ပါလီမန်လွှတ်တော်၏ ဆောင်းရာသီ အစည်းအဝေးကာလမကျရောက်မီ အရေးကိစ္စရပ်များ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါလီမန်လွှတ်တော်၏ ဆောင်းရာသီ အစည်းအဝေးကာလမကျရောက်မီ အရေးကိစ္စရပ်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံ ပါလီမန်လွှတ်တော်ရဲ့ ဆောင်းရာသီ အစည်းအဝေးကာလဟာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး ဒီဇင်ဘာခ ၁၃ ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း ဥပဒေမူကြမ်းတွေကို တင်သွင်းသွားမယ့်အသွင်ရှိပြီး နောက်ထပ် အရေးကြီးတဲ့ မူကြမ်း ၂ ခုတို့ကို ဥပဒေအဖြစ်ပြဋ္ဌာန်းသွားဖို့ စာရင်းသွင်းထားပါတယ်။ လာမယ့် အစည်းအဝေးကာလဟာ မူဝါဒပိုင်း တိုးမြှင့်ရေး၊ အကျိုးဖြစ်ထွန်းရေးနှင့် အရေးပါတဲ့ အမျိုးသား အကျိုးစီးပွားကိစ္စရေးရာတွေနှင့်ပတ်သက်ပြီး နိုင်ငံရေးရာ သဘောတူညီရေး စတဲ့ အချက် ၃ ချက်တို့အတွက် အရေးကြီးသွားမှာဖြစ်ပါတယ်။ အတိုက်အခံတွေဟာ လူမှုနိုင်ငံရေးရာနှင့် စီးပွားရေး အရေးကိစ္စအသီးသီးတို့နှင့်ပတ်သက်ပြီး ဗဟိုအစိုးရကို အကျပ်တွေ့စေဖို့ မျှော်မှန်းရတာကြောင့် ပါလီမန်လွှတ်တော်ရဲ့ ဆောင်းရာသီ အစည်းအဝေးကာလဟာ ဝရုန်းသုန်းကားဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဆောင်းရာသီ အစည်းအဝေးကာလတွေဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာစတင်ခဲ့ပြီး ဇန်နဝါရီလ ပထမ သီတင်းပတ်အတွင်းမှာ ပြီးဆုံးခဲ့ပါတယ်။
ယခုနှစ်ရဲ့ ယခင်က မုတ်သုန်ရာသီ အစည်းအဝေးကာလမှာတော့ Triple Talaq၊ မော်တော်ယာဉ် အက်ဥပဒေနှင့် နိုင်ငံတော် စုံစမ်းစစ်ဆေးရေး အေဂျင်စီဆိုင်ရာ အက်ဥပဒေတို့လို အရေးပါတဲ့ မူကြမ်းတွေ အတည်ပြုခဲ့တာကို မြင်တွေ့ခဲ့ရပြီး အဓိက အစည်းအဝေးဟာ Jammu နှင့် Kashmir ဒေသကို နိုင်ငံတော်ရဲ့ ပင်မနိုင်ငံရေး ရေစီကြောင်းအတွင်း အပြည့်အဝ ပါဝင်ဖို့ ဟန့်တားထားတဲ့ ပုဒ်မ ၃၇၀ ဖျက်သိမ်းမှုနှင့် Jammu နှင့် Kashmir ပြည်နယ်ဒေသ ပြန်လည်သတ်မှတ်ထားရှိရေး အက်ဥပဒေတို့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ နိုင်ငံသားဖြစ်တည်မှု ပြင်ဆင်ချက်ဥပဒေမူကြမ်းကို တင်သွင်းခဲ့တဲ့ လက်ရှိအာဏာရ BJP ပါတီဟာ ဩဂုတ်လအတွင်း နိုင်ငံသား မှတ်ပုံတင် NRC ရဲ့ နောက်ဆုံးစာရင်းကို ကြေညာခဲ့ပြီးတဲ့နောက် ယခုအစည်းအဝေး ကာလမှာ ဒီဥပဒေမူကြမ်းကို ပြန်လည်လုပ်ဆောင်သွားမယ့်ဟန် ရှိပါတယ်။
တချိန်တည်းမှာပဲ ဗဟိုအစိုးရ ကတ်ဘိနက်ဝန်ကြီးများအဖွဲ့ဟာ မူကြမ်း ၂ ခုကို အတည်ပြုခဲ့ပြီး အဲဒီအထဲမှာ ၁ ခုက စီးပွားရေး နှေးကွေးကျဆင်းမှု ထိန်းချုပ်ဖို့နှင့် ဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်တွင်း ကုန်ထုတ်လုပ်ရေး ကုမ္ပဏီတွေအတွက် အကောက်ခွန်နှုန်းထားတွေ လျှော့ချရေး ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်က ဝင်ငွေခွန် အက်ဥပဒေနှင့် ၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးရာ အက်ဥပဒေတို့မှာ ပြင်ဆင်ချက်တွေ အကျုံးဝင်လာစေဖို့အတွက် ယခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယ ဥပဒေကိုတော့ Maharashtra နှင့် Haryana ပြည်နယ်တို့အတွင်း ရွေးကောက်ပွဲ အနိုင်ရမှုအပြီး စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာ ဆေးရွက်ကြီးမပါဘဲ ဘက်ထရီသုံး စီးကရက်ဆေးလိပ် ရောင်းချမှု၊ ထုတ်လုပ်မှုနှင့် သိုလှောင်သိမ်းဆည်းမှုတားမြစ်တဲ့ တခြားမူကြမ်းတခုကိုလည်း ပါလီမန်လွှတ်တော်ရဲ့ ယခု အစည်းအဝေးကာလမှာ တင်သွင်းသွားမယ့်အသွင် ရှိပါတယ်။
အတိုက်အခံပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေဘက်ကတော့ ဆောင်းရာသီ အစည်းအဝေးကာလမှာ တင်ပြသွားမယ့် အဓိက အရေးကိစ္စ ၂ ချက်ဟာ စီးပွားရေးအခြေအနေနှင့် Jammu နှင့် Kashmir ဒေသတွင်း အခြေအနေတို့ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ Punjab နှင့် Maharashtra ကိုအော်ပရေးတစ် ဘဏ်အရေးကိစ္စဟာ လာမယ့် ပါလီမန်လွှတ်တော် အစည်းအဝေးကာလမှာ တင်ပြသွားနိုင်တယ်လို့လည်း လွန်ခဲ့တဲ့ သီတင်းပတ်က Mumbai မြို့မှာ အပြန်အလှန် တုံ့လှယ်ဆွေးနွေးခဲ့စဉ် ဝန်ကြီးချုပ်ဟောင်း Dr. Manmohan Singh က ဖော်ပြခဲ့ပါတယ်။
အထက်လွှတ်တော်ဥက္ကဌ Mr. M. Venkiah Naidu ဟာ ဆောင်းရာသီ လွှတ်တော်အစည်းအဝေး မတိုင်မီ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ပါတီစုံ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးဖို့ ပေါ်ပေါက်လာနိုင်တဲ့ အရေးကိစ္စ ၁ ရပ်ကတော့ Maharashtra ပြည်နယ်အတွင်း သမ္မတ အုပ်ချုပ်မှုထားရှိချက် ဖြစ်ပါတယ်။ BJP ပါတီဟာ BJD၊ Telangana Rashtra Samiti ပါတီနှင့် YSR ကွန်ဂရက် ပါတီတို့ထံမှ အရေးကိစ္စအခြေခံ ထောက်ခံမှုရရှိခဲ့တာကိုလည်း သတိပြုသွားရမှာ ဖြစ်ပါတယ်။
လာမယ့် အစည်းအဝေးကာလမှာ ငွေကြေး ခဝါချမှုနှင့် ဘဏ်များ ဒေဝါလီခံမှုဆိုင်ရာ အက်ဥပဒေ IBC ပြင်ဆင်ချက်တွေ တင်သွင်းသွားဖို့လည်း အစီအစဉ်တွေရှိပါတယ်။ IBC ဥပဒေအတွင်း ပြဋ္ဌာန်းချက်တွေဟာ ငွေကြေးချေးမသူတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ကမ္ဘာတဝှမ်း ပျံ့နှံ့နေတဲ့ ကိစ္စမျိုးတွေအတွက် ဖြေရှင်းလုပ်ဆောင်ရာမှာ ချေးငှားပေးသူတွေကို အခွင့်ရှိစေမှာ ဖြစ်ပါတယ်။
ဗဟိုအစိုးရဟာ NBFC ခေါ် ဘဏ်လုပ်ငန်းမဟုတ်တဲ့ ငွေကြေးဆိုင်ရာ ကုမ္ပဏီမျိုးတွေလို ဘဏ္ဍာရေး ဝန်ဆောင်မှုပေးအပ်သူတွေ ဖြေရှင်းနိုင်စေဖို့အတွက် ဥပဒေဘောင်အောက်မှာ ပုဒ်မ ၂၂၇ နှင့် ကြေညာအသိပေးဖို့လည်း စီစဉ်လျှက်ရှိပါတယ်။ အဲဒီအစဉ်တွေဟာ ရှုပ်ထွေးတဲ့ အမှုကိစ္စတွေ ဖြေရှင်းမှုတွေလိုမျိုးအတွက် ငွေကြေးခဝါချမှု ဥပဒေက အခွင့်အာဏာ ရှင်းလင်းစွာ ပေးအပ်ထားခြင်းမရှိတာကြောင့် လက်ရှိအကျပ်တွေနေတဲ့ အမှုကိစ္စတွေကို ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် အထောက်အကူပြုသွားမှာဖြစ်ပါတယ်။ အတိုက်အခံတွေရဲ့ တာဝန်ကတော့ ဆူညံမှုတွေနှင့် လှည့်လည်မှုတွေပြုလုပ်မယ့်အစား အစိုးရကို ညှိနှိုင်းသွားရမှာဖြစ်ပြီး ဆွေးနွေးမှုတွေမှာ ပါဝင်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ အသင်းအဖွဲ့ပုံစံမျိုးနှင့် အိန္ဒိယနိုင်ငံတော်သစ်တည်ဆောက်ဖို့ အခွင့်အရေးပင်ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ပြလိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment