Kartarpur စင်္ကြံ ဖွင့်လှစ်ခြင်း

သောတရှင်များခင်ဗျာ ၂ ဖက် တင်းမာမှုတွေ ရှိနေတဲ့ကြားက ပါကစ္စတန်နိုင်ငံ၊ Punjab ပြည်နယ်၊ Narowal ခရိုင်မှာတည်ရှိတဲ့ Gurdwara Durbar Sahib ဝတ်ကျောင်းတော်သို့ ဘုရားဖူးများ သွားရောက်ဝတ်ပြုနိုင်အောင် Kartarpur Sahib စင်္ကြံကို ဖွင့်လှစ်ပေးဖို့ အိန္ဒိယနှင့် ပါကစ္စတန် ၂ နိုင်ငံတို့ သဘောတူ ဆုံးဖြတ်ပြီးပါပြီ။ Kartarpur Sahib ဝတ်ကျောင်းတော်ဟာ Sikh ဘာသာဝင်တို့ အထွဋ်အမြတ်ထားသော Sikh ဘာသာကို တည်ထောင်ခဲ့သူ Sri Guru Nanak Dev ji၊ မိမိဘဝရဲ့ နောက်ဆုံး ၁၈ နှစ်တာ ကာလပတ်လုံး သီတင်းသုံးပြီး တရားဓမ္မ ဟောကြားခဲ့ရာ ကျောင်းတော်ဖြစ်ပါတယ်။ အဲဒီကျောင်းတော်မှာပဲ Guru Nanak Dev ji ပျံလွန်တော်မူခဲ့ပါတယ်။ Sri Guru Nanak Dev ji ဖွားမြင်တော်မူခဲ့တာ နှစ်ပေါင်း ၅၅၀ ပြည့်မြောက်မယ့် နိုဝင်ဘာလမှာ အဲဒီစင်္ကြံကို ဖွင့်လှစ်ပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ Gurdaspur ခရိုင် Dera Baba Nanak ကနေ နိုင်ငံတကာ နယ်နိမိတ်အထိ ၄ လမ်းသွား စင်္ကြံတခုတည်ဆောက်ရေး စီမံကိန်းကို ယမန်နှစ် နိုဝင်ဘာလမှာ အိန္ဒိယအစိုးရ အတည်ပြုပေးခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ Sikh ဘာသာရေးဝတ်ကျောင်း စုစုပေါင်း ၁၇၃ ကျောင်း ရှိပါတယ်။ ဒါပေမယ့် ၁၉၇၄ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံမှ Sikh ဘာသာဝင် ဘုရားဖူးများ အနည်းငယ်မျှသော ဝတ်ကျောင်းများကိုသာ သွားရောက်ဝတ်ပြုခွင့် ရှိပါတယ်။ အဲဒီ သဘောတူစာချုပ်ကို တနိုင်ငံမှ ဘုရားဖူးများ တဖက်နိုင်ငံမှာတည်ရှိသော မိမိတို့သက်ဆိုင်ရာ ဘာသာရေးဝတ်ကျောင်းများသို့ သွားရောက်ဝတ်ပြုနိုင်ကြရလေအောင် ခွင့်ပြုဖို့ ချုပ်ဆိုခဲ့တာပါ။

ဒီမတိုင်ခင်ကဆိုရင် အိန္ဒိယက Sikh ဘာသာဝင်များဟာ ၂ နိုင်ငံနယ်စပ်ရှိ Dera Baba Nanak ကနေ အဲဒီမှာ တပ်ဆင်ပေးထားတဲ့ အဝေးကြည့်မှန်ပြောင်းနှင့် ပါကစ္စတန်ဘက်မှာတည်ရှိတဲ့ Gurdwara Darbar Sahib ဝတ်ကျောင်းတော်ကို ဖူးမျှော်ခဲ့ကြရပါတယ်။ Baisakhi ပွဲတော်နေ့၊ Guru Arjan Dev ji ကျဆုံးတဲ့နေ့၊ Maharaja Ranjit Singh ရဲ့ မွေးနေ့နှင့် Guru Nanak Dev ji ရဲ့ မွေးနေ့တို့လို နေ့ထူးနေ့မြတ်တွေမှာ ပါကစ္စတန်ဘက်မှာတည်ရှိသော ဝတ်ကျောင်းများသို့ လာရောက်ဖူးမျှော်ဖို့ အိန္ဒိယဘက်က Sikh ဘာသာဝင် ဘုရားဖူးဦးရေကို ကန့်သတ်ပြီး ခွင့်ပြုခဲ့ပါတယ်။

Darbar Sahib ဝတ်ကျောင်းတော်သို့ အိန္ဒိယဘက်မှ Sikh ဘာသာဝင်များ သွားရောက်ဖူးမျှော်နိုင်ရေးအတွက် စင်္ကြံတခုဖောက်လုပ်ဖို့ အိန္ဒိယအစိုးရ အဆိုပြုခဲ့တာ ကြာပါပြီ။ ၁၉၉၉ ခုနှစ်၊ အိန္ဒိယဝန်ကြီးချုပ် Vajpayee၊ Lahore မြို့သို့ သွားရောက်ခဲ့ သမိုင်းဝင် ဘတ်စကား ခရီးစဉ်အတွင်း အိန္ဒိယက ဒါကို အဆိုပြုခဲ့တာပါ။ အဲဒီနှစ်မှာပဲ ပါကစ္စတန်နိုင်ငံမှာ နေထိုင်ကြတဲ့ Sikh ဘာသာဝင်များ မိမိတို့ရဲ့ ဘာသာရေးဝတ်ကျောင်းများကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲနိုင်ရလေအောင် ပါကစ္စတန်အစိုးရက ပါကစ္စတန် Gurdwara စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ပါကစ္စတန် တပ်ပေါင်းစုံ ထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး Javid Nasir က အဲဒီ Sikh ဘာသာရေး စီမံခန့်ခွဲရေး ကော်မတီရဲ့ ဥက္ကဌဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ Gurdwara စီမံခန့်ခွဲရေး ကော်မတီကို အိန္ဒိယ-ပါကစ္စတန် ၂ ခြမ်းကွဲချိန် ပါကစ္စတန်နိုင်ငံမှ ထွက်ခွာသွားခဲ့ကြသူများ ပိုင်ဆိုင်သော အဆောက်အအုံများ စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ရဲ့လက်အောက်မှာ ထားတာဖြစ်လို့ ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့် မရှိသလောက်ပါပဲ။

Sikh ဘာသာဝင် ဘုရားဖူးများ Gurdwara Darbar sahib ဝတ်ကျောင်းတော်သို့ လာရောက်ဖူးမျှော်နိုင်ကြစေဖို့အတွက် Kartarpur စင်္ကြံကို ဖွင့်ပေးပါ့မယ်လို့ ပါကစ္စတန်က ကြေညာလိုက်တာကြောင့် ဒီနှစ် မတ်လ၊ Attari နယ်စပ်စခန်းမှာ ၂ နိုင်ငံကိုယ်စားလှယ် အဖွဲ့များ ပထမဆုံးအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ Kartarpur စင်္ကြံနှင့်ဆက်နွယ်သော လုပ်ထုံးလုပ်နည်းများကို ချမှတ်ဖို့ အဲဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးကြရာမှာ အချက် ၂ ချက်အပေါ် ၂ ဖက် မကျေမလည် ဖြစ်ခဲ့ပါတယ်။ ပါကစ္စတန်က ပါမစ်စနစ်ကို ကျင့်သုံးမှာဖြစ်ပြီး ဘုရားဖူးတယောက်လျှင် အမေရိကန်ဒေါ်လာ ၂၀ ကျ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ အဆိုပါစင်္ကြံ ပြုပြင်ထိန်းသိမ်းရေးအတွက် ရံပုံငွေရအောင် ဒီလိုကောက်ခံဖို့ အဆိုပြုတာပါလို့ ပါကစ္စတန်က အဓိကအားဖြင့် အကြောင်းပြပါတယ်။ ဆင်းရဲသော ဘုရားဖူးများလည်း မိမိတို့ဘာသာရေးအရ အထွဋ်အမြတ်ထားရာ ဝတ်ကျောင်းတော်သို့ သွားရောက် ဖူးမျှော်နိုင်ကြရေးကို ရှေးရှုပြီး အိန္ဒိယက ငွေကောက်ခံခြင်းမပြုဖို့ ပါကစ္စတန်ကို ဆက်ပြီးတောင်းဆိုလာခဲ့ပါတယ်။ အဓိကအားဖြင့် သဘောထားကွဲလွဲတဲ့ နောက်အချက် ၁ ရပ်ကတော့ အိန္ဒိယဘက်က ကောင်စစ်ဝန်ဆိုင်ရာ အရာရှိများနှင့် သံတမန်ရေးရာ အရာရှိများကို ဘုရားဖူးများနှင့်အတူ လိုက်ပါခွင့်ပြုရေး မေတ္တာရပ်ခံတာပဲ ဖြစ်ပါတယ်။ ယခင်ကလည်း Panja Sahib နှင့် Nanakana Sahib Gurdwara ဝတ်ကျောင်းများသို့ လာရောက်ကြတဲ့ Sikh ဘာသာဝင် ဘုရားဖူးများနှင့် အိန္ဒိယ မဟာမင်းကြီးရုံးမှ အရာရှိများ လုံခြုံရေးအကြောင်းပြပြီး အစ္စလာမာဘတ်က တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

ဘုရားဖူးများကို ဗီဇာကင်းလွတ်ခွင့်ပေးဖို့ ၂ နိုင်ငံစလုံး သဘောတူညီကြပါတယ်။ ဒါပေမယ့် ဘုရားဖူးများ မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ်များ ယူဆောင်လာကြရမှာဖြစ်ပြီး ဘုရားဖူး ခရီးစဉ်အတွက်လည်း အွန်လိုင်းကနေ မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီစင်္ကြံကနေ ၁ ရက်ကို ဘုရားဖူးဦးရေ ၁ သောင်း လာခွင့်ပြုဖို့ အိန္ဒိယက မေတ္တာရပ်ခံခဲ့ပေမယ့် အခု ၁ ရက်ကို ဘုရားဖူးဦးရေ ၅ ထောင် ခွင့်ပြုဖို့နှင့် အခါကြီးရက်ကြီးများမှာ ဘုရားဖူးဦးရေ တိုးပြီးခွင့်ပြုဖို့ နောက်ဆုံး သဘောတူညီချက် ရလိုက်ပါတယ်။

ဒါပေမယ့် ပါကစ္စတန်က ထောက်ခံအားပေးနေတဲ့ အိန္ဒိယဆန့်ကျင်ရေး အင်အားစုတွေ အဲဒီနိုင်ငံမှာ ရှိနေကြပြီး Kartarpur Sahib ဝတ်ကျောင်းသို့ အိန္ဒိယဘက်မှ Sikh ဘာသာဝင် ဘုရားဖူးများ လာရောက်တာကိုအခွင့်ကောင်းယူပြီး သူတို့ရဲ့အဖျက်လုပ်ငန်းများကို အားပေးထောက်ခံကြဖို့ စည်းရုံးလိုကြပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံအတွက် အဓိကအားဖြင့် စိုးရိမ်စရာ ဖြစ်နေပါတယ်။ Punjab ပြည်နယ်မှာ စစ်သွေးကြွများ သောင်းကျန်းခဲ့စဉ်က သူတို့ကို ပါကစ္စတန်က ထောက်ခံအားပေးခဲ့ဖူးတဲ့ အတိတ်သမိုင်းရှိပါတယ်။ ဒါကိုထောက်ရင် Punjab ပြည်နယ်မှာ ပါကစ္စတန်က နောက်တကြိမ်ထပ်ပြီး စစ်သွေးကြွမီးကို မွေးပေးနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ လူသိများတဲ့ ပါကစ္စတန်အခြေစိုက် အိန္ဒိယဆန့်ကျင်ရေးသမားကြီး ၁ ယောက်ဖြစ်သော Gopal Singh Chawla ဆိုသူကို Kartarpur စည်းရုံးရေး ကော်မတီရဲ့ အဖွဲ့ဝင် ၁ ဦးအဖြစ် ပါကစ္စတန်က ခန့်အပ်လိုက်လို့ အဲဒီစင်္ကြံစီမံကိန်းဟာ အငြင်းပွားစရာကိစ္စတခု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံအတော်များများမှာ ပိတ်ပင်တားမြစ်ခြင်းခံထားရတဲ့ Chawla ဟာ စစ်သွေးကြွတွေရဲ့ စည်းရုံးရေးမှူး ၁ ဦးဖြစ်ကြောင်း ဆောင်းပါးရှင် Dr. Smruti S Pattanaik ရဲ့ဆောင်းပါးကို ဖတ်ကြားအစီရင်ခံလိုက်ပါတယ်ခင်ဗျာ။

သောတရှင်များခင်ဗျာ ဒီနေ့ သတင်းဝေဖန်ချက်အခန်းမှာ “Kartarpur စင်္ကြံ ဖွင့်လှစ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နှင့် တောင်အာရှရေးရာ မဟာဗျူဟာ သုတေသီ Dr. Smruti S Pattanaik ရေးသားပေးပို့တဲ့ဆောင်းပါးကို ဖတ်ကြားအစီရင် ခံပါရစေ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”