အိန္ဒိယနိုင်ငံ၏ ITEC ပူးပေါင်းလုပ်ဆောင်မှုသည် ကာလတလျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ ဆောင်းပါးရှင် Vinit Wahi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံ၏ ITEC ပူးပေါင်းလုပ်ဆောင်မှုသည် ကာလတလျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံဟာ အချုပ်အခြာအာဏာဆိုင်ရာ တန်းတူ အပြန်အလှန် လေးစားမှုအားဖြင့် မိတ်ဖက်နိုင်ငံတွေနှင့်အတူ ဖွံ့ဖြိုးရေးရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ထပ်မံကတိပြု ဖော်ပြလိုက်ပါတယ်။ မကြာသေးမီကတင်ပဲ အိန္ဒိယနိုင်ငံဟာ အာဖရိကဒေသအတွက် အွန်လိုင်းမှတဆင့် ပညာရေးနှင့် ဆေးကုသရေးတို့အပြင် e-Vidya Bharti နှင့် e-Arogya Bharti စီမံကိန်းတွေကို ချမှတ်ခဲ့ပြီး ဒါဟာဆိုရင် အိန္ဒိယနိုင်ငံရဲ့ နည်းပညာနှင့် စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်ရေး ITEC အဖွဲ့ ၅၅ နှစ်ပြည့် အထိမ်းအမှတ်ပြုဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက လုပ်ဆောင်နေတဲ့ အကြီးမားဆုံး စီမံကိန်းတွေအနက် ၁ ခု ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေဟာ အာဖရိကဒေသမှ ကျောင်းသူ/သားတွေကို ၎င်းတို့ရဲ့ နေအိမ်တွေကနေ အိန္ဒိယနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးတွေကို သက်တောင့်သက်သာနှင့် လေ့လာသင်ယူနိုင်မှာဖြစ်ပြီး အိန္ဒိယ ဆေးပညာကျွမ်းကျင်မှုတွေကိုလည်း အာဖရိကန် ဆရာဝန်တွေနှင့် လူနာတွေအတွက် တန်းတူပေးအပ်ရာမှာ အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။ ITEC ရဲ့ ၅၅ နှစ်ပြည့် အခမ်းအနားသို့ အမှာစကားပြောကြားရာမှာ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်မှုအနေနှင့် အစဉ်သဖြင့် ဗဟိုချက်မနေရာမှာ ပါရှိနေပြီး နိုင်ငံတော်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကာလတလျှောက် မိမိတို့ရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးရေးရာ အတွေ့အကြုံအများအပြားတို့ကို မျှဝေလျှက် တည်တံ့ခိုင်မြဲတဲ့ အားထားနိုင်သော ဖွံ့ဖြိုးရေးရာ မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိဖို့ ကတိပြုကြောင်း ဖော်ပြခဲ့ပါတယ်။

ITEC ပူးပေါင်းဆောင်ရွက်မှုဟာ အာဖရိက လူငယ်တွေအကျိုးရှိစေဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ဒီဂျစ်တယ် ခေတ်ပြောင်းတော်လှန်ရေး အကျိုးကျေးဇူးတွေရရှိဖို့ ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ ထင်မြင်ချက် သဘောထားနှင့်အညီ အာဖရိကဒေသမှ အားလုံးပေါင်း ၅၄ နိုင်ငံတို့ဆိုင်ရာ အာဖရိကတိုက်တလွှား အစပျိုးလုပ်ဆောင်ချက် ၁ ရပ် ဖြစ်ပါတယ်။ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်မှုနှင့် နိုင်ငံခြား မူဝါဒဆိုင်ရာ အဓိက အစိတ်အပိုင်းဖြစ်ပြီး ITEC နှင့် အခြားသော စွမ်းရည်တည်ဆောက်ရေး လုပ်ဆောင်ချက်တွေဟာ ကမ္ဘာ့ ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေးတို့အနေနှင့် ခွဲခြားလို့ မရနိုင်ဘူးဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ယုံကြည်ချက်နှင့် နိုင်ငံရဲ့ ဆယ်စုနှစ်ချီကာလတလျှောက် ဖွံ့ဖြိုးရေးသမိုင်းကြောင်းကနေ ရရှိခဲ့တဲ့ စွမ်းရည်နှင့် နည်းပညာပိုင်း ကျွမ်းကျင်မှုတွေမျှဝေကာ ပါဝင်လုပ်ဆောင်ဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို အထင်အရှား ဖြစ်စေလျှက်ရှိပါတယ်။

ဒီအစပျိုးချက်တွေဟာ ကမ္ဘာ့တောင်ပိုင်းဒေသနိုင်ငံတွေဟာ အိန္ဒိယနိုင်ငံရဲ့ အရေးပါတဲ့ မိတ်ဆွေတွေဖြစ်တယ်လို့ Dr. Jaishankar ရဲ့ ပြောဆိုချက်နှင့်အညီ ထူးခြားမှုရှိနေပါတယ်။ အိန္ဒိယနှင့် အာဖရိကတို့ဟာ သန်းပေါင်း ၆ ထောင့်၊ ၃ ရာရှိသော ကမ္ဘာ့လူဦးရေတို့ရဲ့ မျှော်မှန်းချက်တွေကို ကိုယ်စားပြုနေပါတယ်။ မိမိတို့တွေဟာ ကုန်သွယ်ရေး ဒါမှမဟုတ် ယဉ်ကျေးမှုကဏ္ဍမှာဖြစ်စေ ရာစုနှစ်ချီကြာမြင့်ပြီဖြစ်တဲ့ သမိုင်းအစဉ်အလာ ဆက်ဆံရေးတွေ များစွာရှိနေကြပြီး မိမိတို့ရဲ့ ဘိုးဘေးတွေကလည်း ကိုလိုနီစနစ်တွေကို အတူတကွ ကြိုးပမ်းတွန်းလှန်ခဲ့ကြသလို ဒီကနေ့ကာလမှာလည်း မိမိတို့ရဲ့ အပြန်အလှန် စုပေါင်းကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျံရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅၅ နှစ်တာ ကာလတလျှောက် ITEC ဟာ ကမ္ဘာ့တောင်ပိုင်းဒေသ မိတ်ဆွေနိုင်ငံ ၁၆၁ နိုင်ငံတို့မှ အစိုးရအမှုထမ်းနှင့် ကျွမ်းကျင်သူ ၂ သိန်းကျော်တို့ကို နိုင်ငံရဲ့ အဆင့်မြင့်ဌာနတွေမှာ စွမ်းရည်တည်ဆောက်ရေးနှင့် သင်တန်းပေးမှုတွေကနေ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးရေး အတွေ့အကြုံတွေကို မျှဝေဖော်ပြသွားဖို့ ယန္တယားတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဖရိကန် မိတ်ဆွေနိုင်ငံတွေကို အာရုံပြုမှုနှင့်အတူ ကဏ္ဍအချို့ ဖော်ပြရမည်ဆိုလျှင် သတင်းပြန်ကြားရေး နည်းပညာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စိုက်ပျိုးမွေးမြူရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးလုပ်ငန်း၊ စွမ်းအင်နှင့် ပါလီမန်ရေးရာ လေ့လာရေး စတဲ့နယ်ပယ်တွေမှာ အတတ်ပညာရှင်တွေကို နှစ်စဉ်နှစ်တိုင်း ပညာသင်ကြေး ထောက်ပံ့မှု ၁၂၀၀၀ ဝန်းကျင်ခန့် ပေးအပ်နေပြီး နောက်ထပ် နယ်ပယ်တိုးချဲ့သွားဖို့ လိုအပ်လျှက်ရှိပါတယ်။

ITEC လေ့ကျင့်သင်တန်းပေးမှုတွေ တိုးတက်ရေးအတွက် ကြေညာချက်များစွာတို့ကို ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဘင်္ဂလား ပင်လယ်အော်ဒေသ အစပျိုးလုပ်ဆောင်ချက် BIMSTEC၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ၊ ကာရေဗီယန် အသိုင်းအဝိုင်းနှင့် FIPIC တို့လို နိုင်ငံများစွာပါဝင်တဲ့ စေ့စပ်လုပ်ဆောင်မှုတွေနှင့် လတ်တလော ခရီးစဉ်တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။

ITEC အောက်မှာ အာရှ၊ ဥရောပ၊ အာရှအလယ်ပိုင်း၊ အာဖရိကနှင့် လက်တင် အမေရိကတို့မှ ၁၆၁ နိုင်ငံတို့ဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ဖြစ်တည်လာခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ရရှိခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွေ့အကြုံတွေမျှဝေဖို့ ဖိတ်ကြားနေကြပါတယ်။ ဒီအစီအစဉ်မှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် အသုံးပြုခဲ့ပြီး ကမ္ဘာတဝှမ်းမှ ကျောင်းသူ/သားနှင့် အတတ်ပညာရှင် ထောင်ပေါင်းများစွာတို့ကို အကျိုးပြုခဲ့ကာ အစီအစဉ်ဆိုင်ရာ နှစ်စဉ်ရသုံးငွေစာရင်းကလည်း လတ်တလောနှစ်တွေအတွင်း ပျမ်းမျှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ သဘာဝကပေးတဲ့ ဆုလာဒ်တွေ ခံစားနေရပေမယ့် လူဦးရေ အရင်းအမြစ် မညီမျှမှု၊ လူငယ်တွေရဲ့ မျှော်မှန်းချက် တိုးမြင့်လာမှုနှင့်အတူ မမျှတမှုနှင့် ရာသီဥတု ပြောင်းလဲလာမှုတို့လို ထိတ်လန့်ဖွယ် အလားတူစိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရတယ်ဆိုတာ အိန္ဒိယနိုင်ငံက နားလည်သိရှိထားပါတယ်။ အဲဒီစိန်ခေါ်ချက်တွေ ပေါ်ပေါက်လာရာမှာ မိမိတို့ကလည်း နိုင်ငံခြားပူးပေါင်းလုပ်ဆောင်မှုတွေမှာ မိတ်ဖက်ရွေးချယ်မှုတွေ တိုးချဲ့ပြီး မိမိတို့ရဲ့ ထိန်းသိမ်းမှုရှိတဲ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်တွေ ရှေ့သို့ချီနိုင်ဖို့အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ လိုအပ်နေတယ်လို့ Dr. Jaishankar က ဖော်ပြခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် Vinit Wahi ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”