၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားသော ဝန်ကြီးချုပ် Modi ၏ မိန့်ခွန်း

ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ “၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားသော ဝန်ကြီးချုပ် Modi ၏ မိန့်ခွန်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတန်းကိုယ်စားလှယ်ဟောင်း၊ သံအမတ်ကြီး Asoke Mukerji ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါစေ။

သောတရှင်များခင်ဗျား၊ သောကြာနေ့က၊ ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေဆွေးနွေးပွဲမှာ မစ္စတာ Narendra Modi မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီအထွေထွေဆွေးနွေးပွဲရဲ့ ခေါင်းစဉ်ကတော့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ အားလုံးအကျုံးဝင်ရေးနဲ့ ရာသီဥတုဖေါက်ပြန်မှုကုစားရေးတို့အတွက် ထိရောက်သောနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်။ လွန်ခဲ့သော ၄ နှစ်၊ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဝန်ကြီးချုပ်မိုဒီဟာ၊ အရှိန်မပျက်တိုးတက်ဖွံ့ဖြိုးရေး ၂၀၃၀ ပြည့်နှစ်အမှီ ဆောင်ရွက်ရမဲ့လုပ်ငန်း အစီအစဉ်ချမှတ်ရေး၊ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အထူးထိပ်သီးညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်များနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ အဲဒီ ၂၀၃၀ ပြည့်နှစ်အမှီ ဆောင်ရွက်ရမဲ့လုပ်ငန်းအစီအစဉ်ကို အိန္ဒိယနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များအတွက် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆောင်ရွက် အကောင်အထည်ဖော်ရာမှာ ရရှိခဲ့သော အောင်မြင်မှုများက အထောက်အကူပြုပုံကို မစ္စတာမိုဒီ မီးမောင်းထိုးပြခဲ့ပါတယ်။ ဝန်ကြီးချုပ်မိုဒီရဲ့ မိန့်ခွန်းက၊ အဲဒီမီးမောင်းထိုးပြချက်ကို ပိုပြီးအဓိပ္ပါယ်ပြည့်ဝစေခဲ့ပါတယ်။ Mr Modi ရဲ့ မိန့်ခွန်းကဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရေးနဲ့အားလုံး အကျုံးဝင်အကျိုးရှိရေး ရည်မှန်းချက်များအပေါ် ထိရောက်စွာ အကျိုးပြုစေသော၊ အရေးယူဆောင်ရွက်မှုများစွာကို အသေးစိတ်ဖေါ်ပြခဲ့တာဟာ ကမ္ဘာကြီးအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တခု ပေးလိုက်တာပါဘဲ။ ဒီအထဲမှာ၊ Jan Dhan Yojana မြန်မာလိုပြောရရင် ပြည်သူ့ဓနစီမံကိန်းဆိုတဲ့ ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးအရေအားလုံးအကျုံးဝင် အကျိုးရှိရေးစီမံကိန်းလည်း ပါဝင်ပါတယ်။ ဒီစီမံကိန်းကြောင့် ၅ နှစ်အတွင်း ပြည်သူသန်းပေါင်း ၃၇၀ တို့ ဘဏ်ငွေစာရင်းဖွင့်နိုင်ခဲ့ကြပါတယ်။ အဲဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲသားလူတန်းစားတို့ကို ဘဏ္ဍာရေးအရ စွမ်းအားပေးခဲ့ပါတယ်။ Aadhar စီစစ်ရေးကဒ်ပြားထုတ်ပေးခြင်းဖြင့်လည်း၊ အိန္ဒိယပြည်သူသန်းပေါင်း ၁၂၀၀ ကို ဒစ်ဂျစ်တယ်နည်းအရ စွမ်းအားပေးခဲ့ပါတယ်။ အဲဒီ Aadhar စီစစ်ရေးကဒ်ပြားကို Biometric စနစ်နဲ့ တဦးချင်းရဲ့လက်ဗွေနဲ့ မျက်စိအရောင်ကို မှတ်တမ်းတင်ပြီး ထုတ်ပေးတာဖြစ်လို့ အစိုးရဝန်ထမ်းများရဲ့ အဂတိလိုက်စားနိုင်မှုကို အခိုင်အမာ ချေဖျက်လိုက်ပါတယ်။

ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်သော အတိုင်းအတာနဲ့ ဆောင်ရွက်အကောင်အထည်ဖော်သော Swachh Bharat မိလ္လာသန့်ရှင်းရေးအစီအစဉ်အောက်မှာ၊ အိမ်အပြင် မစင်စွန့်တဲ့ အလေ့အထကို အဆုံးသတ်စေရေးအတွက် ၅ နှစ်အတွင်း အိမ်သာအလုံး သန်းပေါင်း ၁၁၀ ကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ Ayushman Bharat လို့အမည်ပေးထားသော ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းမှာ ပြည်သူသန်းပေါင်း ၅၀၀ တို့ အကျုံးဝင်အကျိုးရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၂၅ ခုနှစ်အမှီ တိုင်းပြည်မှာ TB ရောဂါအမြစ်ဖြတ်စေမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။

လာမဲ့ ၅ နှစ်အတွင်း အိမ်အလုံးသန်းပေါင်း ၁၅၀ ကို သောက်သုံးရေ ဖြန့်ဝေပေးဘို့နဲ့ ၂၀၂၂ ခုနှစ်အမှီ ဆင်းရဲသားလူတန်းစားတို့အတွက် အိမ်အလုံးသန်းပေါင်း ၂၀ တည်ဆောက်ပေးဖို့လည်း အခိုင်အမာဆုံးဖြတ်ထားပါတယ်။

ရာသီဥတုဖေါက်ပြန်မှုကုစားရေးနဲ့ပတ်သက်လို့ မစ်စတာမိုဒီရဲ့ မိန့်ခွန်းမှာ အိန္ဒိယနိုင်ငံအနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကို လက်ရှိ ၁၇၅ ဂီဂါဝပ်မှ ဂီဂါဝပ် ၄၅၀ အထိ တိုးချဲ့ထုတ်လုပ်သွားဖို့ အမျိုးသားပန်းတိုင်တရပ် သတ်မှတ်ထားကြောင်း၊ ဒါ့အပြင် လာမဲ့ ၅ နှစ်အတွင်း အိန္ဒိယနိုင်ငံမှာ တခါသုံးပလပ်စတစ်ထုတ်လုပ်ရောင်းချ အသုံးပြုခြင်းကို ပိတ်ပင်ဖို့လည်း အခိုင်အမာဆုံးဖြတ်ထားကြောင်း ဖော်ပြပါတယ်။ အဲဒီလိုမျိုး အရေးယူဆောင်ရွက်ချက်တွေအားဖြင့် ရာသီဥတုဖေါက်ပြန်မှုကို ဖြေရှင်းရေးအတွက် နိုင်ငံတကာဆိုလာမဟာမိတ်အဖွဲ့ တည်ဆောက်ခြင်း၊ သဘာဝနဲ့ အခြားဘေးအန္တရာယ်များဒဏ် ခံနိုင်သော အခြေခံအဆောက်အဦးများ တည်ဆောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ ဖွဲ့ဏည်းရေးအဆိုပြုချက်တွေ ပါဝင်ပါတယ်။ ဒီအစပျိုးဆောင်ရွက်မှုအားလုံးမှာ အိန္ဒိယနိုင်ငံ ကမ္ဘာ့အတိုင်းအတာနဲ့ ဦးဆောင်မှုပေးနေပါတယ်။

ပြည်သူလူထုသက်သာချောင်ချိရေးနဲ့ ငြိမ်းချမ်းရေးတို့အတွက် အခိုင်အမာဆုံးဖြတ်ချက် ချမှတ်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံ အရှိန်မပျက် ဖွံ့ဖြိုးနေတယ်ဆိုတာကို ဝန်ကြီးချုပ်က အလေးအနက်ပြောကြားပါတယ်။ လူထုကောင်းစားရေးလုပ်ငန်းမှာ လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်မှုရဲ့ ထိရောက်မှုကို အိန္ဒိယနိုင်ငံက လက်တွေ့ပြသပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူတွေရဲ့ ကောင်းစားရေးအတွက်သာမကဘဲ တကမ္ဘာလုံးက ပြည်သူလူထုရဲ့ကောင်းစားရေးအတွက်လည်း ရည်ရွယ်ကြောင်း၊ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်က “အားလုံးနဲ့အတူ လက်တွဲရေး၊ အားလုံးဖွံ့ဖြိုးရေးနဲ့ အားလုံးရဲ့ယုံကြည်မှု” ဘဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံစုံစနစ်၊ အခုရင်ဆိုင်နေရသော စိန်ခေါ်မှုများနဲ့ပတ်သက်လို့ပြောရရင်၊ ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းမှာ အိန္ဒိယနိုင်ငံဟာ နိုင်ငံစုံစနစ်ကိုထောက်ခံသော အဓိကနိုင်ငံတနိုင်ငံဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဝန်ကြီးချုပ်မိုဒီဟာ လူသားအားလုံး တူညီသောကံကြမ္မာရှိခြင်းအပေါ် အလေးအနက်သဘောထားသော အိန္ဒိယနိုင်ငံရဲ့ ရာစုနှစ်ပေါင်းများစွာ ထွန်းကားလာခဲ့တဲ့ ယဉ်ကျေးမှုအစဉ်အလာကို အဘိဓမ္မာဆန်ဆန် မီးမောင်းထိုးပြရာမှာ၊ ရှေးဟောင်းတမီ(လ)စာဆိုတော်ကြီး Kaniyan Pungundranar ရဲ့ အဆိုအမိန့်ကို ကိုးကားဖေါ်ပြပါတယ်။ ဒီတမီ(လ) စာဆိုတော်ကြီး “ကျွန်ုပ်တို့ကို အရပ်ဒေသအားလုံးက ပိုင်ဆိုင်တယ်၊ ကျွန်ုပ်တို့ကို လူတိုင်းက ပိုင်ဆိုင်တယ်” လို့ မိန့်ဆိုခဲ့ပါတယ်။ ၁၈၉၃ ခုနှစ် သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေး ကမ္ဘာ့ဘာသာပေါင်းစုံ ပါလီမန်မှာ Swami Vivekananda ပြောကြားခဲ့သော အဆိုအမိန့်နဲ့၊ မဟတ္တမဂန္ဒီရဲ့ အမှန်တရားနဲ့ အကြမ်းမဖက်ရေးဝါဒတို့ကို အလေးအနက်သဘောထားပုံရဲ့ အရေးကြီးပုံကို Mr Modi က လေးနက်စွာ ဖေါ်ပြခဲ့ပါတယ်။ နိုင်ငံစုံစနစ်ကို ကြံ့ခိုင်စေရေး လက်တွေ့ကျသောအထောက်အကူပြုခြင်းနဲ့ပတ်သက်လို့ ပြောရရင်၊ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်သည်အင်အားအများဆုံးပေးပို့တဲ့နိုင်ငံဟာ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ၊ ကမ္ဘာကြီးကို စစ်မက်မဟုတ်၊ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ငြိမ်းချမ်းရေးဓမ္မတရားကိုသာ ဖြန့်ဝေပေးသောနိုင်ငံဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက ထောက်ပြပါတယ်။ အကြမ်းဖက်ဝါဒဟာ အကြီးမားဆုံးစိန်ခေါ်မှုတခုဖြစ်ကြောင်း၊ ဒီစိန်ခေါ်မှုကို လူသားထုရဲ့အကျိုးစီးပွားကိုရှေးရှုပြီး၊ အားလုံး စည်းလုံးညီညွှတ်စွာ ရင်ဆိုင်ဖြေရှင်းဖို့လိုအပ်ကြောင်း ၎င်းက ပြောကြားပါတယ်။ အသစ်ပေါ်ထွက်နေသော တတ်ကျွမ်းမှုနည်းပညာသစ်များဟာ၊ လူမှုဘဝ၊ လူတဦးချင်းရဲ့ဘဝ၊ စီးပွားရေး၊ လုံခြုံရေး၊ ကူးလူးဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို အခြေခံကျကျ ပြောင်းလဲစေလျှက်ရှိကြောင်း Mr Modi က ပြောကြားရာမှာ၊ တနိုင်ငံနဲ့ တနိုင်ငံ အပြန်အလှန်အမှီသဟဲပြုတဲ့ ကမ္ဘာကြီး ပေါ်ထွန်းလာရေး လိုအပ်ကြောင်း လေးနက်စွာ ပြောကြားပါတယ်။ နိုင်ငံစုံစနစ်နဲ့ ကုလသမဂ္ဂအဖွဲ့ကြီးတို့ကို ဦးတည်ချက်သစ်နဲ့ စွမ်းအားသစ်များ ပေးခြင်းအားဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းနဲ့ ဧကစာရီဝါဒတို့ကို တန်ပြန်ကြဖို့ ဝန်ကြီးချုပ်မိုဒီရဲ့ မိန့်ခွန်းက နှိုးဆော်ပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လမှာ နိုင်ငံပေါင်းစုံစနစ်ထွန်းကားရေးအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ စုပေါင်းချမှတ်ခဲ့သော သန္နိဋ္ဌာန်ကို လိုက်နာဆောင်ရွက်ဖို့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အာဏာရှိပါတယ်။ အဲဒီရည်ရွယ်ချက် အကောင်အထည်ဖေါ်ရေး လမ်းပြမြေပုံတခု ချမှတ်ရေးမှာ အိန္ဒိယနိုင်ငံ အခိုင်အမာပါဝင်ဆောင်ရွက်နိုင်သော အခန်းကဏ္ဍကို ဝန်ကြီးချုပ်မိုဒီရဲ့ မိန့်ခွန်းက ညွှန်ပြပါတယ်။ အဲဒီလမ်းပြမြေပုံကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပမဲ့ ထိပ်သီးညီလာခံက ပြဋ္ဌာန်းမှာဖြစ်ကြောင်း ဆောင်းပါးရှင် သံအမတ်ကြီး Asoke Mukerji ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”