Trump သည် ဆီးရီးယားနိုင်ငံသို့ တူရကီတို့၏ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ သဘောမတူချက်ကို ပြသလိုက်ခြင်း

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် JNU တက္ကသိုလ်မှ အနောက်အာရှဒေသ လေ့လာရေးဌာနမှ Prof. P R Kumaraswamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “Trump သည် ဆီးရီးယားနိုင်ငံသို့ တူရကီတို့၏ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ သဘောမတူချက်ကို ပြသလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ပြဋ္ဌာန်းဖို့ အမေရိကန်သမ္မတ Mr. Donald Trump ရဲ့ ဆုံးဖြတ်ချက်ဟာ အမြဲတမ်း ပဋိပက္ခဆူပူမှု ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသကို ဂယက်ရိုက် လှုပ်ရှားစေခဲ့ပါတယ်။ Kurd တွေကို စစ်ကူပံ့ပိုးဖို့ တပ်ချထားခဲ့တဲ့ အမေရိကန် တပ်ဖွဲ့တွေကို ဆီးရီးယားနိုင်ငံမှတပ်ဆုတ်ဖို့ ဆုံးဖြတ်ချက်အပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ အမေရိကန် သမ္မတဟာ Kurdish တို့အများစုပါဝင်တဲ့ ဆီးရီးယားနိုင်ငံ ဒီမိုကရက်တစ် တပ်ဖွဲ့ SDF တွေမပါဘဲ ကြားခံ စစ်ရေးကင်းမဲ့ဇုံဒေသ ဖန်တီးဖို့အတွက် ဆီးရီးယားနိုင်ငံမြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်ဖို့ တူရကီနိုင်ငံရဲ့ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ တူရကီနိုင်ငံသမ္မတ Recce Tayyip Erdogan ဟာ သူ့နိုင်ငံအတွင်း Kurdish လုပ်သားများပါတီ PKK နှင့်အတူ ဆက်ဆံရေးတွေ ထားရှိမှုအတွက် SDF တပ်ဖွဲ့ကို အကြမ်းဖက်သမား အုပ်စု တစ်ခုအဖြစ် သဘောထားနေပါတယ်။ ဆီရီးယားနိုင်ငံရဲ့ Kurd တွေကို တားဆီးပြီးတဲ့နောက် သူဟာ တူရကီနိုင်ငံအတွင်း Kurdish အမျိုးသားရေးဝါဒီတွေရဲ့ ဩဇာဖုံးလွှမ်းမှု ကန့်သတ်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။

အခြားသူတွေကို အခြေအနေတွေ တွက်ချက်ခန့်မှန်းခွင့်ပြုလိုက်ပြီလို့ ဆီးရီးယားနိုင်ငံမှ ထွက်ခွာဖို့ သမ္မတ Trump ရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်ကို ISIS အုပ်စုရဲ့ စစ်ရေးအောင်မြင်မှုနောက်ကွယ်မှ အဓိကတပ်ဖွဲ့တွေဖြစ်ခဲ့ကြတဲ့ ဆီးရီးယားနှင့် အီရတ် ၂ နိုင်ငံစလုံးတို့မှာ Kurd တွေရဲ့ သစ္စာဖောက်မှုအဖြစ် မြင်လာခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံမှ အစွန်းရောက် ISIS အုပ်စုကို အပြီးအပြတ် အနိုင်ရကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လမှာ ကြေညာခဲ့ပြီး အကြွင်းအကျန် အစွန်းရောက်ဝါဒီတွေ ပြန်လည်အုပ်စုဖွဲ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်က နယ်စပ်ဒေသတလျှောက် အခြေအနေတွေကိုရှင်းလင်းပြီး တူရကီနိုင်ငံဟာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအတွင်း အကြီးအကျယ် စစ်ရေး ကျူးကျော်ဝင်ရောက်မှု ပြုလုပ်ခဲ့ပါတယ်။ သမ္မတ Erdogan ဟာ လတ်တလော သူ့နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ဆီးရီးယား ဒုက္ခသည် ၃.၆ သန်းတို့အနက် တချို့ကိုထားရှိရန်အတွက် ဆီးရီးယားနိုင်ငံ အတွင်းပိုင်း ကီလိုမီတာ ၃၀ ရှိတဲ့ စစ်ရေးကင်းမဲ့ဇုံဒေသ ထားရှိလိုနေပါတယ်။ ဒုက္ခသည်တွေ ပြန်လည်အခြေချ ထားရှိမှုဟာ သင့်မြတ်လျော်ကန်မှုရှိပြီး တူရကီနိုင်ငံရဲ့ လုပ်ရပ်ကတော့ အငြင်းပွားဖွယ်ဖြစ်တဲ့အပြင် ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးတို့ရဲ့ သဘောမတူမှုနှင့် ရှုတ်ချမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တူရကီတို့ရဲ့ ကျူးကျော်မှုအတွက် အလျင်အမြန် တုံ့ပြန်ရာမှာ သမ္မတ Trump က နေတိုးတပ်ဖွဲ့ဝင် ၁ နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ကြေညာခဲ့ပါတယ်။ ဤစီမံချက်တို့တွင် တူရကီတို့ရဲ့ သံမဏိ တင်သွင်းမှုအပေါ် စည်းကျပ်ခွန် ၅၀% ထပ်မံပြဋ္ဌာန်းမှုနှင့် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံရှိတဲ့ ကုန်သွယ်ရေးရာ သဘောတူညီချက် ရပ်ဆိုင်းခြင်းတို့ ပါဝင်ပါတယ်။ အမေရိကန် တရားဥပဒေရေး ဝန်ကြီးဌာနဟာ တူရကီတို့ရဲ့ အဓိက ဦးဆောင်ဖြစ်တဲ့ Halkbank ဘဏ်ကို တရားမဝင် ငွေကြေးလွှဲပြောင်းသိမ်းဆည်းမှုနှင့် အီရန်နိုင်ငံအပေါ် ဒဏ်ခတ်အရေးယူထားချက်တွေ ချိုးဖောက်မှုစွဲချက်တွေနှင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ၁ ရပ် ကြေညာခဲ့ပါတယ်။ Trump အုပ်ချုပ်ရေးအဖွဲ့ဟာ တူရကီနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၊ စွမ်းအင်ရေးရာ ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ကို ပိတ်ဆို့အရေးယူထားပြီး အမေရိကန်ပြည်ထောင်စုမှ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကိုလည်း ပိတ်လိုက်ကာ ၎င်းတို့နှင့် ငွေကြေးအဝင်အထွက်တွေကို တားဆီးခဲ့ပါတယ်။

တူရကီခေါင်းဆောင်တွေဟာ ဒီအန္တရာယ်ရှိတဲ့ ဖျက်ဆီးမှုလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုဟာ တူရကီနိုင်ငံရဲ့ စီးပွားရေးကို အမြန် ဖျက်ဆီးသွားဖို့ ပြင်ဆင်ထားတယ်လို့ သမ္မတ Trump က ခြိမ်းခြောက်ဖော်ပြခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်နေတဲ့ အမေရိကန် ဒုသမ္မတကလည်း တူရကီနိုင်ငံအနေနှင့် မဆိုင်းမတွ အပစ်အခတ် မလုပ်ဖူးဆိုရင် ဒါမှမဟုတ် အပစ်အခတ် ရပ်စဲသွားသည်အထိ အခြေအနေတွေ ပိုမိုဆိုးရွားသွားနိုင်တယ်လို့ သတိပေးဖော်ပြခဲ့ပါတယ်။

သမ္မတ Trump ရဲ့ တင်းကျပ်တဲ့စီမံချက်တွေဟာ ဆီးရီးယားနိုင်ငံအတွက်တော့ နတ်သုဒ္ဒါတွေ ဖြစ်သွားမှာဖြစ်ပြီး ၎င်းတို့ရဲ့ မဟာဗျူဟာ ညွန့်ပေါင်း ရုရှားနိုင်ငံဟာ တူရကီနိုင်ငံရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထိန်းချုပ်ဖို့နှင့် ရပ်တန့်စေဖို့ မစွမ်းနိုင် ဖြစ်နေပါတယ်။ ဆီးရီးယား သမ္မတ Bashar al-Assad ရဲ့ တပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ SDF တပ်ဖွဲ့ဟာ တူရကီတို့ရဲ့ လုပ်ဆောင်မှုကိုဆန့်ကျင်လျှက် ဗျူဟာအရ ယာယီ အပစ်အခတ်ရပ်စဲမှုတစ်ရပ် ရရှိထားပြီး ဖြစ်ပါတယ်။ သမ္မတ Erdogan ကတော့ သူ့ရဲ့မျှော်မှန်းချက်တွေ ရရှိသည်အထိ စစ်ရေးတိုက်ခိုက်မှုတွေ ဆက်လက်လုပ်သွားမယ်လို့ ခုခံဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဆီးရီးယားနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသအတွင်း တူရကီတို့ရဲ့ တဖက်သတ် စစ်ရေးကျူးကျော်မှုတွေကို များစွာ စိုးရိမ်မကင်းဖြစ်နေပါတယ်။ တူရကီတို့ရဲ့လုပ်ဆောင်မှုဟာ ဒေသပိုင်းအတွင်း တည်ငြိမ်ရေးနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ခိုက်မှုအဖြစ် လျော့ပေါ့သွားနိုင်ကြောင်း နယူးဒေလီအစိုးရက ဖော်ပြထားပါတယ်။ ဒီလုပ်ဆောင်မှုကလည်း ကြီးမားလှတဲ့ လူသားချင်းစာနာမှုနှင့် အရပ်သားဆိုင်ရာ ဘေးဒုက္ခကြီးစွာ ကျရောက်နိုင်စွမ်း ရှိနေပါတယ်… စသဖြင့် ဆောင်းပါးရှင် Prof. P R Kumaraswamy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”