မွန်ဂိုးလီးယားနိုင်ငံသမ္မတကြီး၏ အိန္ဒိယခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးကို ပို၍ ခိုင်မြဲစေခြင်း
သောတရှင်များခင်ဗျာ ဒီနေ့သတင်းဝေဖန်ချက် အခန်းမှာ “မွန်ဂိုးလီးယားနိုင်ငံသမ္မတကြီး၏ အိန္ဒိယခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးကို ပို၍ ခိုင်မြဲစေခြင်း” ဆိုတဲ့ခေါင်းစဉ်နှင့် CIS ရဲ့ မဟာဗျူဟာဆိုင်ရာ သုတေသီ Dr. Athar Zafar ရေးသားပေးပို့တဲ့ဆောင်းပါးကို ဖတ်ကြားအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျာ၊ မွန်ဂိုးလီးယားနိုင်ငံသမ္မတကြီး Khaltmaagiin Battulga အခု အိန္ဒိယနိုင်ငံမှာ အစိုးရ ဧည့်သည်တော်အဖြစ် ရောက်ရှိနေပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ သမ္မတကြီး Ram Nath Kovind ရဲ့ဖိတ်ကြားချက်အရ ရောက်ရှိလာတာပါ။ ဒါဟာ ဆယ်နှစ်နီးပါး ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မွန်ဂိုလီးယားနိုင်ငံ သမ္မတတဦးရဲ့ အိန္ဒိယနိုင်ငံသို့ လာရောက်တာ ဖြစ်ပါတယ်။ မွန်ဂိုးလီးယား သမ္မတကြီးနှင့်အတူ အစိုးရအာဏာပိုင်များနှင့် စီးပွားကုန်သွယ်ရေး နယ်ပယ်မှ ပုဂ္ဂိုလ်များပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ၁ ဖွဲ့လည်း လိုက်ပါလာပါတယ်။ ဧည့်သည်တော် သမ္မတကြီး Mr. Battulga နှင့် အိန္ဒိယသမ္မတကြီး Kovind တို့ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယသမ္မတကြီးက ဧည့်သည်တော် မွန်ဂိုးလီးယား သမ္မတကြီးကို ဂုဏ်ပြုညစာစားပွဲနှင့် ဧည့်ခံခဲ့ပါတယ်။ ဧည့်သည်တော် မွန်ဂိုးလီးယားသမ္မတကြီးကို အိန္ဒိယ ဒု-သမ္မတကြီး M. Venkaiyah Naidu က တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ် Narendra Modi က ဧည့်သည်တော် မွန်ဂိုးလီးယားသမ္မတကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးတို့ဟာ အကျိုးတူ ကိစ္စရပ်များ၊ ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။ ၂ နိုင်ငံ အကျိုးတူဆွေးနွေးပွဲမှာ ကျွမ်းကျင်မှု တည်ဆောက်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ အခြေခံ အဆောက်အဦး၊ စွမ်းအင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ မွန်ဂိုးလီးယားသမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့ဟာ သီတင်း ၂ ပတ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံဖြစ်တယ်ဆိုတာကို မှတ်သားမိပါတယ်။ ဒီခေါင်းဆောင် ၂ ဦးတို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ပထမပတ်အတွင်း ရုရှားနိုင်ငံအရှေ့ဖျား ဗလာဒီဗေါစတော့ မြို့မှာကျင်းပခဲ့တဲ့ EEC အရှေ့ပိုင်း စီးပွားရေးဖိုရမ် တက်ရောက်ကြစဉ်တုံးကလည်း တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ အရှေ့ပိုင်းဒေသနှင့် ဆက်ဆံရေးကို ပြန်ပြီးတက်ကြွစွာ တည်ဆောက်နေပါတယ်။ Mr. Modi ဟာ ၂၀၁၅ ခုနှစ်မှာ မွန်ဂိုလီးယားနိုင်ငံသို့ သွၾးရောက်ခဲ့ပါတယ်။ ဒီ ၂ နိုင်ငံတို့ ၂၀၁၅ ခုနှစ်မှာပဲ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ပါတယ်။ ဒီအိန္ဒိယ-မွန်ဂိုးလီးယား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဟာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် ၂ နိုင်ငံစလုံးရဲ့ ဗုဒ္ဓဘာသာ အမွေအနှစ်တို့အပေါ် အခြေခံပါတယ်။ မွန်ဂိုးလီးယားနိုင်ငံ သမ္မတကြီးရဲ့ ၅ ရက်ကြာခရီးစဉ်က အိန္ဒိယ-မွန်ဂိုးလီးယား ၂ နိုင်ငံ အကျိုးတူဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတို့ကို ဆက်ပြီး အားသစ်လောင်းပေးမယ့်ပုံ ပေါ်ပါတယ်။
အိန္ဒိယနှင့် မွန်ဂိုးလီးယားနိုင်ငံတို့ ၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလမှာ သံတမန်ဆက်ဆံရေးကို တည်ထောင်ခဲ့ပါတယ်။ ပင်လယ်ထွက်ပေါက်မရှိသော မွန်ဂိုးလီးယားနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံဆိုလို့ ၂ နိုင်ငံပဲ ရှိပါတယ်။ အခု မွန်ဂိုးလီးယားနိုင်ငံဟာ “တတိယအိမ်နီးချင်း” ဆိုတဲ့ စိတ်ဝင်စားဖွယ် ဝါဒအားဖြင့် အခြားသောနိုင်ငံများသို့ ဆက်ဆံရေးလက်ကမ်းနေပါတယ်။ ဗုဒ္ဓဘာသာနှင့် သမိုင်းအစဉ်အလာတို့အရတည်ရှိသော နှစ်ရှိုင်းတဲ့ အပြန်အလှန်ဆက်ဆံရေးကို အကြောင်းပြုပြီး မွန်ဂိုးလီးယားပြည်သူများစွာတို့က အိန္ဒိယနိုင်ငံကို “ဘာသာရေးဆိုင်ရာ အိမ်နီးချင်းနိုင်ငံ” အဖြစ် သဘောထားကြပါတယ်။ မွန်ဂိုးလီးယားဆိုင်ရာ အိန္ဒိယသံအမတ်အဖြစ် အမှုထမ်းဆောင်ခဲ့တဲ့ ဘုန်းတော်ကြီး Bakula Rimpoche ကို မွန်ဂိုးလီးယားနိုင်ငံမှာ တလေးတစား သတိရ အောက်မေ့နေကြဆဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ Ulaanbaatar မြို့တော်မှာ အိန္ဒိယနိုင်ငံရဲ့ သံအမတ်ကြီး တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဘုန်းတော်ကြီး Bakula Rimpoche ဟာ အိန္ဒိယနှင့် မွန်ဂိုးလီးယား ၂ နိုင်ငံအကြာတည်ရှိလာခဲ့သော ဗုဒ္ဓသာသနာဆိုင်ရာ အမွေအနှစ်ကို ခိုင်မြဲအောင်ပြုလုပ်ရာမှာ အထင်အရှား အကျိုးပြုခဲ့ပါတယ်။ ဘုန်းတော်ကြီး Bakula Rimpoche ဟာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပေါင်းများစွာကို ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီများ ပေးခဲ့ပါတယ်။
မွန်ဂိုးလီးယားဟာ သဘာဝသံယံဇာတ များစွာကြွယ်ဝတဲ့ နိုင်ငံ ၁ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ ဧရိယာ အကျယ်အဝန်း ကြီးများကျယ်ပြန့်လှပေမယ့် Ulaanbaatar မြို့တော်အနီးတဝိုက်မှာတာ ပြည်သူအများစု နေထိုင်ကြပါတယ်။ အိန္ဒိယ-မွန်ဂိုးလီယားကုန်သွယ်ရေး ကြီးထွားတိုးတက်နိုင်တဲ့ အခြေခံ အစွမ်းအစရှိပေမယ့်လည်း နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၂ နိုင်ငံ ကုန်သွယ်ရေးတန်ဖိုးဟာ ဒေါ်လာသန်းပေါင်း ၂၃.၈၃ သာ ရှိပါတယ်။ သို့ပေမယ့် အခု ၂ နိုင်ငံ ကုန်သွယ်ရေး မကြာသေးခင်ကစပြီး တိုးတက်လာတာတွေ့ရပါတယ်။ ၂ နိုင်ငံ ကုန်သွယ်ရေးမှာ အိန္ဒိယဘက်က အလေးသာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေး အရှေ့ဘက်သို့ ခြေဆန့်ရာမှာ မွန်ဂိုးလီးယားနိုင်ငံဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက လှုပ်ရှားနိုင်ပါတယ်။ ကမ္ဘာကြီးရဲ့ ဝင်ရိုးမဏ္ဍိုင်အရှေ့ဘက်သို့ ရွှေ့ပြောင်းနေရာယူလာတဲ့ အခုလိုအခြေအနေမှာ အိန္ဒိယနိုင်ငံကလည်း အရှေ့ဘက်သို့ ဆက်ဆံရေးတိုးချဲ့ဖို့ ကြိုးစားနေပါတယ်။ “Act East” ဆိုတဲ့ အရှေ့ဘက်ဆောင်ရွက်ရေး မူဝါဒကို အိန္ဒိယနိုင်ငံ တက်ကြွစွာ ကျင့်သုံးနေခဲ့ရာက အခု “Act Far East” ဆိုတဲ့ အရှေ့ဖျားသို့ဆောင်ရွက်ရေး မူဝါဒကိုပါ ချမှတ်လာခဲ့ပါတယ်။ ဒီအကြောင်းကို ဝန်ကြီးချုပ် Modi ဒီလအစောပိုင်း ရုရှားနိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်း ကြေညာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ကမ္ဘာ့အရှေ့ပိုင်းနှင့် ထိတွေ့ဆက်ဆံရာမှာ မွန်ဂိုးလီးယားနိုင်ငံ အရေးကြီးတဲ့အခန်းကဏ္ဍက အကျိုးပြုနိုင်ပါတယ်။ ဝန်ကြီးချုပ် Modi ၂၀၁၅ ခုနှစ်က မွန်ဂိုးလီးယားနိုင်ငံသို့ သွားရောက်စဉ် အမေရီကန်ဒေါ်လာ ၁ ဘီလျံ အတိုးနှုန်းသက်သာတဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှုကို ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီချေးငွေနှင့် အခု မွန်ဂိုးလီးယားမှာ ရေနံချက်စက်ရုံ ၁ ရုံ တည်ဆောက်လျှက်ရှိပါတယ်။ နယူးဒေလီဟာ ၂၀၁၉ စက်တင်ဘာလအတွင်း ရုရှားနိုင်ငံသို့ ဝန်ကြီးချုပ် Modi ရောက်ရှိစဉ် အဲဒီနိုင်ငံကိုလည်း အတိုးနှုန်းသက်သာတဲ့ ချေးငွေဒေါ်လာ ၁ ဘီလျံ ကမ်းလှမ်းခဲ့ပါတယ်။
အရေးကြီးတဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအပေါ် အိန္ဒိယနှင့် မွန်ဂိုးလီးယား သဘောထားအမြင်ချင်း တိုက်ဆိုင်ပါတယ်။ မွန်ဂိုးလီးယားနိုင်ငံဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ လေ့လာသူအဆင့် ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ အဲဒီအဖွဲ့မှာ ၂၀၁၇ ခုနှစ်က တင်းပြည့်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနှင့် မွန်ဂိုးလီးယား ၂ နိုင်ငံတို့ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဒီ ၂ နိုင်ငံတပ်မတော်တို့ ၁ နှစ် ၁ ခါ “Nomadic Elephant” လို့ အမည်ပေးထားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လွန်ခဲ့သော နှစ်များအတွင်း ၂ နိုင်ငံအကြား ပြည်သူအချင်းချင်း ဆက်ဆံရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးတက်လာခဲ့ပါတယ်။ သမ္မတကြီး Battulga အိန္ဒိယနိုင်ငံသို့ အစိုးရဧည့်သည်တော်အဖြစ် ကြွရောက်လာခဲ့ခြင်းက အိန္ဒိယနှင့် မွန်ဂိုးလီးယား ၂ နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ရှေ့ဆက် နက်ရှိုင်းစေလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဆောင်းပါးရှင် Dr. Athar Zafar ရဲ့ ဆောင်းပါးကို ဖတ်ကြားအစီရင်ခံလိုက်ရပါတယ်ခင်ဗျာ။
Comments
Post a Comment