“BRASILIA မြို့မှာကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “BRASILIA မြို့မှာကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

Brasilia မြို့မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တဲ့ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံဟာ အုပ်စုဖွဲ့ခြင်းရဲ့ တွန်းအားနဲ့ အစဉ်အမြဲကြီးထွားလာနေတဲ့ စေ့စပ်အကျုံးဝင်မှုတို့ရဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ပူးတွဲကြေငြာစာတမ်းမှာ မှတ်ချက်ချဖေါ်ပြထားတဲ့အတိုင်း BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ ကြီးထွားမှုအတွက် အဓိကတွန်းအားပေးကြသူများဖြစ်ခဲ့ကြပါတယ်။ BRICS အဖွဲ့ကြီးရဲ့ အရေးကြီးပုံတွေဟာ အသစ်ပေါ်ထွန်းလာနေတဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအစဉ်အလာတွေအပေါ် ရောင်ပြန်ဟပ်လျှက်ရှိနေပါတယ်။ BRICS အဖွဲ့ကြီးဟာ အနောက်နိုင်ငံတွေရဲ့ ကမ္ဘာတလွှမ်းစိုးမိုးရေးအပေါ်သာ မေးခွန်းထုတ်ခဲ့ဒါမဟုတ်ဘဲ ဒီအဖွဲ့ကြီးဟာ အတွေးအခေါ်သစ်တွေနဲ့၊ ကမ္ဘာ့အမြင်သစ်တခုကို ရုပ်လုံးဖေါ်ဘို့ ကြိုးပမ်းလျှက်ရှိနေပါတယ်။

၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံရဲ့ဆောင်ပုဒ်ကတော့ “Economic growth for an innovative future” သို့မဟုတ် ဆန်းသစ်တီထွင်သောအနာဂါတ်အတွက် စီးပွားရေးကြီးထွားမှု ဟူ၍ဖြစ်ပါတယ်။ ဆန်စသစ်တီထွင်ခြင်းဟာ အနာဂါတ်ရဲ့တောင်းတမှုတခုဖြစ်ပါလိမ့်မယ်။ ဆန်းသစ်တီထွင်မှုရဲ့သမိုင်းဟာ အကြံဥာဏ်ရဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အကယ်၍သာ ကျွန်ုပ်တို့ဟာ ပြန်လည်ဆန်းသစ်တီထွင်မှုတွေမပြုလုပ်ဘူးဆိုရင် မေ့ပျောက်လွယ်တဲ့အခြေအနေထဲ စမ်းတဝါးဝါး လျှောက်လှမ်းနေကြမယ်ဖြစ်ပါတယ်။

မျှော်လင့်ထားခဲ့တဲ့အတိုင်းဘဲ BRICS ခေါင်းဆောင်တွေ ထုတ်ပြန်ခဲ့တဲ့ ကြငြာစာတမ်းဟာ WTO နဲ့ IMF အပါအဝင် ကုလသမဂ္ဂအဖွဲ့ကြီးကို အားပြည့်တောင့်တင်းစေပြီး၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုမှုတွေကို အရေးတကြီးပြုလုပ်ဘို့လိုအပ်တယ်လို့ ဖေါ်ပြထားပါတယ်။ တချိန်ကဆိုရင် နိုင်ငံပေါင်းစုံပါဝင်ဆောင်ရွက်ရေးဝါဒဟာ နိုင်ငံတကာအပိုင်းအဖက်ဖက်မှ ထိုးနှက်မှုတွေကို ခံနေခဲ့ရတဲ့အချိန်မှာ BRICS အဖွဲ့ကြီးဟာ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒကို မတွန့်မဆုတ် ထောက်ခံခဲ့ဒါက အထူးထင်ရှားပေါ်လွင်ခဲ့ပါတယ်။ Bretton Woods ရဲ့ အကြံဥာဏ်အရ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒ မအောင်မြင်နိုင်ဒါကို အများသိရှိနားလည်ကြပါတယ်။ လိုအပ်နေဒါကတော့ ပိုမိုကြီးမားတဲ့ ကြံ့ခိုင်မှုဖြစ်ပြီး၊ ယနေ့နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒကို တိုက်ခိုက်ကြသူတွေက တချိန်က ဒီဌာနကြီးအား တည်ထောင်ခဲ့ကြသူတွေဖြစ်ကြဒါက အမှန်ဘဲဖြစ်ပါတယ်။ မကြာမှီသောအချိန်မှာ Global South အဖွဲ့ကြီးကို ဈေးကွက်မှာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုအတွက် Globalization လို့ခေါ်တဲ့ အဆိပ်ရည်ခွက်ကို သောက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံတွေက globalization လို့ခေါ်တဲ့ ကမ္ဘာ့ရွာတည်ဆောက်ရေးကို ရင်ဝယ်ပိုက်ကြတဲ့အခါ အဲဒီအုပ်စုကဘဲ ကမ္ဘာ့ရွာတည်ဆောက်ခြင်းကို ပယ်ဖျက်ဘို့ တောင်းဆိုနေကြပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းအနည်းငယ်က အိန္ဒိယနိုင်ငံဟာ အကြမ်းဖက်ဝါဒရဲ့ ကြမ်းကျုတ်မှုတွေကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီမှုတခုတည်ဆောက်ဘို့ ကြိုးပမ်းခဲ့ပါတယ်။ အိန္ဒိယ၊ ရုရှားနဲ့ တရုတ်နိုင်ငံ စတဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ အကြမ်းဖက်ဝါဒရဲ့ ဓါးစာခံတွေဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် Brasilia မြို့ ထိပ်သီးညီလာခံဟာ အကြမ်းဖက်သမားတွေကို ရှုတ်ချဘို့ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြကာ၊ အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် အကြမ်းဖက်ဝါဒရဲ့ အသွင်အားလုံးနှင့် ဝါဒဖြန့်စွဲဆောင်မှုအားလုံးတို့ကို ဆန့်ကျင်ခဲ့ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ဟာ Brazil နိုင်ငံ၊ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံသမ္မတို့နဲ့ နှစ်နိုင်ငံအပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သမ္မတ Mr Jair Bolsonaro ဟာ အိန္ဒိယနိုင်ငံရဲ့ လာမဲ့နှစ် သမ္မတနိုင်ငံတော်နေ့မှာ အထူးဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် လာရောက်ဘို့ ဖိတ်ကြားချက်အား လက်ခံခဲ့ဒါက အိန္ဒိယနိုင်ငံရဲ့ လက်တင်အမေရိကားဒေသပိုင်းနဲ့ ဆက်ဆံရေးတွေအား နောက်ထပ်အားသစ်လောင်းစေတဲ့ ရှေ့သို့ ကြိုဆိုတဲ့ ခြေတလှမ်းဖြစ်ပါတယ်။

ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဘို့အခွင့်အလမ်းရရှိခဲ့ပြီး၊ New Development Bank အတွက် တွန်းအားသစ်တခုပေးကမ်းခဲ့ဒါမို့ အဖွဲ့ဝင်နိုင်ငံတို့ရဲ့ မမောတမ်းကြိုးပမ်းမှုတွေအား ကျေးဇူးတင်ထိုက်ပါတယ်။ Brasilia ထိပ်သီးညီလာခံဟာ New Development Bank ရဲ့ တိုးတက်ကြီးထွားလာမှုအပေါ် ဝမ်းသာအားရမိကြောင်း ဖေါ်ပြခဲ့ကြပြီး၊ ၎င်း၏အဖွဲ့ဝင်တွေကို တိုးချဲ့ကာ BRICS အဖွဲ့ဝင်နိုင်ငံတွေထဲမှာ NDB ရဲ့ ဒေသပိုင်းဆိုင်ရာ ရုံးခန်းတွေဖွင့်လှစ်ခြင်းကို ကြိုဆိုခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့စပ်လျင်းလို့ဘဲ BRICS Network နဲ့ The New Architecture on Science ၊ Technology and Innovation စသည်တို့ဟာ BRICS အဖွဲ့အား ပိုမိုကြီးမားတဲ့ ရှုမြင်နိုင်ခြင်းနဲ့ တရားဝင်ဖြစ်စေရေးတို့ပေးကမ်းရန် ထင်ရှားတဲ့ခြေလှမ်းတွေဖြစ်ကြပါတယ်။

အများစုရဲ့ သဘောထားကတော့ တက်ကြွတဲ့အသင်းအဖွဲ့သို့မဟုတ် အုပ်စုတွေဟာ တွေးတောစဉ်းစားခြင်းတခုသာမဟုတ်ဘဲ တည်မြဲတဲ့ ပြန်လည်အတည်ပြုမှုတွေရှိဘို့ လိုအပ်တယ်လို့ဖေါ်ပြကြပါတယ်။ BRICS အဖွဲ့ကြီးအနေနဲ့ မိမိကိုယ်ကို စီးပွားရေးတခုအတွက်၊ အများပြည်သူတို့နဲ့သက်ဆိုင်တဲ့ စီးပွားရေးအတွက် ခံယူချက်ချမှတ်ရမယ်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းတို့က စီးပွားရေးအောက် အဖိအနှိပ်ခံရမှုမျိုးမသက်ရောက်စေရန် ကြိုးပမ်းလုပ်ကိုင်ရမယ်ဖြစ်ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”