၄၂ ကြိမ်မြောက် UNHRC တွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ၏ အပြင်းအထန် တုံ့ပြန်ချေပချက်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်နိုင်ငံရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားပေးပို့ထားတဲ့ “၄၂ ကြိမ်မြောက် UNHRC တွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ၏ အပြင်းအထန် တုံ့ပြန်ချေပချက်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ UNHRC ရဲ့ ၄၂ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ Kashmir အရေးကိစ္စဆိုင်ရာ ဖြေရှင်းချက်ရရှိရေး မျှော်မှန်းလျှက် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Mr. Shah Mehmood Qureshi ဟာ Kashmir ကိစ္စကို နိုင်ငံတကာအရေးကိစ္စဖြစ်စေဖို့ တစွတ်ထိုး ကြိုးပမ်းမှုပြုခဲ့ပေမယ့် မရှုမလှနှင့် ကျရှုံးခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အဖွဲ့ဝင် ၄၇ ဦးပါရှိတဲ့အဖွဲ့မှာ ၂၄ နိုင်ငံတို့ရဲ့ထောက်ခံမှု လိုအပ်သွားမှာဖြစ်ပြီး အဲဒီထောက်ခံမှုရရှိဖို့အရေး ကြိုးပမ်းခဲ့ပေမယ့် လူ့အခွင့်အရေးကောင်စီမှာ အရေးပေါ်ဆွေးနွေးမှုပြုလုပ်နိုင်ရေး တောင်းဆိုချက် တင်သွင်းဖို့အတွက် ထောက်ခံချက်ရရှိဖို့တောင် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ဆွေးနွေးဖို့အဆိုကို ညီလာခံမှတဆင့် အချိန်မရွေး တောင်းဆိုသွားနိုင်တယ်ဆိုပေမယ့် Kashmir အရေး ဖြေရှင်းချက်ရရှိဖို့အတွက် တောင်းခံအဆိုပြုလွှာတင်သွင်းဖို့ နောက်ဆုံးသတ်မှတ်ရက်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ Geneva မြို့ ဆွေးနွေးပွဲကို ဝန်ကြီး ၁ ဦးစေလွှတ်ခြင်းမပြုဖို့ ရွေးချယ်ခဲ့တာဟာ ဒီအရေးကိစ္စနှင့်ပတ်သက်ပြီး သိပ်အရေးမထားတာကို ညွှန်းလျှက်ရှိပါတယ်။ ဒါပေမယ့် ပါကစ္စတန်နိုင်ငံရဲ့ စောဒကတက် အဆိုပြုချက်တွေနှင့် မှတ်ချက်တွေကို "ထိုးနှက် ပြောဆိုချက်တွေ"၊ "မှားယွင်းတဲ့ စွပ်စွဲချက်တွေ" နှင့် "လုပ်ကြံ ဖော်ပြချက်တွေ" အဖြစ် အပြင်းအထန် ချေပပြောဆိုခဲ့ပါတယ်။


Shah Mahmood Qureshi ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ဖော်ပြပြီး Kashmir အရေးကိစ္စကို တင်ပြဖို့ ထပ်မံကြိုးပမ်းခဲ့ကာ ကုလသမဂ္ဂမှ ပူးတွဲစုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Kashmir အရေးကိစ္စက ပြည်တွင်းရေးကိစ္စတစ်ရပ်ဖြစ်ပြီး တင်းကျပ်မှုတွေ ချမှတ်ထားရတာကလည်း နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကနေ ပြည်သူလူထုရဲ့ လုံခြုံမှုရှိစေဖို့ ချမှတ်ခဲ့တာဖြစ်ကြောင်း ပြင်းထန်စွာ တုံ့ပြန်ပြောဆိုမှုနှင့်အတူ ပါကစ္စတန်နိုင်ငံရဲ့ ကြိုးပမ်းချက်ကို ကျဆုံးစေလိုက်ပါတယ်။ ပါကစ္စတန်နိုင်ငံကို တုံ့ပြန်ချေပရာမှာ အိန္ဒိယ ကိုယ်စားလှယ်တွေဟာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုမျိုးဆိုတာ အကြမ်းဖက်ဝါဒမှ ပေါ်ထွက်လာတာဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့ပြီး ဒီလို အကြမ်းဖက်မှု လုပ်ရပ်မျိုးတွေကို ဆန့်ကျင်ဖော်ပြကြဖို့အတွက် ကောင်စီအဖွဲ့ဝင်တွေကို တောင်းဆိုဖော်ပြခဲ့ပါတယ်။


အိန္ဒိယ သံတမန်ဖြစ်တဲ့ Ms. Vijay Thakur Singh ဟာ ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယ သုံကိုယ်စားလှယ် Ajay Bisaria နှင့် Geneva မြို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ် သံအမတ် Rajeev Chander တို့ပါရှိတဲ့အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ Ms. Singh ဟာ ပါကစ္စတန်နိုင်ငံကို ထိုးနှက်ဖော်ပြရာမှာတော့ "ဒီမှာရှိနေတဲ့ ကိုယ်စားလှယ် တစ်ဦးဟာ ကျမတို့နိုင်ငံကို ဆန့်ကျင်လျှက် မဟုတ်မမှတ် စွပ်စွဲမှုတွေ၊ လုပ်ကြံထားတဲ့ စွဲချက်တွေနှင့် အပုပ်ချ ပြောဆိုနေပါတယ်။ ဒီလိုလုပ်ကြံဇာတ်လမ်းတွေဟာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်တွေ နှစ်အတော်ကြာအောင် ခိုလှုံနေခဲ့ကြတဲ့ ကမ္ဘာ့အကြမ်းဖက်ဝါဒ ဗဟိုချက်မနေရာကနေ ပေါ်ပေါက်လာတယ်ဆိုတာကို ကမ္ဘာကြီးက ကောင်းကောင်းသိနေကြပါတယ်။ အဲဒီနိုင်ငံဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို 'တခြား သံတမန်ရေး ပရိယာယ်' တစ်မျိုးပုံစံအဖြစ် ကျင့်သုံးနေတယ်" လို့ ဖော်ပြခဲ့ပါတယ်။


အိန္ဒိယနိုင်ငံရဲ့ ဖော်ပြချက်ကို ဖြစ်ရပ် ၂ ခုတို့က ခိုင်လုံစေခဲ့ပါတယ်။ ပထမတချက်က အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းဆိုနေတဲ့ ပါကစ္စတန်နိုင်ငံ Tehreek-e-Insaaf ပါတီမှ ရှေ့နေဟောင်း Baldev Singh ရဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ သတင်းမီဒီယာ ထုတ်ပြန်ချက်တစ်ခုမှာ သူက ပါကစ္စတန်နိုင်ငံအတွင်း လူနည်းစုတွေရဲ့ အခြေအနေကို အလေးပေးဖော်ပြခဲ့ပြီး ပါကစ္စတန်နိုင်ငံမှာ ဟိန္ဒူနှင့် Sikh ဘာသာဝင်တွေသာ နှိပ်စက်ညှဉ်းပန်း ခံနေရတာမဟုတ်ဘဲ ဒီနိုင်ငံမှာ မူဆလင်တွေလည်း လုံခြုံမှုမရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒုတိယတချက်ကတော့ Sindh၊ Balochistan နှင့် Khyber-Pakhtunkhwa ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုဆန့်ကျင်ဖော်ပြလျှက် ကမ္ဘာ့အာရုံစိုက်မှုရရှိစေဖို့ Geneva မြို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံအစည်းအဝေး အပြင်ဘက်မှာ ကမ္ဘာလုံးဆိုင်ရာ Sindhi ကွန်ဂရက်အဖွဲ့ရဲ့ ဆန့်ကျင်ဆန္ဒပြသမှု ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမတိုင်မီ ကာလလေးမှာတင်ပဲ ပါကစ္စတန်နိုင်ငံဟာ Kashmir ဒေသအတွင်း အိန္ဒိယ ဆန့်ကျင်ရေးစစ်ပွဲမြှင့်တင်ဖို့အရေး အကြမ်းဖက်သမားတွေကို စည်းရုံးလှုံ့ဆော်ဖို့ နယ်စပ်ဒေသအနီးမှ ဝင်ပေါက်တွေဆီကို စေလွှတ်ဖို့အတွက် JeM အုပ်စုမှ အကြမ်းဖက်သမား Masood Azhar ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ အစီရင်ခံချက်တွေ ရှိခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ခက်မ ၂ သွယ် နည်းဗျူဟာကို အသုံးပြုလိုခဲ့ပြီး ၁ ခုက Rajasthan နှင့် Sialkot ဒေသတလျှောက်မှာ တပ်သားတွေ တိုးမြှင့်သွားဖို့နှင့် နောက် ၁ ခုကတော့ Kashmir အရေး ကမ္ဘာ့ အာရုံပြုမှုရရှိရေး ကြိုးပမ်းရာမှာ လူ့အခွင့်အရေးကောင်စီ ညီလာခံမတိုင်မီ အဲဒီ Jammu နှင့် Kashmir ဒေသမှာ စိမ့်ဝင်ကျူးကျော်မှုတွေ တိုးမြှင့်ဖို့ ဖြစ်ပါတယ်။ ဒီကနေ့အချိန်အထိ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ဟာ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ခံနေကြပြီး ပါကစ္စတန်နိုင်ငံရဲ့ စောဒကတက်မှုတွေကို မေးခွန်းထုတ်ဖော်ပြနေကြပါတယ်။

UNHCR ကောင်စီမှာ ပါကစ္စတန်နိုင်ငံရဲ့ ကျရှုံးမှုနှင့် အကြမ်းဖက်ဝါဒကို ဆက်လက် အားပေးနေမှုဟာ စက်တင်ဘာလ ၂၇ ရက်နေ့မှာ Mr. Imran Khan ကုလသမဂ္ဂသို့ အမှာစကား ပြောကြားရာမှာ ကျိန်းသေ အားလျော့စေမှာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အရေးနိမ့် နေပေမယ့်လည်း လွဲမှားတဲ့ ယူဒဖြန့်မှုတွေပြုလုပ်ပြီး Kashmir ဒေသကို ဆူပူမှုတွေ ဆက်လက်ဖြစ်ပေါ်စေဖို့ ကြိုးပမ်းလုပ်ဆောင်သွားမှာဖြစ်သလို စစ်သွေးကြွမှုတွေကိုလည်း နှိုးဆွသွားမှာ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Mr. Imran Khan ဟာ Jammu နှင့် Kashmir ပြည်နယ်ဒေသရဲ့ ပြည်သထုနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်းဖော်ပြဖို့ စက်တင်ဘာလ ၁၃ ရက်နေ့၊ သောကြာနေ့မှာ ပါကစ္စတန်နိုင်ငံက သိမ်းပိုက်ထားတဲ့ Muzaffarabad ဒေသအတွင်း လူထုတွေ့ဆုံပွဲကြီးတစ်ခုကို ကြေညာထားပြီး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီအခွင့်အလမ်းကို လာမယ့် အောက်တိုဘာလမှာပြုလုပ်မယ့် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေး အထူးတပ်ဖွဲ့ FATF ဆွေးနွေးပွဲမတိုင်မီ ပါကစ္စတန်နိုင်ငံ အမည်ပျက်စာရင်းဝင် ဖြစ်စေရေးကြိုးပမ်းဖို့ အသုံးပြုသွားဖို့ လိုအပ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Zainab Akhter ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”