အိန္ဒိယနိုင်ငံသည် ကော်မ္မရိုနှင့် ဆီရာလီယွန်နိုင်ငံတို့နှင့်အတူ ဆက်ဆံရေးများ တိုးတက်နက်ရှိုင်းစေလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သတင်းသုတေသီ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ကော်မ္မရိုနှင့် ဆီရာလီယွန်နိုင်ငံတို့နှင့်အတူ ဆက်ဆံရေးများ တိုးတက်နက်ရှိုင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံ ဒုသမ္မတ Mr. M Venkaiah Naidu ဟာ အာဖရိကတိုက်နှင့် ဆက်ဆံရေးတွေ ပိုမိုတိုးတက်နက်ရှိုင်းဖို့ကြိုးပမ်းရာမှာ ကော်မ္မရိုနှင့် ဆီရာလီယွန်နိုင်ငံတို့ကို ခရီးစဉ် သွားရောက်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း အိမ်နီးချင်းတွေအဖြစ် အိန္ဒိယနိုင်ငံဟာ ကော်မ္မရိုနိုင်ငံ ပြည်သူလူထုတွေနှင့်အတူ တိုးတက်မှုအတွေ့အကြုံတွေ မျှဝေပေးဖို့အသင့်ရှိနေပြီး ဒီနိုင်ငံရဲ့ အဓိကကျတဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်။ ဒုသမ္မတဟာ သမ္မတ Azali Assoumani နှင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်း အများအပြားတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ကျန်းမာရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ သတင်းပြန်ကြားရေး နည်းပညာနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးနယ်ပယ်တွေမှာ ၂ နိုင်ငံ စီးပွားရေးရာ စေ့စပ်လုပ်ဆောင်မှုတွေ တိုးချဲ့သွားဖို့လည်း သဘောတူညီခဲ့ကြပြီး ကာကွယ်ရေးကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁ ခုကို လက်မှတ်ထိုးခဲ့သလို ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါတဲ့ သဘောတူညီချက်တွေကိုလည်း ရရှိခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဟာ Moroni ဒေသမှာ ၁၈ မီဂါဝပ် ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ဖို့ ချေးမငွေ အမေရိကန်ဒေါ်လာ ၄၁.၆ သန်းနှင့် ပူးပေါင်းလုပ်ဆောင်ထားပြီး အကူအညီပေးအပ်မှုအောက်မှာ အသက်မွေးဝမ်းကြောင်း သင်တန်းဌာနတစ်ခု တည်ဆောက်ဖို့ အဆိုပြုချက်တွေကလည်း ၂ နိုင်ငံတို့အကြား ဆက်ဆံရေးအဆင့်တွေကို တိုးမြင့်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၁ သန်းတန်ဖိုးရှိတဲ့ ဆေးဝါးတွေ၊ ဆန်တန်ချိန် ၁ ထောင်၊ ကြားဖြတ်တိုက်စက်လှေတွေအတွက် အမေရိကန်ဒေါ်လာ ၂ သန်းနှင့် သယ်ယူပို့ဆောင်ရေး အသုံးအဆောင်ပစ္စည်းအတွက် ဒေါ်လာ ၁ သန်းတို့ကို လက်ဆောင်ပေးသွားမှာ ဖြစ်ပြီး ကြားဖြတ်တိုက် အမြန်စက်လှေတွေ ဝယ်ယူဖို့အတွက် ဒေါ်လာသန်း ၂၀ ချေးငွေပေးမယ်လို့လည်း အိန္ဒိယနိုင်ငံက ကြေညာခဲ့ပါတယ်။
ကော်မ္မရိုနှင့် အိန္ဒိယနိုင်ငံတို့ဟာ ကမ္ဘာ့အသိုင်းအဝိုင်း ရင်ဆိုင်နေရတဲ့ အရေးကြီးကိစ္စတွေ အများစုတို့အပေါ် ဘုံချည်းကပ်လုပ်ဆောင်မှု ရှိနေကြပြီး နိုင်ငံများစွာပါဝင်တဲ့ အဖွဲ့အစည်း အသီးသီးတို့မှာ တဦးနှင့်တဦး အပြန်အလှန်အားဖြင့် ထောက်ခံပံ့ပိုးလာခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းနေရာရရှိဖို့ အိန္ဒိယနိုင်ငံရဲ့ ကြိုးပမ်းမှုကို ဆက်လက်ထောက်ခံနေပြီး အကြမ်းဖက်ဝါဒ ဘုံတိုက်ဖျက်ရေးနှင့် လုံခြုံရေးကောင်စီ မွမ်းမံဖွဲ့စည်းရေးတို့မှာ ကော်မ္မရိုနိုင်ငံရဲ့ ထောက်ခံမှုတို့အတွက် ကျေးဇူးတင်ရှိခဲ့ပါတယ်။
Mr. Venkaiah Naidu ဟာ ၂ နိုင်ငံခရီးစဉ်ရဲ့ ဒုတိယခြေလှမ်းအဖြစ် ဆီရာလီယွန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဒါဟာ အိန္ဒိယနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံးသော ဒီနိုင်ငံသို့ ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ ၂ နိုင်ငံစလုံးတို့ဟာ ဘုံတန်ဖိုးတွေနှင့် တူညီတဲ့ သဘောထား ရှုထောင့်တွေအပေါ် အခြေခံလျှက် နွေးထွေးပျူငှာတဲ့ ဆက်ဆံရေးတွေ ထားရှိနေကြပြီး အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နားလည်မှုစံနှုန်းတွေကြောင့် အားကောင်းလာတဲ့ ဒီဆက်ဆံရေးတွေဟာ နှစ်ကာလတလျှောက် တိုးတက်လာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲ ၅ ကြိမ်ပြုလုပ်ပြီး ချောမောစွာ အာဏာလွှဲအပ်ပေးမှု ၃ ကြိမ်တို့ သက်သေပြုလျှက် တောင့်တင်းခိုင်မာတဲ့ ဒီမိုကရေစီစနစ်ဖြစ်တာကြောင့် ဆီရာလီယွန်နိုင်ငံကို ချီးကျူးဖော်ပြခဲ့ပါတယ်။ Mr. Naidu ဟာ ယမန်နှစ်က ဆီရာလီယွန်နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မှုအပေါ် သမ္မတ Bio ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ နယူးဒေလီ အစိုးရဟာ ဒီနိုင်ငံအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး ဖော်ဆောင်ရာမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဒီနိုင်ငံအတွင်းမှ ကုလသမဂ္ဂ မစ်ရှင်အဖွဲ့အတွက် တပ်သားတွေပါဝင်ပေးအပ်ဖို့ ပထမဆုံး ၅ နိုင်ငံတို့မှာ ပါဝင်ခဲ့ပါတယ်။
Mr. Naidu ဟာ သမ္မတ Julius Maada Bio နှင့်အတူ ၂ နိုင်ငံ ဆက်ဆံရေးတွေ၊ ဘုံအကျိုးတူတဲ့ ကမ္ဘာ့ရေးရာတွေနှင့် ဒေသပိုင်း ကိစ္စရပ် အားလုံးတို့အပေါ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး ၂ နိုင်ငံတို့အကြား ရေရှည်တည်တံ့မယ့် ရင်းနှီးချစ်ကြည်ရေး ထူထောင်သွားဖို့ ကတိပြုချက်တွေကို ခေါင်းဆောင် ၂ ဦးစလုံးက ဖော်ပြခဲ့ကြပါတယ်။
၂ နိုင်ငံတို့ဟာ စိုက်ပျိုးမွေးမြူရေး၊ စားသောက်ကုန် ထုတ်လုပ်ရေး၊ သတင်းပြန်ကြားရေး နည်းပညာ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် စွမ်းရည်တည်ဆောက်ရေး စတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။ ယခုအချိန်အထိ ငွေကြေး ချေးမမှုကနေ ဆီရာလီယွန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကဏ္ဍအသီးသီးတို့မှာ အမေရိကန်ဒေါ်လာ ၂၁၇.၅ သန်း တန်ဖိုးရှိနေပြီဖြစ်ပါတယ်။ ဆန်စပါး ကိုယ်တိုင် အလုံအလောက် ထုတ်လုပ်နိုင်ဖို့အတွက် Tomabum ဒေသမှာ ဆည်မြောင်းပေးသွင်းမှု ဖွံ့ဖြိုးရေးပြုလုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးမငွေ သဘောတူညီချက်အပါအဝင် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီနိုင်ငံရဲ့ သတင်းပြန်ကြားရေး ကဏ္ဍမှာ ကောင်းမွန်တဲ့ဌာနတည်ဆောက်ဖို့ မကြာမီ စတင်သွားမှာဖြစ်သလို ဒီနိုင်ငံအတွက် ဆန်တန်ချိန် ၁ ထောင်တို့ကိုလည်း ပေးပို့သွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Padam Singh ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment