အိန္ဒိယ-ရုရှား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ရုရှားနိုင်ငံရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ရုရှား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနှင့် ရုရှားနိုင်ငံတို့အကြား အကြိမ် ၂၀ မြောက် နှစ်ပတ်လည် ညီလာခံဟာ ကမ္ဘာ့အနေအထား အခင်းအကျင်းတွေ ပြောင်းလဲနေချိန်မှာ အချိန်ကာလရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိတဲ့ အထူး မဟာဗျူဟာ ပူးပေါင်းလုပ်ဆောင်ချက်ကို သက်သေတည်လိုက်တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံ အရှေ့ဖျားပိုင်းဒေရှိ Vladivostok မြို့မှာ ပဥ္စမအကြိမ် စီးပွားရေး ဆွေးနွေးပွဲတက်ရောက်ဖို့ ၂ ရက်ကြာခရီးစဉ်နှင့် သွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ် Mr. Narendra Modi ဟာ သမ္မတ Mr. Vladimir Putin နှင့်အတူ နှစ်ပတ်လည် ညီလာခံကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ညီလာခံအတွင်း အိန္ဒိယနိုင်ငံဟာ အရှေ့ဖျားပိုင်းဒေသရေးရာ မူဝါဒကို ကြေညာခဲ့ပြီး ဒါဟာ စီးပွားရေးမူဘောင်တွေအတွင်း ဆက်လက်ဆောင်ရွက်ချက်အဖြစ် တွေ့မြင်နိုင်ပါတယ်။ ဒီမူဝါဒဟာ အဲဒီဒေသပိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုတွေနှင့် ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ နယူးဒေလီအစိုးရကို အထောက်အကူဖြစ်စေမှာဖြစ်ပြီး အိန္ဒိယနိုင်ငံဟာ စိန်၊ ကျောက်မီးသွေးနှင့် ရွေတူးဖော်ရေးနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဝန်ကြီးချုပ်ဟာ ရင်းမြစ်ကြွယ်ဝတဲ့ ဒေသပိုင်းဖွံ့ဖြိုးရေးအတွက် ချေးမငွေ ဒေါ်လာ ၁ ဘီလျံကိုလည်း ကြေညာခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးတို့အကြား ဆွေးနွေးမှုတွေမှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဟာ အဓိက အာရုံပြုချက် ဖြစ်ခဲ့ပါတယ်။

နှစ်ပတ်လည်ညီလာခံအတွင်း အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတစ်ခုနှင့်ပတ်သက်ပြီး နယူးဒေလီအစိုးရရဲ့ ကပ်လျက်အိမ်နီးချင်းနိုင်ငံကဖန်တီးနေတဲ့ အခြေအနေတွေအပါအဝင် ၂ နိုင်ငံ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်ချက်တွေနှင့်အတူ ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အပါအဝင် အိန္ဒိယနိုင်ငံကို ရုရှားနိုင်ငံရဲ့ ထောက်ခံမှုဟာ ပုဒ်မ ၃၇၀ ဖျက်သိမ်းခြင်းအနေနှင့် အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် ရှင်းလင်းလှပါတယ်။

အကြိမ် ၂၀ မြောက် နှစ်ပတ်လည်ညီလာခံမှာ ခေါင်းဆောင် ၂ ဦးတို့ဟာ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ အာကာသ၊ စွမ်းအင်နှင့် ရေကြောင်းလမ်းတို့လို နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တွေရှာဖွေရေးအပေါ် အဓိက ထားခဲ့ကြပါတယ်။ စီးပွားရေးကဏ္ဍမှာဆိုရင် ၂၀၁၈ ခုနှစ်အတွင်း နှစ်စဉ်ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ၁၁ ဘီလျံအထိ ရောက်ရှိခဲ့ပြီး ၁၇% တိုးတက်မှုပေါ် ကျေနပ်မိကြောင်း သမ္မတ Mr. Putin က ဖော်ပြခဲ့ပါတယ်။

စွမ်းအင်ကဏ္ဍမှာတော့ ယခုလက်ရှိ စွမ်အင်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို ချီးကျူးလျှက် အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ဟာ ဘူမိဗေဒ စူးစမ်းလေ့လာချက်တွေမှာ ပူးပေါင်းမှု တိုးမြှင့်သွားဖို့နှင့် ကမ်းလွန်ဒေသတွေအပါအဝင် ၂ နိုင်ငံတို့အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်တွေ ပူးပေါင်း ရှာဖွေလုပ်ဆောင်သွားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ၎င်းတို့ဟာ မြောက်ဝန်ရိုးစွန်း အာတိတ်ဒေသရှိ မြောက်ပိုင်း ပင်လယ်ရေကြောင်းလမ်းမှတဆင့်တို့ အပါအဝင် ရုရှားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ရေရှည် စွမ်းအင်တွေ ဖြတ်သန်းစီးဆင်းရေးအပေါ် သဘောတူညီခဲ့ကြသလို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဟိုက်ဒရိုကာဗွန်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ စွမ်းအင်ကဏ္ဍဟာ လာမယ့် ၅ နှစ်အတွင်း ကဏ္ဍသစ်နေရာသို့ တိုးတက်လာမည်ဖြစ်ပြီး အနုမြူကဏ္ဍမှာလည်း ရုရှားနိုင်ငံထုတ် ဓာတ်အားထုတ်လုပ်ရေးစက်ရုံ နောက်ထပ် ၁၂ ခုတို့ကို လာမယ့် နှစ်ပေါင်း ၂၀ အတွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာ မြောက်အရပ်မှာ တောင်အရပ်သို့ ကုန်းကြောင်းနှင့်ရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ဒီဂျစ်တယ် နည်းပညာနှင့် ဂြိုဟ်တုမှတဆင့် လမ်းညွှန်ပြသမှုတွေ တွဲဖက်ထားရှိရေးအပြင် အီလက်ထရောနစ် မှတ်တမ်းတွေ အသုံးပြုလုပ်ဆောင်ရေးအပေါ် အာရုံပြုထားပါတယ်။

ကာကွယ်ရေးကဏ္ဍမှာ အဓိကတိုးတက်မှုအဖြစ် အိန္ဒိယနိုင်ငံဟာ နည်းပညာ လွှဲပြောင်းပေးအပ်မှုအောက်မှာ ရုရှားတပ်မတော် အသုံးအဆောင်ပစ္စည်းတွေအတွက် အပိုပစ္စည်းတွေနှင့် အစိတ်အပိုင်းတွေ စတင်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အာကာသရေးရာမှာတော့ လူသားလိုက်ပါမယ့် အာကာသခရီး Gaganyaan အတွက် အိန္ဒိယနိုင်ငံမှ အာကာသယာဉ်မှူးတွေကို ရုရှားနိုင်ငံမှာ သင်တန်းပေး လေ့ကျင့်သွားမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက ကြေညာခဲ့ပါတယ်။

ယဉ်ကျေးမှုနှင့် လူထုချင်း ဆက်ဆံရေးဆိုင်ရာအတွက် မဟတ္တမ ဂန္ဒီကြီးရဲ့ နှစ်ပေါင်း ၁၅၀ ပြည့် မွေးနေ့အခါသမယမှာ အထိမ်းအမှတ် တံဆိတ်ခေါင်းတစ်ခုကို ရုရှားနိုင်ငံမှာ ထုတ်ပြန်ခဲ့ပါတယ်။ အားလုံးခြုံကြည့်မယ်ဆိုရင်တော့ အရှေ့ဖျားပိုင်းဒေသဆိုင်ရာ ပေါ်လစီ ကြေညာမိတ်ဆက်လိုက်ခြင်း အပါအဝင် ကဏ္ဍစုံတို့မှာ တိုးတက်မှု အသစ်တွေနှင့်အတူ အလွန်အောင်မြင်မှုရှိခဲ့တယ်လို့ နှစ်ပတ်လည် ညီလာခံနှင့် ပဥ္စမအကြိမ်မြောက် အရှေ့ပိုင်းဒေသ စီးပွားရေး ဆွေးနွေးပွဲတို့ကို ဆိုနိုင်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Indrani Talukdar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”