အိန္ဒိယ လေတပ်မတော်သည် သိသာထင်ရှားသည့် အပြောင်းအလဲဖြစ်လာစေရန် တာစူလျှက်ရှိ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကာကွယ်ရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Uttam Kumar Biswas ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ လေတပ်မတော်သည် သိသာထင်ရှားသည့် အပြောင်းအလဲဖြစ်လာစေရန် တာစူလျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံ လေတပ်မတော် IAF ဟာ လာမယ့်လ ဒုတိယသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၊ Dassault လေယာဉ်ကုမ္ပဏီကနေ ထင်ရှားကျော်ကြားလှတဲ့ ပထမဆုံးအကြိမ် Rafale ဂျက် တိုက်လေယာဉ်တွေ ရရှိဖို့ စီစဉ်ထားပါတယ်။ ကာကွယ်ရေးဝန်ကြီး Mr. Rajnath Singh ဟာ အဦးဆုံး Rafale ဂျက်လေယာဉ်ကို လက်ခံယူဖို့ ပြင်သစ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ အိန္ဒိယ လေတပ်မတော်ဟာ Rafale တိုက်လေယာဉ်တွေ မောင်းနှင်ဖို့အတွက် လေယာဉ်မှူး ၂၄ ဦးတို့ကို လာမယ့်နှစ် မေလအထိ ၃ ဖြတ်ခွဲပြီး သင်တန်းပေး လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဂျက် တိုက်လေယာဉ် ပထမအစုဟာ အိန္ဒိနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ နှစ်ကာလတွေတလျှောက် နယူးဒေလီအစိုးရအတွင်း ကာကွယ်ရေး နည်းဗျူဟာတွေဟာ မောင်းနှင်အသုံးပြုရာကနေ တဖြည်းဖြည်း နည်းပါးလာနေတဲ့ အိန္ဒိယ လေတပ်မတော်မှ MiG-21၊ MiG-23 နှင့် MiG-27 တို့လို ခေတ်မမီတော့တဲ့ တိုက်လေယာဉ် ရာပေါင်းများစွာတို့ကို ဘယ်လို အစားထိုးသွားမလဲဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်နေတာကြောင့် Rafale တိုက်လေယာဉ်တွေ အစောတလျင် ဝယ်ယူဖို့ဆုံးဖြတ်ချက်ဟာ အလွန်တရာ သဘာဝကျ ယုတ္တိရှိနေပါတယ်။
ဒီအပြင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အိန္ဒိယနိုင်ငံရဲ့ ကပ်လျက်ရှိတဲ့ အိမ်နီးချင်းနိုင်ငံအတွင်းမှ အခြေအနေတွေနှင့် ပိုမိုတိုးများလာနေတဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒတို့ဟာ အိန္ဒိယ ခေါင်းဆောင်ပိုင်းတွေကို ကာကွယ်ရေးရာ အသုံးအဆောင်တွေဝယ်ယူဖို့ အရေးတကြီး ဖြစ်နေမှုနှင့်ပတ်သက်ပြီး အာရုံပြုဖို့ ဖြစ်ပေါ်စေခဲ့ပါတယ်။ လတ်တလော အချိန်ကာလတွေမှာလည်း ကပ်လျက်ရှိတဲ့ အိမ်နီးချင်းနိုင်ငံမှ အားပေးထောက်ပံ့ထားတဲ့ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက်ဖျက်ဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးရာ မူဝါဒတွေမှာ ဟန့်တားရှောင်ရှားရေး ယူဆချက်နှင့်အတူ မိမိကိုယ်ကို ထိန်းချုပ်ကန့်သတ်ထားရာကနေ ပြင်းထန်ခက်ခဲလှတဲ့ သဘောထား အယူအဆနှင့် ချည်းကပ်လုပ်ဆောင်ရေးဆီသို့ မူဘောင်ပြောင်းလဲမှုကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ တကယ်လို့ အခြေအနေတွေက လိုအပ်လာမယ်ဆိုရင် နယူးဒေလီအစိုးရဟာ အနုမြူလက်နက်ကို “မိမိတို့က အရင်ဆုံး အသုံးမပြုရေး” အယူအဆကို ပြန်လည်ဆန်းစစ်သွားဖို့ ဝန်မလေးဘူးဆိုတဲ့ သဘောထားကို အိန္ဒိယနိုင်ငံက ရှင်းရှင်းလင်းလင်း ပေးထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက Balakot ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုတွေဟာ အိန္ဒိယ လေတပ်မတော်အနေနှင့် ယခုအချိန်ကစပြီး လုပ်ဆောင်သွားမယ့် လမ်းကြောင်းဆိုင်ရာ ညွှန်းချက်ဖြစ်ပါတယ်။ မြောက်ပိုင်းရှေ့တန်းမျက်နှာစာမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေကို ပိုမိုထိရောက်တဲ့ လေကြောင်းစွမ်းအားနှင့် လက်နက်စနစ်တွေမရှိဘဲနှင့်လည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ယူဆထားကြပါတယ်။ ဒါကြောင့်လည်း Rafale တိုက်လေယာဉ်တွေ ဝယ်ယူရေးအတွက် အထူး အလေးပေးခဲ့တာ ဖြစ်ပါတယ်။ Balakot စစ်ဆင်ရေးအပြီးမှာတော့ Rafale တိုက်လေယာဉ်တွေဟာ ပိုမိုထိရောက်ကောင်းမွန်တဲ့ ရလဒ်တွေ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ ဝန်ကြီးချုပ် Mr. Narendra Modi က ဖော်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ညွှန်းဆိုချက်ဟာ လက်ရှိအားဖြင့် အိန္ဒိ လေတပ်မတော်မှာ မရှိသေးတဲ့ Rafale တိုက်လေယာဉ်ရဲ့ ရေဒါစနစ်ဖြင့် ဖမ်းဆီးရခက်ခဲမှုနှင့် စွမ်းဆောင်ရည်တို့ကို ဖော်ပြဟန်ရှိပါတယ်။ စစ်ဆင်ရေးအတွင်းက အိန္ဒိယ လေတပ်မတော်ဟာ အဲဒီကုမ္ပဏီကပဲထုတ်လုပ်တဲ့ Mirage-2000 တိုက်လေယာဉ်တွေကို မီခိုအားထားခဲ့ရပါတယ်။
သက်သေပြုပြီးဖြစ်တဲ့ မှတ်တမ်းစံချိန်တွေမှာလည်း Rafale တိုက်လေယာဉ်ဟာ ဘက်စုံသုံးနိုင်တဲ့ အကောင်းဆုံး တိုက်လေယာဉ်တွေအနက် တစ်မျိုးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာ့ခေတ်အမီဆုံး F-22 Raptor တိုက်လေယာဉ်နှင့် ရှေ့ဆင့်နောက်ဆင့်မျှသာ ဖွံ့ဖြိုးတီထွင်ထားတာဖြစ်တယ်လို့ ညွှန်ပြလျှက်ရှိသလို ဒီလေယာဉ်ဟာ အိန္ဒိယ လေတပ်မတော်ကို အံ့မခန်း အကျိုးတရားတွေ ရရှိစေမှာ ဖြစ်ပါတယ်။
တကယ်တော့ Rafale တိုက်လေယာဉ်ဟာ လေကြောင်းစစ်ဆင်ရေးတွေပြုလုပ်ရာမှာ ရန်သူ ကြားခံနှောက်ယှက်လို့မရနိုင်တဲ့ စွမ်းရည်ရှိတာကြောင့် အိန္ဒိယ လေတပ်မတော်အတွက် အဓိကကျတဲ့ အခြေအနေပြောင်းလဲမှုတစ်ရပ် ဖြစ်သွားမှာ ဖြစ်ပါတယ်။ လက်နက်စနစ် အများအပြား တပ်ဆင်ထားခြင်းနှင့်အတူ Rafale တိုက်လေယာဉ်ဟာ ပြင်းထန်တဲ့ တိုက်ခိုက်ရေးနှင့် အနုမြူ ဟန့်တာရေး လုပ်ဆောင်ရာတို့မှာ လေကြောင်းဆိုင်ရာ အဆင့်အမြင့်ဆုံး၊ ကင်းထောက် ဟန့်တားမှုတွေပြုလုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်တွေဟာ လေယာဉ်မှူးတွေကို လက်နက်တွေ လျင်မြန်စွာပစ်လွှတ်ပြီး အလေးချိန် ပေါ့ပါးစေနိုင်မှု၊ အမြန်တုံ့ပြန်ရေး ပြုလုပ်ဖို့အတွက် Leh ဒေသလို ပင်လယ်ရေမျက်နှာပြင်အထက် ပိုမိုမြင့်မားတဲ့ လေတပ်စခန်းတွေကနေ ပျံတက်နိုင်မှု၊ ရန်သူရဲ့ ခြေရာခံ စောင့်ကြည့်စနစ်ကို ဖော်ထုတ်သိရှိဖို့အတွက် ရေဒါ သတိပေးချက် လက်ခံစနစ်နှင့် ဒုံးကျည်တွေနှင့် ပစ်ခတ်တိုက်ခိုက်လာမှုတွေကို ကြားဖြတ်ဖျက်ဆီးဖို့အတွက် ဒုံးခွင်းလက်နက်စနစ်တွေ ပေးအပ်ထားမှုတွေလို အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်။
Rafale တိုက်လေယာဉ်မှာ နောက်ဆုံးပေါ် လက်နက်တွေလည်း ပါရှိကြပြီး အဲဒီလက်နက်တွေဟာ အလွန်တိကျမှုနှင့်အတူ ကီလိုမီတာ ၃၀၀ အကွာအဝေးမှ ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ မြေပြင်သို့ တိုက်ခိုက်ရေး တာဝေးပစ်ဒုံးကျည် ၁ လက် ပါဝင်ပါတယ်။ နောက် ၁ မျိုးကတော့ ပထမတန်းစားဖြစ်တဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြစ်ပါတယ်။ ဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀ အကွာအဝေးမှ ရန်သူလေယာဉ်တွေကို ပစ်ခတ်နိုင်ပြီး Rafale လေယာဉ်ကလည်း တိုက်ခိုက်မှုစွမ်းရည် သက်သေပြလျှက် နှစ်ကာလတလျှောက် စစ်ပွဲများစွာတို့မှာ ပါဝင်သုံးစွဲခဲ့ကြပါတယ်။
လေတပ်မတော်ဆိုင်ရာ နောက်ထပ်အရေးကိစ္စတစ်ရပ်အဖြစ် ကာကွယ်ရေးဝန်ကြီး Mr. Rajnath Singh ဟာ Tejas တိုက်လေယာဉ်ကိုလည်း စမ်းသပ်ပျံသန်းခဲ့ပါတယ်။ Tejas လေယာဉ်ဟာ ကဏ္ဍစုံအသုံးပြုနိုင်ပြီး အသံထက်မြန်တဲ့ တိုက်လေယာဉ်ဖြစ်ကာ ဝေဟင်မှဝေဟင်၊ ဝေဟင်မှ မြေပြင်၊ အတိအကျ လမ်းညွှန်နိုင်တဲ့ ဒုံးကျည်တွေနှင့် လက်နက်စနစ်တွေ သယ်ဆောင်နိုင်ဖို့ ဒီဇိုင်းပုံဖော်ထားတာ ဖြစ်ပါတယ်။
တိုးတက်လာနေတဲ့ အိန္ဒိယနိုင်ငံဟာ အမျိုးသား အကျိုးစီးပွားအရေအတွက်တွေမှာလည်း တိုးများမှုအမြင့်ဆုံး ဖြစ်နေပါတယ်။ ဒါတွေကိုကာကွယ်ဖို့အတွက် စစ်ဖက်ဆိုင်ရာ စွမ်းရည်ထိရောက်မှု လိုအပ်နေပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံဟာ စက်မှုလုပ်ငန်း စွမ်းရည် တိုးတက်မှုရဲ့ အထောက်အပံ့နှင့် မိမိတို့ကိုယ်ပိုင်နည်းပညာဖြင့် ဖွံ့ဖြိုးတီထွင် ထုတ်လုပ်တဲ့ လက်နက်စနစ်တွေအပေါ် မီခိုအားထားလျှက်ရှိပါတယ်။ Rafale တိုက်လေယာဉ်ဟာ စွမ်းရည်ကဏ္ဍပိုင်းမှာ အိန္ဒိယ လေတပ်မတော်ရဲ့ လက်ရှိလိုအပ်ချက်တွေအတွက် အကောင်းဆုံး ဖြစ်နိုင်ပေမယ့် ရေရှည်အကျိုးဖြစ်ထွန်းဖို့ဆိုရင် လက်ရှိ ဝယ်ယူထားတာတွေအသုံးပြုပြီး ပြည်တွင်း စက်မှုလုပ်ငန်းစွမ်းရည် တိုးမြှင့်ရေးအပေါ် အာရုံပြုသွားဖို့ လိုအပ်နေပါတယ်… စသဖြင့် ဆောင်းပါးရှင် Uttam Kumar Biswas ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment