အင်ဒို-ဒတ်ခ်ျ ဆက်ဆံရေးများ အဆင့်မြင့်တိုးတက်လျှက်ရှိနေ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Prof. Ummu Salma Bava ဝေဖန်ရေးသားပေးပို့ထားတဲ့ “အင်ဒို-ဒတ်ခ်ျ ဆက်ဆံရေးများ အဆင့်မြင့်တိုးတက်လျှက်ရှိနေ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနှင့် နယ်သာလန်နိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ၁၇ ရာစုကတည်းက နှစ်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်တဲ့ သမိုင်းနောက်ဆံ ဆက်ဆံရေးတွေ ရှိခဲ့ကြပြီး ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ၂ နိုင်ငံတို့အကြား ဌာနဆိုင်ရာ တရားဝင်ဆက်ဆံရေးတွေကို ထူထောင်ခဲ့ကြပါတယ်။ စီးပွားရေးရာ ဆက်ဆံရေးတွေဟာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်တွေအတွင်း တဖြည်းဖြည်း ဖွံ့ဖြိုးခဲ့တယ်ဆိုပေမယ့် ၁၉၉၀ ပြည့်နှစ်ကာလတွေမှာ အိန္ဒိယ စီးပွားရေးကဏ္ဍရဲ့ ဈေးကွက်ဖွင့် လျော့ပေါ့မှုတွေပြုလုပ်ပြီးနောက်ပိုင်းမှသာ တကယ်တမ်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ၂ နိုင်ငံဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာခဲ့ပြီး ဒါကို အဆင့်မြင့်ခေါင်းဆောင်ပိုင်းတွေရဲ့ ခရီးစဉ်တွေ အပြန်အလှန် သွားရောက်ခြင်းဖြင့် ၂ နိုင်ငံစလုံး နိုင်ငံရေးရာ ဆက်ဆံရေးတွေ တိုးချဲ့နေတာက သက်သေဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဒတ်ခ်ျ ဝန်ကြီးချုပ် Jan Peter Balkenende က အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ဝန်ကြီးချုပ်အဆင့် ခရီးစဉ် ၃ ကြိမ် သွားရောက်မှုရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မေလမှာတော့ နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutte ဟာ အကြီးမားဆုံးသော စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်လျှက် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့တာက ၂ နိုင်ငံတို့အကြား စီးပွားရေးရာ စေ့စပ်လုပ်ဆောင်မှု အားကောင်းတိုးတက်လာနေတာကို ပြသလျှက်ရှိပါတယ်။

ဒတ်ခ်ျ ဘုရင်ကြီး Willem Alexander နှင့် ဘုရင်မ Maxima တို့ဟာ အိန္ဒိယနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်တစ်ရပ်နှင့် လာရောက်ခဲ့ကြပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်မှာ သရဖူ ဆက်ခံရရှိခဲ့ပြီးတဲ့နောက် ဘုရင်ကြီး Willem Alexander ရဲ့ ပထမဆုံးသော နိုင်ငံတော် ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ သင်တန်းဆင်း လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ ဘုရင်ကြီးဟာ အိန္ဒိယနိုင်ငံသို့ လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်လာခဲ့ပြီး KLM လေကြောင်းခရီးစဉ် အများအပြားတို့မှာ တွဲဖက်လေယာဉ်မှူး ၁ ဦးဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံဟာ စည်းမျဉ်းခံ ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်ပြီး ယခင် ၂၀၀၇ ခုနှစ်ကလည်း လက်ရှိဘုရင်ကြီးရဲ့မယ်တော် ဘုရင်မကြီး Beatrix ဟာ အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။

တော်ဝင်ဇနီးမောင်နှံကို နိုင်ငံတော်အခမ်းအနားနှင့် ကြိုဆိုရာမှာ သမ္မတ Mr. Ram Nath Kovind က စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုဟာ အိန္ဒိယ-နယ်သာလန် ဆက်ဆံရေးရဲ့ အဓိက ထောက်တိုင်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ တောင့်တင်းခိုင်မာတဲ့ သမိုင်းအစဉ်အလာ ဆက်ဆံရေးတို့အပေါ် အခြေခံလျှက် ၂ နိုင်ငံတို့ဟာ မွမ်းမံတီထွင်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် နည်းပညာတို့ရဲ့ တွန်းအားပေး မောင်းနှင်အားဖြင့် ပူးပေါင်းလုပ်ဆောင်မှု လုပ်ဆောင်နေကြတယ်လို့ သမ္မတ Mr. Kovind က ဖော်ပြခဲ့ပါတယ်။

ဘုရင်ကြီး Willem Alexander ဟာ “မိမိတို့အားလုံး တဦးရဲ့ တခါးဝမှာတဦး နေထိုင်နေကြတယ်” လို့ဖော်ပြပြီး ၁၉၅၇ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံသို့ ဝန်ကြီးချုပ် Mr. Nehru ရဲ့ ခရီးစဉ် မိန့်ခွန်းမှ ကောက်နုတ်ပြီး ကိုးကားဖော်ပြခဲ့ပါတယ်။ “နယ်သာလန်နိုင်ငံဟာ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ ဥပဒေစည်းမျဉ်းတို့အပေါ် အခြေခံလျှက် ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ တည်ငြိမ်ရေးကာကွယ်ဖို့ ဥရောပသမဂ္ဂနှင့်အတူ အိန္ဒိယနိုင်ငံ ပူးပေါင်းလိုက်တာကို ဝမ်းမြောက်မိကြောင်း” ဘုရင်ကြီးက ဖော်ပြခဲ့ပါတယ်။

နယ်သာလန်နိုင်ငံဟာ အိန္ဒိယနိုင်ငံနှင့်အတူ ဥရောပသမဂ္ဂအတွင်း ပဥ္စမမြောက် အများပြားဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံနှင့် စတုတ္ထမြောက် အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ တော်ဝင်ဇနီးမောင်နှံတို့ရဲ့ ခရီးစဉ်ဟာ သိပ္ပံနှင့် နည်းပညာရေးဌာနနှင့်အတူ အိန္ဒိယ စက်မှုလုပ်ငန်း အဖွဲ့အစည်းကြီးက စီစဉ်ကျင်းပတဲ့ ၂၅ ကြိမ်မြောက် နည်းပညာရေးရာ ညီလာခံအခမ်းအနားနှင့် တိုက်ဆိုင်ခဲ့ပါတယ်။ ဒီညီလာခံအတွက် အာရုံပြုတဲ့ နယ်ပယ်တွေကတော့ ရေ၊ စိုက်ပျိုးမွေးမြူရေး၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးတို့ ဖြစ်ကြပါတယ်။ ညီလာခံဖွင့်ပွဲမှာ ဘုရင်ကြီး Willem Alexander က မွမ်းမံကြံဆမှုဟာ ပူးပေါင်းဖန်တီးရေးဖြစ်ကြောင်းနှင့် မိမိတို့အားလုံးကိုသက်ရောက်နေတဲ့ လူမှုရေးရာ အရေးကိစ္စတွေ ဖြေရှင်းရာမှာ အထောက်အကူပြုဖို့ နိုင်ငံတကာ အသိပညာနှင့် ကျွမ်းကျင်မှုတွေ အတူတကွ ဆောင်ကြဉ်းဖို့ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

လူမှုဆိုင်ရာ ယဉ်ကျေးမှုအဆင့်မှာလည်း နယ်သာလန်နိုင်ငံအတွင်း အိန္ဒိယအနွယ်ဝင် ပျံ့နှံ့နေထိုင်သူတွေ ၂၃၅၀၀၀ ဝန်းကျင်ရှိပြီး ဥရောပတိုက်မှာ ဗြိတိန်နိုင်ငံပြီးရင် အများဆုံး ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တော်ဝင်ဇနီးမောင်နှံတို့ဟာ နယ်သာလန်နိုင်ငံအတွင်း ပညာသင်ကြားခဲ့ကြသူ ရွေးချယ်ထားတဲ့ အိန္ဒိယကျောင်းသားဟောင်း ၅၀ ပါရှိတဲ့ အုပ်စုနှင့်အတူ သမိုင်းဝင် Safdarjung ဂူဗိမာန်မှာ တုံ့လှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဥရောပတိုက်အတွက် အဝင်ပေါက်ဝအဖြစ် ဟော်လန်နိုင်ငံဟာ ကုန်ကျစရိတ် ဈေးနှုတ်း သက်သာတဲ့ အင်္ဂလိပ်ဘာသာကြားခံ အဆင့်မြင့် ပညာရေးသင်ကြားပေးလျှက် အိန္ဒိယ ကျောင်းသူ/သားတွေကို အာရုံဆွဲဆောင်မှု တိုးများအားကောင်းလျှက်ရှိပါတယ်။

Mumbai မြို့မှာတော့ ၎င်းတို့ဇနီးမောင်နှံဟာ ဒတ်ခ်ျ အနွယ်ဝင် အသိုင်းအဝိုင်းကို တွေ့ဆုံခဲ့ကြပြီး ပန်းချီဆရာကြီး Rembrandt ရဲ့ ခေတ်က အင်ဒို-ဒတ်ခ်ျ ဆက်နွယ်မှုများလို့ ခေါင်းစဉ်နှင့် ဘုံတူညီတဲ့ အမွေအနှစ်ဆိုင်ရာ နှစ်ပေါင်း ၄၀၀ ပြည့် ပန်းချီပြပွဲအခမ်းအနားကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ ခရီးစဉ်ဟာ Kerala ပြည်နယ်မှာ အဆုံးသတ်ခဲ့ပြီး အဲဒီမှာ Mattancherry မြို့မှ ဒတ်ခ်ျ နန်းတော်ကို သွားရောက်ခဲ့ကြပါတယ်။ တော်ဝင်ဇနီးမောင်နှံ့တို့ရဲ့ ဒီခရီးစဉ်ဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အိန္ဒိယ-နယ်သာလန် ဆက်ဆံရေးတွေကို နောက်ထပ် အားကောင်းတိုးတက်စေမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Prof. Ummu Salma Bava ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”