UN @ 74

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ် Asoke Mukerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “UN @ 74” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံမှာ ကုလသမဂ္ဂနေ့ကို လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၄၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ San Francisco ညီလာခံကြီးအတွင်း ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စတင်တည်ထောင်သူ နိုင်ငံပေါင်း (၅၀) အနက် တနိုင်ငံအဖြစ် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါ ပဋိညာဉ်စာချုပ်ဟာ မူရင်းအမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံအပါအဝင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ အဖွဲ့ဝင်နိုင်ငံအများစုတို့ရဲ့ ပြင်ဆင်သတ်မှတ်မှုတွေပြုလုပ်ပြီးတဲ့နောက် ၁၉၄၅ အောက်တိုဘာလ (၂၄) ရက်နေ့ကစပြီး အကျုံးဝင်လာခဲ့ပါတယ်။

၁၉၄၇ ခု အောက်တိုဘာလ (၃၁) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ အောက်တိုဘာလ (၂၄) ရက်နေ့ကို “ကုလသမဂ္ဂနေ့” အဖြစ်ကျင်းပဖို့ ပြဋ္ဌာန်းချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါပြဋ္ဌာန်းချက်ရဲ့ရည်မှန်းချက်မှာ တကမ္ဘာလုံးဆိုင်ရာ အစိုးရအဖွဲ့တွေအကြား အလုပ်လုပ်ကိုင်မှုကို ခိုင်မာစွာထောက်ပံ့ကူညီရာမှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အောင်မြင်မှုတွေရရှိဘို့ဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့မှ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ဒီကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ ပြဋ္ဌာန်းချက်ကို အိန္ဒိယနိုင်ငံက လွတ်လပ်ရေးရပြီး (နှစ်) လ အကြားမှာဘဲ လက်ခံကျင့်သုံးဘို့ အခွင့်အရေး ရရှိခဲ့ဒါမို့၊ ကြီးမားတဲ့အကျိုးခံစားရမှုတခုဖြစ်ပါတယ်။

ကိုလိုနီဝါဒပပျောက်ရေး၊ တည်မြဲတဲ့ဖွံ့ဖြိုးရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အေဂျင်ဒါနဲ့ အခြေခံလူ့အခွင့်အရေးထိန်းသိမ်းဘို့အတွက် ပထမစည်းမျဉ်းဥပဒေဆိုင်ရာလုပ်ငန်းဘောင်တွေကို စေ့စပ်ညှိနှိုင်းခြင်းနဲ့ လွတ်လပ်မှုတို့ဟာ လွန်ခဲ့တဲ့ (၇၂) ခုနှစ်ကျော်ကတည်းက တည်ရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိကအောင်မြင်မှုတွေဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အဲဒီအရေးကိစ္စတိုင်းမှာ အခန်းကဏ္ဍတခုမှ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။

ကိုလိုနီအုပ်ချုပ်ရေးမှ ပထမဦးလွတ်လပ်ရေးရရှိခဲ့တဲ့နိုင်ငံဖြစ်တဲ့အလျောက် အိန္ဒိယနိုင်ငံဟာ ၁၉၆၀ ခုနှစ်မှာ ကုသမဂ္ဂအထွေထွေညီလာခံကြီးအတွက် ကိုလိုနီနယ်ချဲ့ရေးဝါဒ ပယ်ဖျက်ရေးပြဋ္ဌာန်းချက် ရေးဆွဲကျင့်သုံးဘို့ ဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်။

ပထမဦးဆုံးသော ဘက်မလိုက်လှုပ်ရှားမှုရဲ့ ထိပ်သီးညီလာခံကို ၁၉၆၁ ခုနှစ် စက်တင်ဘာလမှာ Belgrade မြို့တွင်ကျင်းပခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုရဲ့ စတင်တည်ထောင်သူများစာရင်းမှာ အိန္ဒိယနိုင်ငံလည်းပါဝင်ခဲ့ပြီး၊ ဒီအုပ်စုမှာ (၂၄) နိုင်ငံသာရှိခဲ့ရာမှာ ယခုအခါ (၁၂၂) နိုင်ငံအထိ ရှိလာပါတယ်။

ဒုတိယပြောင်းလဲမှုက ၁၉၆၄ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့ကြီးမှာ ဖွံ့ဖြိုးစဲနိုင်ငံပေါင်း (၇၇) နိုင်ငံပါဝင်တဲ့အုပ်စုတခု တည်ထောင်နိုင်ခဲ့ဒါဘဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် Mr Narendra Modi အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခု စက်တင်ဘာအတွင်း အမွှာရည်မှန်းချက်ဖြစ်တဲ့ ဖွံ့ဖြိုးရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးကိစ္စတွေကို ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ၂၀၃၀ ခုနှစ်ဆိုင်ရာ တည်မြဲခိုင်မာတဲ့ ဖွံ့ဖြိုးရေးအေဂျင်ဒါမှာ ပါဝင်လာဘို့ဖြစ်လာစေခဲ့ကြပါတယ်။ အဲဒီအစပျိုးမှုဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို တာရှည်ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှုအတွက် ဘက်စုံမှတာဝန်ရှိသူတွေ ထည့်ဝင်လုပ်ကိုင်ခြင်းဖြင့် အကောင်အထည်ဖေါ်ရေးဘဲဖြစ်ပါတယ်။

ရှေ့နှစ်မှာကျရောက်မဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂနေ့ နှစ်ပါတ်လည်အခမ်းအနားကျင်းပရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ ရွေးချယ်ထားတဲ့ဆောင်ပုဒ်ကတော့ “Reaffirming our collective commitment to multilateralism” ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးက အဓိကစွမ်းအားကြီးနိုင်ငံတွေအကြား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးမူဝါဒကို ခြိမ်းခြောက်နေတဲ့စိန်ခေါ်မှုတွေအား တုန့်ပြန်အရေးယူဘို့ ကြိုးပမ်းထားဒါမို့ အထူးအရေးပါလှပါတယ်။



ဒီစိန်ခေါ်ချက်နဲ့ပါတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ တုန့်ပြန်ချက်ကို ဝန်ကြီးချုပ် Mr Narendra Modi က ယခုနှစ် စက်တင်ဘာလအတွင်းကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမာ မိန့်ခွန်းပြောကြားတဲ့အခါ ဝန်ကြီးချုပ်က အဖွဲ့ဝင်နိုင်ငံအားလုံးတို့ကို Multilateralism ခေါ် နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် ဦးတည်ချက်သစ်နဲ့ စွမ်းအင်ပေးကမ်းဘို့ နိုးဆော်ခဲ့ပါတယ်။ ကုလသမဂ္ဂနေ့ အထိမ်းအမှတ်နေ့ကျင်းပဘို့ရာ အိန္ဒိယနိုင်ငံဟာ နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် ဘက်စုံပါဝင်တဲ့ နည်းဗျူဟာကျလုပ်ငန်းဘောင်နဲ့ အဖက်ဖက်မှ ပါဝင်ရေးတို့မှတဆင့် နိုင်ငံပေါင်းစုံပါဝင်ရေးမူဝါဒကို လက်ကိုင်ကျင့်သုံးရန် ခံယူထားပါတယ် စသည်ဖြင့် ဆောင်းပါးရှင် သံအမတ် Asoke Mukerje ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”