Kashmir အရေးကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၏ အဓိပ္ပါယ်မဲ့ ဖော်ပြချက်
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “Kashmir အရေးကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၏ အဓိပ္ပါယ်မဲ့ ဖော်ပြချက်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
Jammu နှင့် Kashmir ပြည်နယ်ဒေသရဲ့ အခွင့်ထူးပေးအပ်မှု အခြေအနေ ရုပ်သိမ်းလိုက်ပြီး ဒီဒေသကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားရှိလိုက်ပြီးကတည်းက ပါကစ္စတန်နိုင်ငံ ခေါင်းဆောင်ပိုင်းတို့ဟာ ကစဉ့်ကလျားနှင့် ဖရိုဖရဲ ဖြစ်နေကြဟန်ရှိပါတယ်။ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Mr. Imran Khan ဟာ အိန္ဒိယနိုင်ငံကို ကန့်ကွက်လျှက် ဆဲရေးပြစ်တင်တဲ့ စကားလုံးတွေ သုံးနှုန်းကျူးလွန်ခဲ့ပြီး အနုမြူစစ်ပွဲတစ်ရပ် ဖြစ်ပွားလိမ့်မယ်လို့တောင် အိန္ဒိယနိုင်ငံကို ခြိမ်းခြောက်လိုက်ပါတယ်။ Kashmir ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ဟန့်တားဖို့ ကမ္ဘာ့နိုင်ငံတွေက ဘာမှမလုပ်ဘူးဆိုရင် ၂ နိုင်ငံတို့ဟာ စစ်ဖက်ဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်ရေး ညွှန်ကြားသွားဖို့ နီးကပ်စေလိမ့်မယ်လို့ ၎င်းက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း Mr. Imran Khan ရဲ့ စကားတွေနှင့် ကွဲလွဲချက်ကတော့ စစ်မက်ဖြစ်ပွားမှုဟာ Kashmir ဒေသ အငြင်းပွားမှု ဖြေရှင်းဖို့အတွက် ရွေးချယ်စရာတစ်ခု မဟုတ်ဘူးလို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Mr. Shah Mahmoud Qureshi က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံ မီးရထားရေးဝန်ကြီး Mr. Sheikh Rashid ကတော့ လာမယ့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလမှာ ၂ နိုင်ငံအကြား စစ်ပွဲတစ်ရပ်ကို မြင်တွေ့ထားတယ်လို့ နောက်တစ်နေ့ လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ဒီလို အဆက်အစပ်မရှိဖော်ပြချက်တွေဟာ အိန္ဒိယအစိုးရရဲ့ လုပ်ဆောင်ချက်အနေနှင့် ပါကစ္စတန်နိုင်ငံအတွင်းမှာ မခံသာအောင် ဖြစ်ပေါ်စေလျှက်ရှိတယ်ဆိုတာကို အထင်အရှား ပြသလျှက်ရှိပါတယ်။
Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း ပါဝင်ဖို့အရေး အကောင်းဆုံးကြိုးပမ်းလုပ်ဆောင်ခဲ့ပေမယ့် ပါကစ္စတန်နိုင်ငံဟာ ထောက်ခံမှု တစ်စုံတစ်ရာမျှ မရရှိခဲ့ပဲ ပျက်ပြားခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ပြင်သစ်နှင့် ဗြိတိန်တို့လို နိုင်ငံတွေကလည်း Kashmir ဒေသအတွင်းမှာ အိန္ဒိယအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတစ်ရပ်ဖြစ်ပြီး နိုင်ငံရပ်ခြားရဲ့ ကြားဝင်လုပ်ဆောင်မှု တောင်းဆိုခြင်းမပြုဖို့ ပါကစ္စတန်နိုင်ငံကို ရှင်းရှင်းလင်းလင်း ဖော်ပြထားကြပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို မိတ်ဆွေဖြစ်တဲ့ တရုတ်နိုင်ငံကတောင် ဒီအရေးကိစ္စနှင့်ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံကို ထောက်ခံရာမှာ ထင်သာမြင်သာအောင် ထွက်ပေါ်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုအခြေအနေတွေ ရှိနေပေမယ့်လည်း Imran Khan ဟာ လွန်ခဲ့တဲ့ သောကြာနေ့က ပါကစ္စတန်နိုင်ငံအတွင်း ၁ နာရီကြာ ငြိမ်သက်နေကြဖို့ ခေါ်ဆိုခဲ့လင့်ကစား အဲဒီငြိမ်သက်မှုအတွက် ပါကစ္စတန်နိုင်ငံသား များများစားစား မပါဝင်ခဲ့ကြတာကြောင့် ရှက်ဖွယ် ဖြစ်ခဲ့ရပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေဟာ အိန္ဒိယနိုင်ငံအပေါ် ထောက်ခံကြောင်း ၎င်းတို့ရဲ့ရပ်တည်ချက်ကို ဖော်ပြထားပြီးဖြစ်တယ်ဆိုတဲ့အချက်ကို မေ့လျော့လျှက် Imran Khan ဟာ ဒီအရေးကိစ္စကို ကုလသမဂ္ဂနှင့် နိုင်ငံတရာ တရားရုံးသို့ တင်ပြဖို့ ကြေညာခဲ့ပါတယ်။
ဒီအချက်ရဲ့ရလဒ်အဖြစ် ပါကစ္စတန် ခေါင်းဆောင်ပိုင်းတွေဟာ အိန္ဒိယနိုင်ငံနှင့် ဆွေးနွေးမှု အရေးကိစ္စမှာလည်း ကွဲလွဲနေပြန်ပါတယ်။ Imran Khan ဟာ အိန္ဒိယနိုင်ငံနှင့် ဆွေးနွေးမှုတွေ ပြုလုပ်ခြင်းဟာ အရာရောက်မှာမဟုတ်ဘူးလို့ ဖော်ပြနေပြီး နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi ကတော့ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံနှင့် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ဖော်ပြပြီး ချိုးကွေ့ပြောင်းလဲသွားခဲ့တာကြောင့် ဒါဟာ အိန္ဒိယနိုင်ငံနှင့် ဆွေးနွေးရေးအတွက် အစ္စလာမာဘတ်အစိုးရရဲ့ အဆင်သင့်ဖြစ်မှုအပေါ် သတင်းမီဒီယာ အစီရင်ခံချက်တွေကို Imran Khan က ငြင်းဆိုခဲ့ရမှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တသမတ်တည်းသော ရပ်တည်ချက်ကတော့ အစ္စလာမာဘတ် အစိုးရဟာ အကြမ်းဖက်ဝါဒကို ၎င်းတို့နိုင်ငံရဲ့ မူဝါဒသဖွယ် အိန္ဒိယနှင့် တခြားနိုင်ငံများအပေါ် ဆန့်ကျင်အသုံးပြုနေမှု ရပ်တန့်မှသာလျှင် ပါစ္စတန်နိုင်ငံနှင့် ဆွေးနွေးမှုတွေ ဖက်လက်ပြုလုပ်နိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ Jammu နှင့် Kashmir အရေးမှလွဲပြီး တခြားသော ဖြေရှင်းရမယ့်ကိစ္စရပ်တွေကို အကြမ်းဖက်မှုနှင့် ချိုးဖောက်မှု ကင်းစင်တဲ့ ဝန်းကျင်အခြေအနေရှိမှသာ ပါကစ္စတန်နှင့် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က ထပ်မံဖော်ပြခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံတွေအပါအဝင် တခြားနိုင်ငံတွေထံကနေ ထောက်ခံမှုရရှိဖို့ ဆက်လက်ကြိုးပမ်းလျှက်ရှိပါတယ်။ ဒါပေမယ့်လည်း ဩဇာရှိကြတဲ့ အစ္စလာမ္မစ် နိုင်ငံအချို့တို့ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Mr. Narendra Modi အနေနှင့် Kashmir အရေး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီးနောက်မှာပင် ဝန်ကြီးချုပ်ကို ချီးကျူးဂုဏ်ပြုကြဖို့ ရွေးချယ်ထားကြပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက UAE နိုင်ငံဟာ အရပ်ဖက် အမြင့်ဆုံးဖြစ်တဲ့ ‘order of Zayed’ ဆုနှင့်အတူ Mr. Modi ကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။
Kashmir အရေး အိန္ဒိယနိုင်ငံရဲ့ လုပ်ဆောင်ချက်အပေါ် အစ္စလာမ္မစ် နိုင်ငံများအဖွဲ့အစည်းရဲ့ နှုတ်ဆိတ်နေမှုနှင့်ပတ်သက်ပြီး “အစ္စလာမ္မစ် အသိုင်းအဝိုင်း ကွဲလွဲမှုရှိလာပြီ” လို့ ပါကစ္စတန်နိုင်ငံမှ ဝါရင့် ဥပဒေပြုအမတ်တစ်ဦးက မှတ်ချက်ပေးဖော်ပြခဲ့ပါတယ်။ OIC နိုင်ငံများအဖွဲ့ရဲ့ အားထားရတဲ့နိုင်ငံများ၊ သီးသန့်အားဖြင့် အာရပ်ပင်လယ်ကွေ့ရဲ့ အားထားရတဲ့ နိုင်ငံများရဲ့ လုပ်ဆောင်ချက်တွေဟာ Kashmir ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဒေလီအစိုးရက ရုပ်သိမ်းပြီးနောက်မှာပင် တိတ်ဆိတ်နေကြဆဲဖြစ်တယ်လို့ ၎င်းက ဖြည့်စွက်ဖော်ပြခဲ့ပါတယ်။
အစ္စလာမ္မစ် အစိုးရဟာ ၎င်းတို့ရဲ့ Balochistan နှင့် Khyber-Pakhtoonkhwa ပြည်နယ်တွေအတွင်း၊ ပါကစ္စတန်က သိမ်းပိုက်ထားတဲ့ Kashmir ဒေသအတွင်းတို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ ပါကစ္စတန်နိုင်ငံဟာ Kashmir ဒေသရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအကြောင်း ဖော်ပြနေတာမျိုး မဖြစ်သင့်ပါဘူး။ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယဆန့်ကျင်ရေး စကားလုံးတွေနှင့် အချိန်ကုန် လူပန်းလုပ်နေမယ့်အစား ပကတိ အခြေအနေကိုနှလုံးသွင်းလျှက် စတင်ပြင်ဆင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်း တစ်ခုတည်းကသာလျှင် အိမ်နီးချင်းကောင်း ဆက်ဆံရေးအုတ်မြစ်ချဖို့အတွက် ၂ နိုင်ငံတို့အကြား မဖြေရှင်းရသေးတဲ့အရေးကိစ္စတွေဖြေရှင်းဖို့ လမ်းပြသွားမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Ashok Handoo ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment