သတ္တမအကြိမ်မြောက် RCEP အစည်းအဝေး

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ သတ္တမအကြိမ်မြောက် RCEP အစည်းအဝေး အပေါ် စီးပွားရေးသတင်းစာဆရာ Manohar Manoj ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံပါရစေ။

သောတရှင်များခင်ဗျား၊ မကြာသေးခင်က၊ ဘန်ကောက်မြို့တော်မှာ အတိုကောက်အားဖြင့် RCEP လို့ခေါ်တဲ့ ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ဖြစ်ပွားနေပြီး ဂျပန်နဲ့ တောင်ကိုးရီးယားနှစ်နိုင်ငံ စီးပွားရေးတင်းမာမှုဖြစ်ပွားနေတဲ့အခြေအနေမှာ ဒီအစည်းအဝေးကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ယခင်လမှာ ကျင်းပခဲ့သော RCEP အစည်းအဝေးကို အိန္ဒိယနိုင်ငံ မတက်ရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအရေးကြီးတဲ့ အစည်းအဝေးကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီး Piyush Goyal တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီအချက်က၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ အိန္ဒိယနိုင်ငံ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးကို လှုံ့ဆော်တာဖြစ်ကြောင်း ပြပါတယ်။ Mr Goyal ဟာ RCEP ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ရောက်ပြီး၊ အခြားနိုင်ငံများနဲ့ တနိုင်ငံချင်းအလိုက်ကော၊ နိုင်ငံအုပ်စုများနဲ့ပါ အကြောင်းအရာမျိုးစုံကို အကျိုးတူဆွေးနွေးမှုများနဲ့ နိုင်ငံစုံအဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

RCEP မှာ အဖွဲ့ဝင်ဆယ်နိုင်ငံရှိတဲ့ ASEAN အဖွဲ့နဲ့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ ဩစတြေးလျားနဲ့ နယူးဇီလန်ဆိုတဲ့ ဒေသတွင်း ၆ နိုင်ငံတို့ ပါဝင်ကြပါတယ်။ ASEAN တဖွဲ့လုံးနဲ့ နီးစပ်ရာ ဒေသတွင်းနိုင်ငံများအကြား လွတ်လပ်စွာကုန်သွယ်ရေးစနစ် ရုပ်လုံးပေါ်ရေး စုပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ RCEP ကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း မှတ်သားသင့်ပါတယ်။ သတ္တမအကြိမ်မြောက် RCEP အစည်းအဝေးအပြီး ဒီ ၆ နိုင်ငံတို့ ထုတ်ပြန်တဲ့ ပူးတွဲကြေငြာချက်က၊ ဒီဒေသတခွင်လုံးမှာ လွတ်လပ်စွာကုန်သွယ်ရေးစနစ်ထူထောင်ရေး ဆိုတဲ့ အဓိကရည်မှန်းချက်ကို အလေးအနက်ဖေါ်ပြပါတယ်။ အိမ်ရှင်ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သူ Mr Jurin Laksanawisit က ၊ လွတ်လပ်စွာကုန်သွယ်ရေးစနစ်ကို ရှေ့နှစ်မှာ အပြီးသတ်ထူထောင်နိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

ဒီနေရာမှာ မှတ်သားသင့်တာတခုက၊ ဥရောပသမဂ္ဂပြီးရင် ASEAN ဟာ ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုဖြစ်တယ်ဆိုတဲ့အချက်ပါဘဲ။ SAARC ဆိုတဲ့ တောင်အာရှဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှရရှိသော ရလဒ် အထူးသဖြင့် စီးပွားရေးရလဒ် သိပ်အားရဖွယ်မရှိတာကို အကြောင်းပြုပြီး၊ အိန္ဒိယနိုင်ငံဟာ ASEAN နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လာခဲ့ရပါတယ်။ အခုဆိုရင် ASEAN အဖွဲ့ဝင်နိုင်ငံတွေဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးစီးပွားကုန်သွယ်ဖက်နိုင်ငံတွေစာရင်းမှာ ပါဝင်လာခဲ့ကြပါပြီ။ ASEAN ပြီးရင် အမေရိကန်ပြည်ထောင်စုက ဒုတိယနေရာမှာ ရှိပါတယ်။ ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်မှာ အိန္ဒိယ-အာဆီယံ ကုန်သွယ်ရေးတန်ဘိုး အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံရှိခဲ့ရာက၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ၉၆.၇ ဘီလီယံအထိ သုံးဆတိုးလာခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ အာဆီယံအဖွဲ့နဲ့ ပြုလုပ်သော အိန္ဒိယရဲ့ကုန်သွယ်ရေးတန်ဘိုးဟာ၊ စုစုပေါင်းကုန်သွယ်ရေးတန်ဘိုးရဲ့ ၁၁.၄၇ ရာခိုင်နှုန်းရှိလာခဲ့လို့ အာဆီယံဟာ အိန္ဒိယရဲ့ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်မှာ အိန္ဒိယဟာ အာဆီယံရဲ့ ဆဋ္ဌမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ပါတယ်။

ဒီအခြေအနေမှာ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရရှိမယ်ဆိုရင်၊ အိန္ဒိယနိုင်ငံအတွက် ကုန်စည်ရောင်းဝယ်ဖေါက်ကားရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှု ပညာရှင် မူပိုင်ခွင့်နဲ့ အစိုးရအဆင့်ဝယ်ယူစုဆောင်ရေးဆိုတဲ့ ကဏ္ဍများလို ကဏ္ဍပေါင်းစုံမှာ အခွင့်အလမ်းများစွာ ရရှိမှာဖြစ်ပါတယ်။

အာဆီယံနဲ့ ထိတွေ့ဆက်ဆံရေးဟာ အိန္ဒိယရဲ့ အရှေ့ဖက်ဆောင်ရွက်ရေးမျာ အဓိကမဏ္ဍိုင်တခုဖြစ်တယ်ဆိုတာကို လေးနက်စွာ ဖေါ်ပြဘို့လိုပါတယ်။ ဒါ့အပြင် ပို၍ကျယ်ပြောသော အင်ဒို-ပစိဖိတ်သမုဒ္ဒရာဒေသနယ်မြေသို့ အလှမ်းမှီရေး၊ အာဆီယံဟာ အိန္ဒိယအတွက် မုခ်ဦးသဖွယ်ဖြစ်ပါတယ်။ ရင်းနှီးသောမိတ်ဖက်ဆက်ဆံရေးရှိတဲ့ အိန္ဒိယနဲ့ အာဆီယံတို့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကုန်သွယ်ရေးအပေါ် သဘောထားချင်းတိုက်ဆိုင်ပါတယ်။ အိန္ဒိယနဲ့ ဒီနယ်မြေက နိုင်ငံများစွာတို့အကြား ခိုင်မြဲသော ကုန်သွယ်ရေးထွန်းကားပါတယ်။ သို့ပေမဲ့လဲ၊ မလေးရှားနဲ့ တောင်ကိုးရီးယားလို နိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ လိုငွေပြနေတာကို ဖြေရှင်းဘို့လိုပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရဲ့ မတ်လနဲ့ဧပြီလအတွင်း အာဆီယံက အာဆီယံမှ အိန္ဒိယသို့ စီးဝင်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတန်ဘိုး အမေရိကန်ဒေါ်လာ ၁၆.၄၁ ဘီလီယံရှိခဲ့ပါတယ်။ ဒါဟာ အိန္ဒိယသို့ စီးဝင်သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုစုစုပေါင်းရဲ့ ၃၇% နီးပါးဖြစ်ပါတယ်။ အိန္ဒိယဟာ အာဆီယံရဲ့ ဆဋ္ဌမအကြီးဆုံး ရင်းနှီးမြှပ်နှံရာ နိုင်ငံဖြစ်လာခဲ့ပါပြီ။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီး Piyush Goyal ဟာ၊ RCEP အစည်းအဝေးနဲ့ကြုံခိုက်၊ ဂျပန်၊ စင်္ကာပူ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဩစတြေးလျား၊ နယူးဇီလန်၊ ဖိလိပိုင်နဲ့ ထိုင်းနိုင်ငံတို့မှ မိတ်ဖက်ဝန်ကြီးများနဲ့လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယ-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလမှာစပြီး အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အဲဒီအချိန်ကဆိုရင်၊ အဓိကအားဖြင့် စားအုံးဆီ၊ ရာဘာ၊ ကော်ဖီ၊ လဖက်ခြောက်နဲ့ ငရုပ်ကောင်းဆိုတဲ့ ပစ္စည်းအချို့ကိုသာ ဗဟိုပြုကုန်သွယ်ခဲ့ပါတယ်။

လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကြောင့် အဲဒီလိုကုန်စည်မျိုး၊ အိန္ဒိယက အာဆီယံထံမှ ပိုပြီးတင်သွင်းလာရမှာဖြစ်လို့ အိန္ဒိယရဲ့ အဲဒီလိုမျိုး ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်နစ်နာနိုင်မှာကို များစွာစိုးရိမ်ခဲ့ကြပါတယ်။ အဲဒီဖေါ်ပြခဲ့တဲ့ အမယ်တွေကို အထူးကုန်စည်များအဖြစ် သတ်မှတ်ကာ၊ တချို့ကိုအကောက်ခွန်လျှော့ပေါ့မှုကို ကန့်သတ်ပြီး ကျန်တဲ့အမယ်များကို လွတ်လပ်စွာကုန်သွယ်နိုင်တဲ့ ကုန်စည်များစာရင်မှ ဖယ်ရှားခြင်းတွေပြုလုပ်ခဲ့ရပါတယ်။ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ဟာ စီးပွားရေးရှုဒေါင့်မှ ကြည့်ရင်တကယ်ကြောင်းကျိုးဆီလျှော်မှုရှိမရှိ ပြန်ပြီး သုံးသပ်နေပါတယ်။

ဒီလို အိန္ဒိယ-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်အပေါ် ပြန်လည်သုံးသပ်ဖို့ အိန္ဒိယက ဆုံးဖြတ်ခဲ့လင့်ကစား RCEP အပေါ် ဆွေးနွေးစေ့စပ်မှုကို ထိခိုက်မှာမဟုတ်ပါဘူး RCEP သဘောတူညီချက်အပေါ် ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ်ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီနောက်ရှေ့နှစ်အစောပိုင်းကျရင်၊ RCEP အပေါ် အပြီးသတ်သဘောတူညီချက် ရရှိနိုင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးမှာ အရေးကြီးတဲ့နေရာကိုယူထားပြီး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု တည်ငြိမ်စွာတိုးတက်ရေးကို ရှေးရှုသော အကြံပြုချက်များ New Delhi က တင်ပြဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားသွားကြောင်းပါခင်ဗျား။

Comments