အိန္ဒိယ-အမေရိကန်ဆက်ဆံရေး တိုးတက်နေခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ အိန္ဒိယ-အမေရိကန်ဆက်ဆံရေး တိုးတက်နေခြင်းအပေါ် အမေရိကန်ရေးရာ မဟာဗျူဟာရှုဒေါင့်မှ ခွဲခြမ်းစိတ်ဖြာလေ့လာသူ သုတေသီ ဒေါက်တာ Stuti Banerjee ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar မကြာသေးခင်က အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေစဉ်အတွင်း၊ အိန္ဒိယနဲ့ အမေရိကန်အကြား ကုန်သွယ်ရေးအပြင်းပွားနေတာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ပတ်သက်လာရင်၊ အပြိုင်ဖြစ်ပေါ်နေတဲ့ဖြစ်ရပ်မှန်များစွာကို မိမိတို့နှစ်နိုင်ငံ ကိုင်တွယ်ဖြေရှင်းနေကြောင်း သူကထောက်ပြခဲ့ပါတယ်။ ပထမဖြစ်ရပ်မှန်ကိုပြောရမယ်ဆိုရင်၊ ကုန်သွယ်ရေးအငြင်းပွားမှုများစွာ အရင်ကတည်းက တည်ရှိနေခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ လက်ရှိအမေရိကန်အစိုးရက အဲဒီအပြင်းပွားမှုတွေကို ပိုပြီးအလေးပေးလာခဲ့ရာက၊ ပိုပြီးဗဟိုကျတဲ့နေရာကို ရောက်လာစေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုထံမှတင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အိန္ဒိယက ကြီးလေးစွာ အခွန်ကောက်တာကို သမ္မတ Donald Trump က ဝေဖန်ပါတယ်။ လာမဲ့သီတင်းပတ်အနည်းငယ်အတွင်း နယူးဒေလီမှာ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross ၊ အိန္ဒိယကုန်သွယ်ရေးပြည်ထောင်စုဝန်ကြီး Piyush Goyal နဲ့ ဆွေးနွေးပွဲပြုလုပ်ပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံရဲ့ နို့ထွက်ပစ္စည်းဈေးကွက်ကို ဝင်ရောက်လိုပါတယ်။ နောက်ပြီး၊ ဆေးဝါးကုသရေးပစ္စည်းကိရိယာတွေရဲ့ဈေးနှုန်းကိုထိန်းချုပ်ခြင်းနဲ့ ICT အခွန်ကောက်ခံခြင်းတို့ကိုလည်း ရုပ်သိမ်းပေးစေချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီတောင်းဆိုချက်တွေကို လိုက်လျောရမယ်ဆိုရင်၊ အိန္ဒိယကလည်း အမေရိကန်ပြည်ထောင်စုထံသို့ တင်ပို့တဲ့ကုန်ပစ္စည်းတွေအပေါ် GSP ခေါ် အထွေထွေဦးစားပေးရေးမူဝါဒအရ အကောက်ခွန်ကင်းလွတ်ခွင့် ရလိုပါတယ်။
Dr. Jaishankar အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့တွေ့ဆုံအပြီး၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှု တိုးတက်အောင်မြင်နေကြောင်း၊ မကြာမီကာလအတွင်း သဘောတူညီချက်တရပ် ထွက်ပေါ်လိမ့်မယ်လို့ မိမိယုံကြည်ကြောင်း ပြောပါတယ်။ ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းရေးဟာ၊ သင်္ချာသဘောအရ ရိုးရှင်းတဲ့အဖြေရှာနည်းမျိုးမဟုတ်သလို တခုနဲ့တခုဆက်စပ်ပြီး ပြောင်းလဲတတ်တာဆိုတော့၊ ကုန်သွယ်ရေးဆွေးနွေးမှုကို အချိန်ယူပြီး ပြုလုပ်ရတဲ့သဘောရှိကြောင်း ၎င်းက ရှင်းပြပါတယ်။ ကုန်သွယ်ရေးအငြင်းပွားမှုအပြင်၊ ကြီးထွားနေသော အိန္ဒိယ-အမေရိကန်မဟာဗျူဟာမြောက်ဆက်ဆံရေးအပါအဝင် နောက်ထပ်ကိစ္စရပ်ပေါင်းစုံကို ဝန်ကြီးနှစ်ဦးတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးခဲ့တဲ့ကိစ္စရပ်တွေထဲမှာ Kashmir ပြည်နယ်အရေးနဲ့ မိမိတို့နှစ်နိုင်ငံ စိုးရိမ်ကြောင့်ကျတဲ့ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များလဲ ပါဝင်ပါတယ်။ လွတ်လပ်ပြီးပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်သမုဒ္ဒရာနယ်မြေအရေးအပေါ်ထားရှိတဲ့ နှစ်နိုင်ငံရဲ့တွေးခေါ်မြော်မြင်မှုတွေ ဆက်လက်တိုးမြှင့်အကောင်အထည်ဖော်ရေး အစီအစဉ်များအပေါ်လဲ၊ အိန္ဒိယနဲ့ အမေရိကန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒီဆွေးနွေးပွဲဟာ Mr Pompeo နဲ့ ဒေါက်တာ Jaishankar တို့ စတုတ္ထအကြိမ်ပြုလုပ်တဲ့ ဆွေးနွေးပွဲဖြစ်ပြီး၊ ဝန်ကြီးချုပ်မိုဒီ အမေရိကန်ပြည်ထောင်စုသို့ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အောင်မြင်စွာသွားရောက်ပြီး မရှေးမနှောင်း ပြုလုပ်တဲ့ ဆွေးနွေးပွဲလဲဖြစ်ပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး၊ အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေစဉ်အတွင်း၊ အဲဒီနိုင်ငံရဲ့ ထင်ရှားသော မဟာဗျူဟာရေးရာလေ့လာရေးအဖွဲ့အစည်း (၇) ခုကို၊ ကမ္ဘာလုံးဆိုင်ရာပြဿနာများအပေါ် အိန္ဒိယနိုင်ငံထားရှိသော သဘောထားအမြင်များကို ရှင်းပြခဲ့ပါတယ်။ အဲဒီလို အမေရိကန်ပြည်ထောင်စုရဲ့ ထင်ရှားသော မဟာဗျူဟာလေ့လာရေးအဖွဲ့များသို့ သွားရောက်ခဲ့ခြင်းအားဖြင့် အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာအရေးကိစ္စများနဲ့ပတ်သက်ရင် မိမိရဲ့သဘောထားအမြင်များကို အမေရိကန်အစိုးရနဲ့သာမကဘဲ အစိုးရပြင်ပက အဖွဲ့အစည်းများနဲ့လည်း ဖလှယ်ဘို့ဆန္ဒရှိကြောင်း ပြလိုက်ပါတယ်။ အဲဒီဆွေးနွေးနှီးနှောပွဲများမှာ၊ Jammu နဲ့ Kashmir ပြည်နယ်အရေးနဲ့ပတ်သက်လို့လဲ ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၃၇၀ ကို ရုပ်သိမ်းတာဟာ အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတခုသာဖြစ်ပြီး၊ အဲဒီပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အိန္ဒိယနိုင်ငံအတွက် အခြေခံအားဖြင့် အရေးကြီးကြောင်း ပြည်ပရေးရာဝန်ကြီး Dr Jaishankar က ရှင်းပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာက၊ မိမိရဲ့ရပ်တည်ချက်ကို အကျိုးသင့်အကြောင်းသင့်ရှင်းပြပြီး၊ အိန္ဒိယဟာ အဲဒီပြည်နယ်ရဲ့ ရေရှည်အကျိုးစီးပွားကိုမျှော်ကိုးပြီး၊ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာဖြစ်ကြောင်း သူတို့ထံမှ နားလည်လက်ခံမှုရရှိဖို့ ရည်ရွယ်ပါတယ်။ အဲဒီလိုဖြစ်မလာသေးခင်ကာလအတွင်း အိန္ဒိယနိုင်ငံအနေနဲ့ ကြိုတင်သတိနဲ့ ပြင်ဆင်ထားရမှာဖြစ်ပါတယ်။
ဒီဒေသအတွင်း ငြိမ်းချမ်းရေးအတွက်၊ ပါကစ္စတန်နိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်ဝါဒပြဿနာကို ဖြေရှင်းရမှာဖြစ်ကြောင်း၊ Dr Jaishankar က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo နဲ့ တွေ့ဆုံဆွေးနွေးရာမှာ၊ ၎င်းက၊ အိန္ဒိယနိုင်ငံမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်တဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံကြောင်း၊ လုံခြုံရေးကောင်စီမှာ အိန္ဒိယနိုင်ငံပါဝင်ခြင်းမရှိတာက၊ ကုလသမဂ္ဂရဲ့ ယုံကြည်ကိုးစားထိုက်မှုကို ထိခိုက်စေကြောင်း ဒေါက်တာ Jaishankar က ပြောပါတယ်။ ၂၁ ရာစုကမ္ဘာကြီးမှာ ဝင်ရိုးစွန်းများစွာရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဝင်ရိုးစွန်း ၂ ခုသာရှိခဲ့တဲ့အဖြစ်သို့ ကမ္ဘာကြီး ပြန်လည်နောက်ဆုတ်နိုင်ချေရှိပုံမရကြောင်း၊ သူကဆက်ပြီး ရှင်းပြပါတယ်။ ကမ္ဘာကြီးရဲ့ ဒီလိုပြောင်းလဲနေတဲ့သွင်ပြင်လက္ခဏာကို မဟာဗျူဟာကျကျလက်ခံမယ်ဆိုရင်၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု ပိုပြီး နီးကပ်လာကြမှာဖြစ်ကြောင်း သူကဟောကိန်းထုတ်ပါတယ်။ ပြိုင်ဆိုင်မှုပိုများလာပြီး၊ ပိုပြီးလဲ ရှုပ်ထွေးလာတဲ့ ခေတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ဆိုရင်၊ အိန္ဒိယလိုနိုင်ငံမျိုးအတွက် မိမိရဲ့သဘောထားအမြင်ကို ပြောင်းဖို့လိုပါလိမ့်မယ်။ ရာသီဥတုဖေါက်ပြန်မှု၊ အကြမ်းဖက်ဝါဒနဲ့ အားလုံးအကျုံးဝင် အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော အရေးကိစ္စများမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ထောက်ခံမှုကို ရရှိအောင်၊ ကမ္ဘာ့ဇာတ်ခုံမှာ အိန္ဒိယနိုင်ငံ ပိုပြီးတက်ကြွတဲ့အခန်းကဏ္ဍက လှုပ်ရှားလာကြောင်း ၎င်းကပြောပါတယ်။
ဝါရှင်တန်ဒီဒီမြို့တော်ရှိ ကွန်ဂရက်လွှတ်တော်အမတ် စာကြည့်တိုက်မှာကျင်းပသော မဟတ္တမဂန္ဒီ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားရာမှာ အိန္ဒိယပြည်ပရေးရာဝန်ကြီးက၊ ဂန္ဒီကြီးမှာ ကျွန်ုပ်တို့ အာရုံစိုက်စေလိုတဲ့ စိန်ခေါ်မှုတခုရှိတယ်ဆိုရင်၊ အဲဒီစိန်ခေါ်မှုဟာ တခြားမဟုတ်ဘဲ၊ ရာသီဥတုဖေါက်ပြန်မှု ဖြေရှင်းကျော်လွှားရေးဘဲဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီးက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်မျိုးစုံ ရောနှောအသုံးပြုပြီး ၂၀၂၂ ခုနှစ်အပြီး လျှပ်စစ်ဓါတ်အား ၁၇၅ ဂီဂါဝပ် ထုတ်လုပ်ရေးရည်မှန်းချက်ပြည့်မှီဘို့ ကြိုးပမ်းအားထုတ်လျှက်ရှိပါတယ်။ ၂၀၃၀ ပြည့်နှစ်အမှီ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တွေကနေ လျှပ်စစ်ဓါတ်အားစုစုပေါင်း ၄၅၀ ဂီဂါဝပ် ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များဖေါ်ထုတ်ရေးနဲ့ လျှပ်စစ်ဓါတ်အားပိုပြီးထိရောက်စွာ ထုတ်လုပ်နိုင်ရေးတို့ထက်ပိုပြီးကြီးမားတဲ့ တိုက်ပွဲကတော့ ရာသီဥတုဖေါက်ပြန်မှုဖြေရှင်းရေးဘဲဖြစ်ပါတယ်။ အချုပ်အားဖြင့် ဒီတိုက်ပွဲမှာ၊ လူတွေရဲ့နေထိုင်မှု ဘဝပုံစံကို အခြေခံကျကျပြောင်းလဲရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ခေတ်မီမြို့ပြများတည်ဆောက်ရေး၊ ပြည်သူအများ စီးနှင်းလိုက်ပါသော သယ်ယူပို့ဆောင်ရေးစနစ်၊ ရေရှည်လုပ်ကိုင်နိုင်သော လယ်ယာစိုက်ပျိုးရေးနဲ့ ရေကိုစနစ်တကျအသုံးပြုရေးတို့ အကျုံးဝင်ကြောင်း ဆောင်းပါးရှင် ဒေါက်တာ Stuti Banerjee ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ်ခင်ဗျား။
Comments
Post a Comment