အိန္ဒိယနိုင်ငံ မိမိ၏အရှေ့ဖက်လုပ်ဆောင်ရေးမူဝါဒကို ပြန်လည်အလေးအနက်သဘောထားလာခြင်း

ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ အိန္ဒိယနိုင်ငံ မိမိ၏အရှေ့ဖက်လုပ်ဆောင်ရေး မူဝါဒကို ပြန်လည်အလေးအနက်သဘောထားလာခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးရှင် AIR သတင်းသုတေသီ Padam Singh ရေးသားပေးပို့တဲ့ဆောင်ပါးကို တင်ပြအစီရင်ခံပါရစေ။

သောတရှင်များခင်ဗျား၊ Russia နိုင်ငံမှာ ၂ ရက်ကြာရောက်ရှိနေစဉ်အတွင်း ဝန်ကြီးချုပ် Narendra Modi ဟာ ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယ-ဂျပန် ဆက်ဆံရေးဟာ အလွန်ခိုင်မြဲသလို၊ ဝန်ကြီးချုပ် ၂ ဦးဟာလဲ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခင်မင်ကြပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲ အလွန်နွေးထွေးချစ်ကြည်မှုရှိကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန အရာရှိများက ပြောပါတယ်။

အဲဒီလို့တွေ့ဆုံရာမှာ၊ အိန္ဒိယ-ဂျပန် ထိပ်သီးဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံသို့လာရောက်မဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ခရီးစဉ်အပေါ် အလေးအနက် ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဒီဇင်ဘာလမှာ အိန္ဒိယသို့ လာရောက်မှာဖြစ်ပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲမတိုင်မီ၊ နှစ်နိုင်ငံ ၂+၂ ဆွေးနွေးပွဲတနည်းအားဖြင့် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေဝန်ကြီးတို့ တပြိုင်နက် စုံညီတက်ရောက်မဲ့ ဆွေးနွေးပွဲကို ပြုလုပ်ဖို့ လိုလားကြပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီး ဂျပန်နိုင်ငံသို့ မကြာမီက သွားရောက်ခဲ့စဉ်အတွင်း၊ နှစ်နိုင်ငံကာကွယ်ရေးကဏ္ဍမှာ အပြန်အလှန်ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ရှေ့ဆက်တိုးမြှင့်ဘို့နဲ့ပတ်သက်လို့ အရေးကြီးတဲ့ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ် Abe က ပြောပါတယ်။ ဂျပန်၊ အမေရိကန်၊ အိန္ဒိယ သုံးနိုင်ငံဆွေးနွေးပွဲတွေအပေါ် ဂျပန်ဝန်ကြီးချုပ်က အပြုသဘောဆောင်စွာ အကဲဖြတ်ပါတယ်။ Buenos Aires နဲ့ Osaka မြို့ တို့မှာကျင်းပခဲ့သော G-20 နိုင်ငံ ၂၀ အုပ်စု ဆွေးနွေးပွဲတွေနဲ့ ကြုံတုံး အဲဒီသုံးနိုင်ငံဆွေးနွေးပွဲ ၂ ကြိမ် ကျင်းပခဲ့ပြီးပါပြီ။ အဲဒီသုံးနိုင်ငံဆွေးနွေးပွဲတွေပြုလုပ်တဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားသင့်ကြောင်း ဝန်ကြီးချုပ် နှစ်ဦးစလုံး သဘောရကြပါတယ်။ အင်ဒို-ပစိဖိတ်နယ်မြေနဲ့ပတ်သက်လို့ အိန္ဒိယနဲ့ ဂျပန်နှစ်နိုင်ငံ သဘောထားအမြင်ချင်း တိုက်ဆိုင်ပါတယ်။ ဝန်ကြီးချုပ် Abe က၊ လွတ်လပ်ပွင့်လင်းစွာ သွားလာနိုင်သော အင်ဒို-ပစိဖိတ်သမုဒ္ဒရာ ၂ စင်း နယ်မြေဖြစ်ဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ် Abe က ပြောပါတယ်။ ဒီနေရာမှာ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အရေးကြီးကြောင်း ၎င်းကပြောပါတယ်။ စီးပွားရေးဆက်ဆံရေးဖက်မှာ၎င်း၊ ပြည်သူဆက်ဆံရေးဖက်မှာ၎င်း ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် အင်ဒို-ပစိဖိတ် သမုဒ္ဒရာနယ်မြေကို လုံခြုံပြီး ကြွယ်ဝသောနယ်မြေတခုဖြစ်လာအောင် တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ Mr Abe က ပြောပါတယ်။ ဝန်ကြီးချုပ်နှစ်ဦးဟာ၊ ASEAN ၁၀ နိုင်ငံအပါအဝင်ဖြစ်သော နိုင်ငံပေါင်း ၁၆ နိုင်ငံတို့ RCEP ဆိုတဲ့ ဒေသဆိုင်ရာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တရပ် ထွက်ပေါ်လာဖို့ ဆွေးနွေးနေကြတာနဲ့ပတ်သက်လို့လည်း အမြင်ချင်း ဖလှယ်ကြပါသေးတယ်။ ဒီကိစ္စအပေါ် ဝန်ကြီးချုပ်နှစ်ဦး ခြုံပြီး သုံးသပ်ခဲ့ကြပါတယ်။

ကုန်ပစ္စည်းဆိုင်ရာ ကုန်သွယ်ရေးမှာ၎င်း၊ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးတို့နဲ့ စပ်လျင်းပြီး မိမိတို့နှစ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့သက်ဆိုင်သော ကိစ္စရပ်အချို့ ရှိနေကြောင်း ဝန်ကြီးချုပ် Modi က အထူးတည် ဖေါ်ပြဆွေးနွေးခဲ့ပါတယ်။ ဒေသဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက် ရေးဆွဲရာမှာ၊ ဒီအချက်ကို ထည့်သွင်းစဉ်းစားဘို့လိုကြောင်း၊ ဒါမှသာ သဘောတူညီချက်မျိုး ထွက်ပေါ်ရေးမှာ အားလုံးရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

Mr Modi ဟာ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒေါက်တာ Mahathir Mohamad နဲ့လည်း အလွန်ခင်မင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါက်တာ Mahathir ရွေးကောက်ပွဲအနိုင်ရရှိခဲ့ခြင်းဟာ တကယ့်ကို သမိုင်းဝင်မဲ့ဖြစ်ရပ်တခုဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေနဲ့ မလေးရှားနိုင်ငံနဲ့ လက်တွဲလုပ်ကိုင်နိုင်မဲ့အခွင့်အလမ်းကို မျှော်မှန်လျှက်ရှိကြောင်း ဝန်ကြီးချုပ် Modi ကပြောပါတယ်။

ဝန်ကြီးချုပ်နှစ်ဦးတို့သည် အိန္ဒိယနဲ့ မလေးရှား အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကြီးထွားတိုးတက်နေကြောင်း၊ ကုန်သွယ်ရေးမှာ မလေးရှားနိုင်ငံ အသာစီးရနေကြောင်း၊ ကုန်သွယ်ရေးဆက်လက်ကြီးထွားနေသင့်ကြောင်း တချိန်ထဲမှာ ညီမျှမှုရှိလာအောင်၊ မလေးရှားနိုင်ငံက နည်းလမ်းများ ရှာဖွေလျှက်ရှိကြောင်း၊ မလေးရှားနိုင်ငံအနေဲ့ အိန္ဒိယနိုင်ငံထံမှ ကုန်စည်များ ပိုမိုတင်သွင်းဖို့ စဉ်းစားမှာဖြစ်ကြောင်း ဒေါက်တာ Mahathir က ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Jammu နှင့် Kashmir ပြည်နယ်အုပ်ချုပ်ရေးစနစ် ကောင်းမွန်တိုးတက်စေပြီး၊ စီးပွားရေး၊ လူမှုရေး တရားမျှတမှုရှိလာစေဖို့အတွက် ပြန်လည်ဖွဲ့စည်းရတာရဲ့ နောက်ကွယ်က အရင်းခံအကြောင်းတရားကို Mr Modi က၊ မလေးရှားဝန်ကြီးချုပ်ကို ရှင်းပြပါတယ်။

အကြမ်းဖက်ဝါဒရဲ့ ကြီးထွားလာနေသော ခြိမ်းချောက်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒရဲ့ စိန်ခေါ်မှုကို မိမိတို့နှစ်နိုင်ငံ ရင်ဆိုင်ဖြေရှင်းနေရတာတွေအပေါ်လည်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြပါတယ်။ ဒါဟာ နိုင်ငံတကာပြဿနာကြီးတာဖြစ်တယ်ဆိုတာကို ဝန်ကြီးချုပ် Mahathir က အသိအမှတ်ပြုပါတယ်။ မလေးရှားနိုင်ငံဟာ၊ အသွင်အမျိုးမျိုးဆောင်သော အကြမ်းဖက်ဝါဒမှန်သမျှကို ဆန့်ကျင်ကြောင်း ၎င်းက ရှင်းလင်းစွာ ပြောကြားပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ မွန်ဂိုလီးယားနိုင်ငံသမ္မတ Khaltmaagiin Battulga ကိုလည်း တွေ့ဆုံပါသေးတယ်။ ခေါင်းဆောင်နှစ်ဦး နွေးထွေးချစ်ကြည်စွာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလနှောင်းပိုင်းကျရင် မွန်ဂိုလီးယားနိုင်ငံသမ္မတကြီးဟာ အိန္ဒိယနိုင်ငံသို့ အစိုးရဧည့်သည်တော်အဖြစ် လာရောက်ဖို့ရှိပါတယ်။ မွန်ဂိုလီးယားနိုင်ငံ လောင်စာစွမ်းအင်ဖူလုံရေးအတွက် အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးအကူအညီနဲ့ ရေနံချက်စက်ရုံတလုံး တည်ဆောက်နေပါတယ်။ ဒါ့အပြင် အိန္ဒိယအကူအညီနဲ့ တည်ဆောက်နေသော အခြားစီမံကိန်းအချို့လည်းရှိပါသေးတယ်။ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနဲ့ ဘာသာရေးကဏ္ဍများအပါအဝင် ပြည်သူအချင်းချင်း ဆက်ဆံရေးကိစ္စရပ်များကို အိန္ဒိယဝန်ကြီးချုပ်နဲ့ မွန်ဂိုလီယားသမ္မတတို့ ဆွေးနွေးကြပါတယ်။ မိမိအနေနဲ့ အိန္ဒိယနိုင်ငံသို့ လာရောက်မဲ့ခရီးစဉ်အတွင်း Delhi နဲ့ Bengaluru မြို့ကြီးများသို့လည်ပတ်မဲ့ခရီးစဉ်၊ ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမျှော်နိုင်မဲ့ အခွင့်အလမ်းကို မျှော်မှန်းလျှက်ရှိကြောင်း အလေးအနက် ပြောကြားပါတယ်။

Ulaanbaatar မြို့မှာ မီးခိုးနဲ့ မြူမှုန်ရောပြီး ဖုံးလွှမ်းနေခြင်းရဲ့ ဆိုးကျိုးများကို သက်သာရာရစေရေးကိစ္စအပေါ်လည်း ဆွေးနွေးကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆောင်းရာသီကောက်ရိတ်ပြီးချိန် လယ်ကွင်းတွေမှာ ကောက်ရိုးတွေမီးရှို့မှုကြောင့်ဖြစ်ရတဲ့ လေထုညစ်ညမ်းမှုကို ဖြေရှင်းရာမှာ အိန္ဒိယနိုင်ငံ အောင်မြင်မှုရရှိပုံကို မွန်ဂိုလီးယားသမ္မတကြီးက ဖေါ်ပြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲများဟာ၊ အလွန်အကျိုးရှိပြီး၊ အိန္ဒိယရဲ့ အရှေ့ဖက်လုပ်ဆောင်ရေးမူဝါဒကို တဖန်ပြန်လည် အတည်ပြုခြင်းပင်ဖြစ်ကြောင်း ဆောင်းပါးရှင် Padam Singh ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments