“အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ သီရိလင်္ကာနိုင်ငံသို့ နှောင်ကြိုးများခိုင်မာစေရေးအတွက် အလည်အပါတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ သီရိလင်္ကာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. M. Samatha ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ သီရိလင်္ကာနိုင်ငံသို့ နှောင်ကြိုးများခိုင်မာစေရေးအတွက် အလည်အပါတ်ခရီးစဉ်” အကြောင်းသတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ သတ္တမမြောက် သီရိလင်္ကာနိုင်ငံသမ္မတသစ်အဖြစ် ရွေးချယ်ခံရတဲ့ Mr Gotabaya Rajapaka နဲ့တွေ့ဆုံဘို့ Colombo မြို့သို့သွားရောက်ခဲ့ပါတယ်။ Dr. Jaishankar ဟာ သီရိလင်္ကာသမ္မတအား အိန္ဒိယနိုင်ငံသို့လာရောက်လည်ပတ်ရန် အိန္ဒိယဝန်ကြီးချုပ်ရဲ့ဖိတ်စာကို ကမ်းလှမ်းခဲ့ပါတယ်။ အသစ်ရွေးချယ်ခံရတဲ့ သီရိလင်္ကာသမ္မတက လာမဲ့နိုဝင်ဘာလ (၂၉) ရက်နေ့မှာ အိန္ဒိယနိုင်ငံသို့ လာရောက်ပါရန် ဖိတ်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သီရိလင်္ကာသမ္မတအတွက် ပထမဦးဆုံး ပင်လယ်ရပ်ခြားခရီးစဉ်ဖြစ်ပါလိမ့်မယ်။ နိုင်ငံခြားရေးဝန်ကြီးကို Mr Rajapaksa နဲ့တွေ့ဆုံဘို့ စေလွှတ်ခြင်းဟာ အိန္ဒိယနိုင်ငံက အလျင်အမြန်ဆိုသလိုဘဲ New Delhi အစိုးရက အစိုးရသစ်နဲ့ လက်တွဲလုပ်ကိုင်ဘို့ အသင့်ရှိပြီး၊ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုတွေကို နှစ်ဦးနှစ်ဖက်အကျိုးအတွက် အားပေးတောင့်တင်းစေလိုဒါကို ဖေါ်ပြလိုက်တာဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအပြင် အမေရိကန်ပြည်ထောင်စု၊ ပါကစ္စတန်၊ အီရန်နဲ့ တရုတ်နိုင်ငံတို့ကလည်း Mr Gotabaya Rajapaksa ကို ဂုဏ်ပြုခဲ့ကြပါတယ်။ ဥရောပသမဂ္ဂက ဒီဆုံးဖြတ်ချက်အပေါ် သတိပြုလျှက်ရှိပြီး၊ အသစ်ရွေးချယ်တင်မြောက်ခံရတဲ့သမ္မတအား အဲဒီကျွန်းနိုင်ငံရဲ့ လူ့အခွင့်အရေးများဆိုင်ရာ ခံယူချက်တွေကို လေးစားဆောင်ရွက်ဘို့ တိုက်တွန်းလိုက်ပါတယ်။

Mr Gotabaya Rajapaksa ရဲ့ အပြတ်အသတ်အနိုင်ရရှိမှုဟာ အနာဂါတ်ကာလမှာ Sri Lanka Podujana Perumuna (SLPP) ပါတီရဲ့အာဏာကို ဒီနိုင်ငံရဲ့ ပါလီမန်လွှတ်တော်မှာတောင် တောင့်တင်းခိုင်မြဲစေလိမ့်မယ်ဖြစ်ပါတယ်။ သီရိလင်္ကာသမ္မတဟောင်းနဲ့ Mr Gotabaya ရဲ့ ညီရင်းအကိုဖြစ်သူ Mr Mahinda Rajapaksa ဟာ အဲဒီနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီလိုဖြစ်လာမယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံအနေနဲ့ အိန္ဒိယသမုဒ္ဒရာဒေသပိုင်းအတွင်းက အိန္ဒိယနိုင်ငံရဲ့ စိုးရိမ်ကြောင့်ကြမှုတွေအပြင် စစ်ပြီးကာလနှစ်များမှာ ပြည်တွင်းလူမျိုးစု ပြန်လည်သင့်မြတ်ရေးဆိုင်ရာတွေအား သိပ်ပြီးလေးစားမှုမဖေါ်တဲ့အစိုးရနဲ့ ဆက်ဆံရလိမ့်မယ်ဖြစ်ပါတယ်။

သို့သော်ငြားလည်း မှတ်သားရမဲ့အချက်ကတော့ Eelam စစ်ပွဲ စတုတ္ထပိုင်းမှာ Mr Gotabaya Rajapaksa က ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး၊ အိန္ဒိယအရာရှိတွေနဲ့ နီးကပ်စွာလုပ်ကိုင်ဘူးဒါဘဲ ဖြစ်ပါတယ်။ ဒီယန္တယားဟာ သီရိလင်္ကာအတွက် LTTE တို့ကိုချေမှုန်းရာမှာ အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံက အဲဒီယန္တယားကို အောင်မြင်မှုတခုအဖြစ် အသိအမှတ်ပြုပြီး အိန္ဒိယနိုင်ငံနဲ့ လက်တွဲလုပ်ကိုင်ဘို့ ရှေ့ရှုလိမ့်မယ်ဖြစ်ကာ၊ အိန္ဒိယသမုဒ္ဒရာဒေသပိုင်းမှာ အစဉ်အလာမဟုတ်တဲ့ ခြိမ်းခြောက်မှုသစ်တွေ ပေါ်ပေါက်နေတဲ့အလျောက် Colombo အစိုးရရဲ့ အမျိုးသားလုံခြုံရေး အစီအစဉ်အား အလားတူယန္တယားမှတဆင့် ခိုင်မာတောင့်တင်းစေလိုလိမ့်မယ်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာအစိုးရသစ်က New Delhi အစိုးရရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းမှ လုံခြုံရေးစိုးရိမ်ပူပန်မှုများ၊ ဖွံ့ဖြိုးလာနေတဲ့ ဆိပ်ကမ်းအခြေခံလိုအပ်ချက်အဆောက်အအုံအပြင် ဆိပ်ကမ်းလုပ်ငန်းစဉ်ကို စောင့်ကြပ်မှုတွေအား သတိပြုလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ သီရိလင်္ကာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) ကို အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ ဖက်စပ်လုပ်ကိုင်သူနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က Hambantota ဆိပ်ကမ်းကို တရုတ်နိုင်ငံသို့ Sirisena အစိုးရက (၉၉) နှစ်အတွက် ကာလရှည် ငှားရမ်းလိုက်ခြင်းကို SLPP ပါတီက ကန့်ကွက်ခဲ့ပြီး၊ အကယ်၍ အာဏာရရှိလာမယ်ဆိုရင် အဲဒီသဘောတူစာချုပ်ကို တခါပြန် လေ့လာသုံးသပ်လိမ့်မယ်လို့ ဂတိပြုခဲ့ပါတယ်။ SLPP ပါတီဟာ Galle, Kankesanthurai နဲ့ Trincomalee ဆိပ်ကမ်းတွေ ဖွံ့ဖြိုးမှုအပါအဝင် “အမျိုးသားစီးပွားရေး ပြန်လည်ရှင်သန်လာရေး” ကို ဖွံ့ဖြိုးစေမယ်လို့လည်း ဂတိပြုခဲ့ပါတယ်။ အဲဒီရှုမြင်ချက်ကို ဖြည့်ဆည်းပေးရေးအတွက် သီရိလင်္ကာနိုင်ငံဟာ အိမ်နီးချင်းအာရှနိုင်ငံတွေဆီသို့ ရှေ့ရှုလိမ့်မယ်ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ အိန္ဒိယနိုင်ငံအတွက် အစိုးရသစ်နဲ့ ပူးတွဲလုပ်ကိုင်ဘို့ အခွင့်အရေးတွေ ရရှိစေလိမ့်မယ်ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ရွေးချယ်ခံခဲ့ရတဲ့ သမ္မတ Mr Gotabaya အား ဂုဏ်ပြုနှုတ်ဆက်ခဲ့တဲ့အခါ နှစ်နိုင်ငံအကြား အပြန်အလှန်အရေးကိစ္စတွေမှာ ပိုမိုကြီးမားတဲ့ တိုးတက်မှုတွေရှိဘို့နဲ့ BRI အောက် အဆင့်အတန်းမြင့်မားတဲ့ ပရိုဂျက်တွေမှာ လက်တွဲလုပ်ကိုင်ဘို့ အသင့်ရှိကြောင်း ဖေါ်ပြခဲ့ပါတယ်။



သီရိလင်္ကာနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲရလဒ်တွေဟာ လွန်ခဲ့တဲ့ (၅) နှစ်မျှသောကာလအတွင်း Unity ခေါ် စည်းလုံးအစိုးရ ချမှတ်ခဲ့တဲ့ပေါ်လစီမူဝါဒတွေအား ပြည်သူတို့က ကောင်းစွာနားလည်သဘောပေါက်ခြင်းမရှိခဲ့ဒါကို ညွှန်ပြနေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ နိုင်ငံခြားရေးပေါ်လစီတွေမှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဘို့ ဖန်တီးလာပါတယ်။ အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံမှာ အစိုးရသစ်ဖွဲ့စည်းမှုကြောင့် ပေါ်ပေါက်လာတဲ့အခွင့်အရေးသစ်တွေနဲ့ စိန်ခေါ်မှုတွေကို သိမ်းပိုက်ဘို့လိုအပ်ပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ သီရိလင်္ကာနိုင်ငံသမ္မတရဲ့ ရှေ့အပါတ်အတွင်း အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပါတ်တဲ့အခါသမယမှာ အနာဂါတ်အပြန်အလှန်ဆက်ဆံမှုတွေနဲ့ နှစ်နိုင်ငံအကြား ဒေသပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြသလိမ့်မယ်ဖြစ်ပါတယ်လို့ ဆောင်းပါးရှင် Dr. M. Samatha ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”