ပါကစ္စတန်နိုင်ငံမှာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး တာဝန်ခံအဖွဲ့ FATF ရဲ့ သတိပေးမှုနောက်ပိုင်း ပဏာမ နာမည်ပျက်စာရင်းတွင် ဆက်လက်တည်ရှိရန်ရှိခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေး ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံမှာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး တာဝန်ခံအဖွဲ့ FATF ရဲ့ သတိပေးမှုနောက်ပိုင်း ပဏာမ နာမည်ပျက်စာရင်းတွင် ဆက်လက်တည်ရှိရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ပါကစ္စတန်နိုင်ငံဟာ ထိန်းချုပ်ရေးမျဉ်းကြောင်း LoC တလျှောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံက သိမ်းပိုက်ထားတဲ့ Kashmir ပြည်နယ်အတွင်းက ရှေ့တန်းစခန်းတချို့နှင့် အကြမ်းဖက်သမားတွေ လေ့ကျင့်မွေးထုတ်ပေးတဲ့ ဒေသတချို့ကို ပစ်မှတ်ထားခဲ့ပါတယ်။ အိန္ဒိယကြည်းတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat က အိန္ဒိယတပ်ဖွဲ့တွေနှင့် တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တပ်သားတွေနှင့် အကြမ်းဖက်သမားများစွာ သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အထူးသဖြင့် Jammu & Kashmir ပြည်နယ်မှာ ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်လျှက်ရှိနေပါတယ်။ အစ္စလာမာဘတ် အစိုးရဟာ Kashmir ပြဿနာနှင့်ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို စေ့စပ်ပါဝင်ဖို့ ကြိုးပမ်းရာမှာ မအောင်မမြင်ဖြစ်ခဲ့ရတာကြောင့် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေပြုလုပ်ပြီး အိန္ဒိယနယ်နိမိတ်ထဲ ချိုးဖောက်စိမ့်ဝင်မှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိုးပမ်းမှုတွေကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက အောင်မြင်စွာ တွန်းလှန်ချေဖျက်လျှက် ရှိနေကြပါတယ်။

ဒီအတောအတွင်းမှာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး တာဝန်ခံအဖွဲ့ FATF က ၎င်းရဲ့ ပဲရစ်မြို့ သင်းလုံးကျွတ် အစည်းအဝေးပွဲမှာ ပါကစ္စတန်နိုင်ငံကို ဆက်လက်ပြီး ပဏာမ အမည်ပျက်စာရင်းမှာ လာမယ့် သက္ကရာဇ် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ထားရှိဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ တရားမဝင် ငွေကြေးလွှဲပြောင်းပေးမှုတွေနှင့် အကြမ်းဖက်သမားတွေရဲ့ အုပ်စုတွေကို ငွေကြေးထောက်ပံ့ကူညီမှုတွေအား လျင်မြန်စွာနှင့် ခိုင်မာထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ နောက်ထပ်အချိန် ၄ လမျှ ရရှိလိုက်ပါတယ်။ ယခုလို အချိန်တိုးမြှင့်မှုဟာ ပြင်းထန်တဲ့ သတိပေးချက်နှင့်အတူ ပေါ်ထွက်လာခဲ့ပြီး FATF က “အကယ်၍သာ သူတို့ရဲ့ အရေးယူဆောင်ရွက်မှု အစီအစဉ်တွေကို အပြည့်အဝ ခိုင်မာစွာ အကောင်အထည် မဖော်ဆောင်နိုင်ခဲ့ဘူးဆိုရင် FATF က ပါကစ္စတန်နိုင်ငံကို အဓိက အမည်ပျက် စာရင်းမှာ ထည့်သွင်းယုံမက ဘဏ္ဍာရေးနှင့် ရောင်းဝယ်ဖောက်ကားရေး ဆက်ဆံမှုတွေကိုလည်း ဖျက်သိမ်းလိမ့်မယ်” လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

FATF ဟာ ပါကစ္စတန်နိုင်ငံက ကမ္ဘာ့စံချိန်နှင့်အမီ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှုအား ဆန့်ကျင်တိုက်ဖျက်ရေး နည်းလမ်းတွေက ကျေနပ်ဖွယ်မရှိဘဲ အစ္စလာမာဘတ် အစိုးရက အချက်ပေါင်း ၂၇ ချက်အနင် ၅ ချက်ကိုသာ အရေးယူဆောင်ရွက်ခဲ့တာကို ဖော်ပြလိုက်ပါတယ်။ အိန္ဒိယနိုင်ငံအပေါ် တိုက်ခိုက်မှုတွေအတွက်တာဝန်ရှိတဲ့ Lashkar-e Taiba နှင့် Jaish-e Mohammad လိုအဖွဲ့တွေကို အစ္စလာမာဘတ် အစိုးရက ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ မှတ်ချက်ချဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ တရုတ်၊ မလေးရှားနှင့် တူရကီ အဖွဲ့ဝင် ၃ နိုင်ငံတို့က ဆန့်ကျင်မဲပေးခဲ့ကြတာမို့ အဓိက အမည်ပျက်စာရင်းမှာ ထည့်သွင်းခြင်းမှ လွတ်မြောက်ခဲ့ပါတယ်။ FATF ရဲ့ စည်းမျဉ်းအရ အမည်ပျက်စာရင်းမှာ ထည့်သွင်းခြင်းမှ လွတ်မြောက်ဖို့အတွက် အဖွဲ့ဝင် ၃၉ နိုင်ငံမှ အနည်းဆုံး ၃ နိုင်ငံတို့ရဲ့ ဆန့်ကျင်ကန့်ကွက်မှု ရရှိဖို့လိုအပ်ပါတယ်။ ပါကစ္စတန်နိုင်ငံအနေနှင့် ပိုပြီးပြင်းထန်စွာ အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ FATF ရဲ့ စံချိန်ကို အမီလိုက်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ပြင်းထန်စွာ အရေးယူမှုကိုခံရပြီး ပါကစ္စတန်နိုင်ငံဟာ အဓိက အမည်ပျက်စာရင်းမှာ ထည့်သွင်းခြင်းခံရမှာတော့ အသေအချာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံရဲ့ အဆုံးမရှိတဲ့ နယ်ခြားဖြတ်ကျော် အကြမ်းဖက်မှုရဲ့ ဓါးစားခံ ဖြစ်နေရပါတယ်။ နယူးဒေလီအစိုးရကို အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားနိုင်ငံတွေက အစ္စလာမာဘတ်အစိုးရကိုဆန့်ကျင်ပြီး ပြင်းထန်စွာ အရေးယူဖို့ တိုက်တွန်းကြပါတယ်။ အိန္ဒိယနိုင်ငံဟာ Jiash-e Mohammad အကြမ်းဖက်အုပ်စုခေါင်းဆောင် Masood Azhar ရဲ့ ဘဏ်တိုက်မှ ငွေထုတ်ယူနိုင်သေးတာကို ထောက်ပြခဲ့ပါတယ်။ ဒီအချက်ဟာ ပါကစ္စတန်နိုင်ငံက တကမ္ဘာလုံးကို အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး လှည့်စားနေတာကို ညွှန်ပြလျှက်ရှိပါတယ်။

ယခုအချိန်အခါမှာ ကမ္ဘာကြီးဟာ ပါကစ္စတန်နိုင်ငံက FATF ရဲ့ တင်းကျပ်တဲ့ သတိပေးချက်အပေါ် တုံ့ပြန်အရေးယူတာကို မျက်ခြေမပြတ် စောင့်ကြည့်နေလိမ့်မယ် ဖြစ်ပါတယ်။ ယခုအခါမှာတော့ FATF ရဲ့ သတိပေးချက်ကို ပါကစ္စတန်နိုင်ငံက ကိုယ်ကျိုးအတွက် ဘယ်လိုဆောင်ရွက်မယ် ဆိုတဲ့အပေါ်မူတည်နေပါတယ်။ အကယ်၍သာ ပါကစ္စတန်နိုင်ငံက ပဏာမ အမည်ပျက်စာရင်းမှ အမှတ်တကယ်ကိုထွက်လာပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအတွက် လမ်းဖွင့်ပေးလိုတယ်ဆိုရင် သတိပေးချက်တွေကိုလေးစားပြီး အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ် ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Ashok Handoo ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျာ။

Comments