မကြုံစဖူးဖြစ်တဲ့ Howdy Modi အခမ်းအနား
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း ဆောင်းပါးရှင် Navtej Sarna ဝေဖန်ရေးသားပေးပို့ထားတဲ့ “မကြုံစဖူးဖြစ်တဲ့ Howdy Modi အခမ်းအနား” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ အမေရိကန်ပြည်ထောင်စုသို့ ခရီးစဉ်ဟာ Texas ပြည်နယ်၊ Houston မြို့မှာ အလွန်အောင်မြင်မှုရှိခဲ့တဲ့ “Howdy Modi” နှင့်အတူ စတင်ခဲ့ပြီး အဲဒီအခမ်းအနားမှာ အမေရိကန်သမ္မတ Mr. Donald Trump လည်း အတူတက်ရောက်ခဲ့ကာ အိန္ဒိယအနွယ်ဝင် အမေရိကန်နိုင်ငံသား ၅ သောင်းကျော်ရှိတဲ့ လူစုလူဝေးကြီးကို ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့ပါတယ်။
ယခင် အမေရိကန်ပြည်ထောင်စုအတွင်း ၂၀၁၄ ခုနှစ်က နယူးယောက်မြို့၊ Madison ရင်ပြင် ဥယျာဉ်နှင့် ၂၀၁၅ ခုနှစ်က San Jose ဒေသတို့မှာ အိန္ဒိယအနွယ်ဝင် အမေရိကန် အသိုင်းအဝိုင်းတို့ကို ဝန်ကြီးချုပ် အမှာစကားပြောကြားခဲ့တယ်ဆိုပေမယ့် ယခုတကြိမ် သမ္မတ Trump ပါဝင်တက်ရောက်မှုဟာ Houston အခမ်းအနားကို အဆင့်မြင့် အရေးပါ ထိရောက်မှု ပိုမိုရှိစေခဲ့ပါတယ်။ ဒီမိုကရက် ပါတီမှ ဝါရင့် ကွန်ဂရက် လွှတ်တော်အမတ်ဖြစ်သူ Steny Hoyer အပါအဝင် လွှတ်တော် ၂ ရပ်စလုံးတို့မှ အမတ်များစွာ ပါဝင်တက်ရောက်မှုကလည်း အိန္ဒိယ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပါတီ ၂ ခုလုံးရဲ့ ထောက်ခံအားပေးမှု သဘောသဘာဝကို ပိုမိုထင်ရှားစေခဲ့ပါတယ်။
သမ္မတ Mr. Trump ကို မိတ်ဆက်ရာမှာ အကြီးမားဆုံး ဒီမိုကရေစီ ၂ နိုင်ငံတို့ရဲ့ နှစ်လုံးအိမ်ကို ကိုယ်စားပြုတင်ပြထားတဲ့ အခမ်းအနားမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တက်ရောက်မှုအတွက် ဝန်ကြီးချုပ် Mr. Modi က နွေးထွေးစွာဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတ Mr. Trump ကလည်း ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင် အခမ်းအနားဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့ စည်းလုံးညီညွတ်အားလုံး ကျင်းပလိုက်ကြတဲ့ အခမ်းအနားဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ ဝန်ကြီးချုပ် Mr. Modi ရဲ့ ဦးဆောင်မှုကဏ္ဍအတွက် လေးစားမိကြောင်းနှင့် ပြည်သူလူထု သန်း ၃၀၀ တို့ကို ဆင်းရဲမွဲတေမှုမှ လွတ်မြောက်စေရာမှာ အောင်မြင်မှုရရှိတဲ့အပေါ် ချီးကျူး ဖော်ပြခဲ့ပါတယ်။ ဆေးဝါး၊ စီးပွားရေး လုပ်ငန်းသစ်တွေနှင့် ပြည်သူထောင်ပေါင်းများစွာတို့အတွက် အလုပ်နေရာတွေ ဖန်တီးပေးအပ်ရာမှာ ရှေ့ဆောင်ကြီးပမ်းလုပ်ဆောင်ကြသူ အိန္ဒိယအနွယ်ဝင် အမေရိကန် အသိုင်းအဝိုင်း ၄ သန်းတို့ကိုလည်း ချီးမွမ်းထောမနာ ပြုခဲ့ပါတယ်။ ဆက်ဆံရေးကဏ္ဍနှင့်ပတ်သက်ပြီး စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် အာကာသရေးရာ လက်တွဲလုပ်ဆောင်ရေးတို့ကို အလေးပေးဖော်ပြလျှက် အမေရိကန် ပြည်ထောင်စုအတွင်း အိန္ဒိယ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း Mr. Trump က အသိအမှတ်ပြု ဖော်ပြခဲ့ပါတယ်။ ၂ နိုင်ငံတို့ဟာ အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒတို့အပေါ် လက်တွဲဆန့်ကျင်သွားမှာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် Mr. Modi ရဲ့ မိန့်ခွန်းပြောကြားရာမှာလည်း မိမိတို့ဟာ ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲစိန်ခေါ်လျှက်ရှိတယ်လို့ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးရေး အယူအဆကို တင်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ရေအိမ် သန်းပေါင်း ၁၁၀ တည်ဆောက်ပေးမှုနှင့်အတူ ကျေးလက်ဒေသ သန့်ရှင်းရေးဟာ ၃၈% ကနေ ၉၉% အထိ ရှိနေပြီဖြစ်ပြီး မီးဖိုချောင်သုံး ချက်ပြုတ်ရေးဓာတ်ငွေ့ သွယ်တန်းပေးမှု သန်း ၁၅၀ ဖြည့်ဆည်းပေးမှုနှင့်အတူ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေးကိုလည်း ၅၅% ကနေ ၉၇% အထိ တိုးတက်လာကာ ရာနှုန်းပြည့် ဘဏ်လုပ်ငန်း အသုံးပြုမှု ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ အိန္ဒိယ စီးပွားရေးကဏ္ဍကို ဖောင်းပွမှုနှုန်း နည်းပါးပြီး ငွေကြေးအလိုပြမှု နိမ့်ပါးကာ ဖွံ့ဖြိုးမှုနှုန်း မြင့်မားသည့် စီးပွားရေးကဏ္ဍအဖြစ်ဖော်ပြလျှက် ၅ ထရီလျံရှိတဲ့ စီးပွားရေးဖြစ်လာဖို့ အိန္ဒိယနိုင်ငံက ကြိုးပမ်းနေတဲ့အလျောက် လူထုအခြေခံအဆောက်အအုံ အသုံးစရိတ်၊ ရင်းနှီးမြှုပ်နှံရေးနှင့် ပြည်ပတင်ပို့မှုတို့ တိုးမြှင့်ရေးစီမံကိန်းတွေကို ဝန်ကြီးချုပ်က ထုတ်နှုတ်ဖော်ပြခဲ့ပါတယ်။
နယ်ပယ်ကဏ္ဍအများအပြားတို့အတွင်း ပိုမိုလွယ်ကူရိုးရှင်းတဲ့ စံချိန်စံညွှန်းတွေဟာ အိန္ဒိယနိုင်ငံကို နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံရေးအတွက် လာရောက်အခြေချရာ နေရာကောင်းတစ်ခု ဖြစ်စေခဲ့ပြီး အိန္ဒိယနိုင်ငံဟာ ခေတ်နောက်ကျနေပြီဖြစ်တဲ့ ထိန်းချုပ်မှုတွေနှင့် ကျင့်သုံးမှု အလေ့အထ များစွာတို့ကို စွန့်လွတ်လိုက်ပြီဖြစ်ပါတယ်။ ဒီအပြင် Jammu & Kashmir ပြည်နယ်နှင့် Ladakh ဒေသတို့မှ ပြည်သူလူထုတွေကို ဖွံ့ဖြိုးရေး အကျိုးခံစားခွင့်တွေကနေ လွဲချော်စေခဲ့ပြီး ခွဲထွက်ရေးသမားတွေနှင့် အကြမ်းဖက်သမားတွေ အသုံးပြုနေခဲ့ကြတဲ့ နှစ်ပေါင်း ၇၀ ကြာမြင့်နေပြီဖြစ်သော ပုဒ်မ ၃၇၀ ရုပ်သိမ်းဖယ်ရှားဖို့အတွက်လည်း ကြိုးပမ်းခဲ့ပါတယ်။
အကြမ်းဖက်ဝါ ကြံစီကျူးလွန်သူတွေနှင့် ထောက်ပံ့အားပေးသူတွေအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်သွားဖို့တောင်းဆိုလျှက် အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလက 9/11 အကြမ်းဖက်သမား တိုက်ခိုက်မှုရဲ့ ကြံစည်ကျူးလွန်သူတွေဖြစ်စေ၊ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလက အိန္ဒိယနိုင်ငံအတွင်း ၂၆/၁၁ တိုက်ခိုက်မှုတွေဖြစ်စေ အဲဒီ တိုက်ခိုက်မှုတွေရဲ့ ကြံစည်ကျူးလွန်သူတွေကို ဘယ်နေရာဒေသမှာ တွေ့မြင်ကြရသလဲလို့ ပြောဆိုလျှက် ဝန်ကြီးချုပ်ဟာ ပါကစ္စတန်နိုင်ငံကို ရည်ညွှန်းဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟာ “Howdy Modi” အခမ်းအနားဆိုင်ရာ မေးခွန်းတွေကို တုံ့ပြန်ဖြေကြားရာမှာတော့ အိန္ဒိယ ဘာသာစကားအများအပြားတို့နှင့် “အားလုံး အဆင်ပြေ ကောင်းမွန်ပါတယ်” လို့ပြောဆိုပြီး အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု ခြားနားချက် အမျိုးမျိုးတို့ကို ထုတ်ဖော်ပြသခဲ့သလို ဒီလိုအရောင်အသွေး စုံလင်ကွဲပြားမှုဟာ အိန္ဒိယနိုင်ငံ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
အဲဒီအခမ်းအနားဟာ နယူးယောက်မြို့မှာ နှစ်နိုင်ငံအရေးကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးကြရင်း ခေါင်းဆောင် ၂ ဦးတို့အကြား ပိုမိုဆွေးနွေးနိုင်ဖို့ အခွင့်အလမ်း ပေးအပ်ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နွေးထွေးပျူငှာတဲ့ ဆက်ဆံရေးတွေကို အထူးခြားဆုံး ပြသမှုအဖြစ် အမှတ်တရ တည်ရှိသွားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ Houston မြို့ကိုရောက်ရှိပြီးတဲ့နောက် စွမ်းအင်ကုမ္ပဏီ အသီးသီးတို့ရဲ့ အမှုဆောင် အရာရှိချုပ်တွေနှင့်အတူ စားပွဲဝိုင်း ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့အကြား စွမ်းအင်ဖူလုံရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်ရေးနှင့် နှစ်ဦးနှစ်ဖက် ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းတွေ တိုးချဲ့ရေးတို့အပေါ် အာရုံပြု ဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ နယူးယောက်မြို့ကို ရောက်ရှိနေပြီး အဲဒီမှာတော့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို အမှာစကားပြောကြားသွားမှာဖြစ်သလို ၂ နိုင်ငံ အပြန်အလှန် ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်သွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Navtej Sarna ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment