတယ်။ ဒီအခြေအနေမှာ အိန္ဒိယနိုင်ငံတော်ဝန်ကြီးချုပ် Narendra Modi ၊ ဘရာဇီး(လ)နိုင်ငံ Brasilia မြို့တော်မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံ တက်ရောက်ခံတာ လျော်ကန်လှပါတယ်။ အိန္ဒိယနဲ့ အခြား BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ BRICS အဖွဲ့ရဲ့ ဘောင်အတွင်း အကြမ်းဖက်ဝါဒနှိမ်နှင်းရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သောလုပ်ငန်းစနစ်များကို တည်ဆောက်ဖို့ အခွင့်အလမ်းရှာကြံလျှက်ရှိကြောင်း၊ BRICS ထိပ်သီးညီလာခံမတက်ရောက်ခင် ဝန်ကြီးချုပ်မိုဒီက ပြောကြားခြင်းဖြင့် အဲဒီညီလာခံရဲ့ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။
BRICS စီးပွားကုန်သွယ်ရေးကောင်စီမှာ အိန္ဒိယဝန်ကြီးချုပ်က မိန့်ခွန်းပြေကြားခဲ့ပါတယ်။ BRICS အဖွဲ့ဝင်နိုင်ငံများ စုစုပေါင်းရဲ့ စီးပွားရေးကြီးထွားမှုဟာ တကမ္ဘာလုံး စီးပွားရေးကြီးထွားမှုရဲ့ ၅၀% နဲ့ညီမျှကြောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေလင့်ကစား၊ BRICS နိုင်ငံများမှာ စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားလာနေတာရဲ့ကျေးဇူးကြောင့် သန်းနဲ့ချီသောပြည်သူတွေကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့သလို၊ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုနယ်ပယ်မှာလဲ အောင်မြင်မှုသစ်တွေ ရရှိစေခဲ့ကြောင်း၊ ကျွန်ုပ်တို့နိုင်ငံဈေးကွက်တွေရဲ့ ပမာဏ၊ အမျိုးအစားကွဲပြားစုံလင်မှုနဲ့ တနိုင်ငံရဲ့လိုအပ်ချက်ကို တနိုင်ငံက ဖြည့်စွမ်းပေးရန်ရှိမှုတို့ဟာ BRICS အဖွဲ့ဝင်နိုင်ငံများအကြား များစွာအကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်လို့ Mr Modi က ပြောပါတယ်။ ကမ္ဘာ့စီးပွားကုန်သွယ်ရေး အသိုက်အဝန်းကို ပန်ကြားရာမှာ၊ ၎င်းက၊ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ပွင့်လင်းမြင်သာမှုအရှိဆုံးနဲ့ ရင်းနှီးမြှပ်နှံမှု အဆင်အပြေဆုံးနိုင်ငံဖြစ်ကြောင်း ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ မကုန်ခမ်းနိုင်အောင်များပြားသော အခွင့်အလမ်းများရှိကြောင်း၊ ၎င်းကပြောကြားပြီး၊ အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် အခြေခံအဆောက်အဦးတည်ဆောက်ရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံကြဖို့ BRICS စီးပွား ကုန်သွယ်ရေးနယ်ပယ်မှ ခေါင်းဆောင်တွေကို မစ်စတာမိုဒီက ဖိတ်ခေါ်ပါတယ်။ BRICS ငါးနိုင်ငံအဖွဲ့ဝင်တွေအကြား တနိုင်ငံရဲ့အားသာချက်ဖြင့် အခြားတနိုင်ငံရဲ့ အားနည်းချက်ကို ဖြည့်စွမ်းပေးနိုင်တဲ့စွမ်းရည်ကို အကြောင်းပြုပြီး၊ အချင်းချင်းဖက်စပ်လုပ်ငန်းများ လုပ်ကိုင်နိုင်မဲ့ ကဏ္ဍအနည်းဆုံး ၅ ခုကို လာမဲ့ BRICS ထိပ်သီးညီလာခံမတိုင်ခင် ဖေါ်ထုတ်ကြဖို့ ၎င်းကအဆိုပြုပါတယ်။
BRICS ထိပ်သီးညီလာခံအတွင်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေအကြား၊ မိမိတို့စိုးရိမ်ကြောင့်ကျရတဲ့ ကမ္ဘာ့ပြဿနာများနဲ့ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခွင့် ရကြပါတယ်။ ခေါင်းဆောင်တွေဟာ၊ ညီလာခံနဲ့ ကြုံတုံး တလက်စတည်း၊ အကျိုးတူဆွေးနွေးပွဲများကို ပြုလုပ်ကြပြီး၊ အကျိုးတူကိစ္စရပ်များ၊ ဒေသဆိုင်ရာကိစ္စရပ်များနဲ့ နိုင်ငံစုံကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ BRICS ထိပ်သီးညီလာခံတက်ဖို့ Brasilia မြို့တော်မှာရောက်နေခိုက် အိန္ဒိယဝန်ကြီးချုပ် Modi နဲ့ ရုရှားနိုင်ငံသမ္မတ Vladimir Putin တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ်မိုဒီက၊ “သမ္မတ Putin နဲ့ နှစ်ထောင်းအားရစရာ ဆွေးနွေးဖြစ်ခဲ့ကြောင်း၊ မိမိတို့ ၂ ဦးဟာ အိန္ဒိယ-ရုရှားဆက်ဆံရေးကဏ္ဍအားလုံးကို ဆွေးနွေးသုံးသပ်ခဲ့ကြောင်း၊ အိန္ဒိယနဲ့ ရုရှားနှစ်နိုင်ငံတို့ဟာ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်တွေမှာ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးရဲ့ အကျိုးကျေးဇူးကို ကျွန်ုပ်တို့နှစ်နိုင်ငံပြည်သူတွေ ခံစားကြရမှာဖြစ်ကြောင်း” ၎င်းရဲ့ tweeter စာမျက်နှာမှာ ဖေါ်ပြပါတယ်။ သမ္မတ Putin ကလည်း ရုရှား-အိန္ဒိယ အကျိုးတူကုန်သွယ်ရေး ၁၇% တိုးတက်လာတာကို မှတ်သားမိကြောင်း၊ ဖေါ်ပြပြီး၊ ရှေ့နှစ်မေလ ရုရှားနိုင်ငံမှာကျင်းပမဲ့ အောင်ပွဲနေ့အခမ်းအနားကို တက်ရောက်ဖို့ မစ်စတာ မိုဒီကို ဖိတ်ကြားပါတယ်။
ဝန်ကြီးချုပ်မိုဒီဟာ၊ တရုတ်နိုင်ငံသမ္မတ Xi Jinping နဲ့ တလအတွင်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးဖြစ်ပါတယ်။ ဒီတလအတွင်း ခေါင်းဆောင် ၂ ဦး ဒီ့အရင် အိန္ဒိယတောင်ပိုင်း Mamallapuram မြို့မှာ အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။ ဒါဟာ အိန္ဒိယ-တရုတ် ဒုတိယအကြိမ်မြောက် အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ အိန္ဒိယ-တရုတ် အကျိုးတူဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်နိုင်မဲ့ နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။ RCEP လို့ အတိုကောက်အမည်ပေးထားတဲ့ ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေးအဖွဲ့မှာ မပါဝင်ဘို့ အိန္ဒိယက ဆုံးဖြတ်လိုက်ပြီးတဲ့နောက်၊ ရက်ပိုင်းအကြာမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးဖြစ်ပါတယ်။ RCEP မှာ အိန္ဒိယပါဝင်ဖို့ တရုတ်နိုင်ငံက လိုလားတာရဲ့ အရေးကြီးပုံကို ဒီနေရာမှာ မှတ်သားလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မိမိတို့အပြုသဘော မျှော်လင့်ခဲ့ကြောင်း တရုတ်နိုင်ငံခေါင်းဆောင်တွေက ပြောပါတယ်။ အိန္ဒိယ-တရုတ် ဒုတိယအကြိမ်မြောက် အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲမှာ မိမိကု နွေးထွေးပြူငှာစွာ ကြိုဆိုခဲ့လို့ ကျေးဇူးတင်ကြောင်း Mr Xi Jinping က ဝန်ကြီးချုပ် မိုဒီကို ပြောပါတယ်။ သူက ရှေ့နှစ် တရုတ်နိုင်ငံမှာ ပြုလုပ်မဲ့တတိယအကြိမ်မြောက် အိန္ဒိယ-တရုတ် အလွတ်သဘော ထိပ်သီးညီလာခံသို့လာရောက်ဖို့ Mr Modi ကို ဖိတ်ကြားပါတယ်။ ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတရပ်ကို စောလျင်စွာကျင်းပသင့်ကြောင်း Mr Xi နဲ့ Mr Modi တို့က ပြောပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ်ပြဿနာအပေါ် နှစ်ဖက်အထူးကိုယ်စားလှယ်များ နောက်တကြိမ်ဆွေးနွေးပွဲပြုလုပ်ဖို့နဲ့ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်ဖို့ လိုလားကြောင်း ခေါင်းဆောင်နှစ်ဦးက ပြောကြားပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားနဲ့ဆက်နွယ်သော BRICS အဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ RCEP အဖွဲ့တို့နဲ့ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြပါသေးတယ်။
ရှေ့နှစ်ကျရင် အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာ နှစ်ပေါင်း ၇၀ ပြည့်ပါတော့မယ်၊ ဒါကို အထိမ်းအမှတ်ပြုကာ ကျင်းပမဲ့အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အိန္ဒိယဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတတို့ ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။ ဒီလိုအခမ်းအနားများကျင်းပခြင်းက နှစ်နိုင်ငံပြည်သူအချင်းချင်း ဆက်ဆံရေးကို မြှင့်တင်လိမ့်မယ်ဆိုတာကို ခေါင်းဆောင်နှစ်ဦးစလုံး သဘောတူကြောင်း ဆောင်းပါးရှင် ဒေါက်တာ Rupa Narayan Das ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြလိုက်ရပါတယ်ခင်ဗျား။
Comments
Post a Comment