အိန္ဒိယ-အီရန်တို့သည် ပူးပေါင်းလုပ်ဆောင်ရေး ဗျူဟာသစ်များ စူးစမ်းရှာဖွေလျှက်ရှိ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ရုရှားနှင့် အနောက်အာရှဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Meena Singh Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-အီရန်တို့သည် ပူးပေါင်းလုပ်ဆောင်ရေး ဗျူဟာသစ်များ စူးစမ်းရှာဖွေလျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
မဟာဗျူဟာပိုင်း လိုက်လျောညီထွေ မရှိတဲ့အခြေအနေတွေနှင့် ဒေသပိုင်းဆိုင်ရာ စိုးရိမ်ဖွယ် အလားအလာ နောက်ခံတွေနှင့်အတူ အိန္ဒိယနှင့် အီရန်နိုင်ငံတို့အကြား နိုင်ငံခြားဌာနဆိုင်ရာ ဆဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ယခုသီတင်းပတ်က Tehran မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Vijay Gokhale က အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ပြီး အီရန်နိုင်ငံဘက်ကိုတော့ ၎င်းတို့ရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး Dr. Seyyed Abbas Araghchi က ဦးဆောင်ခဲ့ပါတယ်။ Mr. Gokhale ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Dr. Javad Zarif နှင့် အီရန်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် Ayatollah Khamenei ရဲ့ ထိပ်တန်း အကြံပေးဖြစ်သူ Dr. Ali Akbar Velayati တို့နှင့်အတူလည်း ဆွေးနွေးခဲ့ပါတယ်။
ခေါင်းဆောင်တွေဟာ Shahid Behesthi ဆိပ်ကမ်းနှင့် Chabahar ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ အိန္ဒိယ၊ အီရန်နှင့် အာဖကန်နစ္စတန်နိုင်ငံတို့အကြား ၃ ပွင့်ဆိုင် ကုန်စည် ကူးပြောင်း သယ်ယူပို့ဆောင်ရေး သဘောတူစာချုပ် အပြည့်အဝ လည်ပတ်လုပ်ဆောင်ရေးတို့လို လက်ရှိ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းတွေအပါအဝင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တစ်ခုလုံးကို ထပ်မံ သုံးသပ် ဆန်းစစ်ခဲ့ကြပါတယ်။ ဒေသပိုင်း အရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး နိုင်ငံခြားရေး ဝန်ကြီးများအဆင့်မှာ ပူးတွဲကော်မရှင်အဖွဲ့ရဲ့ နောက်လာမယ့်ဆွေးနွေးပွဲကို အစောလျင်ဆုံး အီရန်နိုင်ငံမှာ ပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်၊ မေလမှာ ဝါရှင်တန်အစိုးရဟာ ၆ လ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ငြင်းဆိုခဲ့တဲ့ အချိန်ကတည်းက အီရန်နိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုရပ်တန့်ဖို့ အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး နိုင်ငံခြားဌာန ဆွေးနွေးမှုတွေကို စူးစမ်းလေ့လာဖို့ လိုအပ်လာပါတယ်။ တူရကီ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ဟာ အီရန်နိုင်ငံနှင့် ၎င်းတို့ရဲ့ စွမ်းအင်ရေးရာ ဆက်ဆံရေးတွေ ဆက်လက်တည်ရှိနေပြီး အိန္ဒိယနိုင်ငံက တခြားနည်းလမ်းကို ဆုံးဖြတ်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ အီရန်သံအမတ် Ali Chegeni က ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံမှ ရေနံစိမ်း တင်သွင်းမှုတွေကို ယာယီရပ်နားခဲ့ပြီး တခြားနယ်ပယ်တွေမှာ Tehran အစိုးရနှင့်အတူ စေ့စပ်လုပ်ဆောင်မှုတွေ ဆက်လက်ပြုလုပ်နေခဲ့ပါတယ်။
၂ နိုင်ငံတို့ဟာ အာဖကန်နစ္စတန်ဆိုင်ရာ ၎င်းတို့ရဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး အိန္ဒိယကလည်း အီရန်နိုင်ငံနှင့်အတူ စီးပွားရေးနှင့် ကုန်သွယ်ရေးရာ ဆက်ဆံရေးတွေ တိုးမြှင့်ရေးနည်းလမ်းတွေ ရှာကြံလျှက်ရှိပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့ အိန္ဒိယ-ရုရှား ညီလာခံမှာ နယူးဒေလီနှင့် ရုရှားနိုင်ငံတို့ဟာ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုအဖြစ် အီရန်နိုင်ငံနှင့် ကုန်သွယ်ရေး၊ စီးပွားရေး ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၁၉ ခုနှစ် မတ်လကပြုလုပ်ခဲ့တဲ့ INSTC ခေါ် နိုင်ငံတကာ မြောက်အရပ်-တောင်အရပ် ကုန်စည် ကူးပြောင်းပို့ဆောင်ရေး စင်္ကြံလမ်းမဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းဆောင်ရွက်ရေး ကောင်စီဆွေးနွေးပွဲမှာ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သွားကြဖို့ ကတိပြုထားပါတယ်။
ယခုနှစ် မေလကတည်းက အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ပေါ်ထွက်နေတဲ့ တင်းမာမှုတွေဟာ အိန္ဒိယနှင့် အီရန်နိုင်ငံတို့ကို စိန်ခေါ်ချက်တွေနှင့် ထပ်မံ အခက်တွေ့စေခဲ့ပြီး အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံနှင့် စွမ်းအင်ဆက်ဆံရေးတွေကို တခြားဘယ်လိုနည်းလမ်းတွေကနေ ထားရှိသွားနိုယ်တယ်ဆိုတဲ့အပေါ် စူးစမ်းလေ့လာလျှက်ရှိပါတယ်။ ၂၀၀၆ ခုနှစ်အထိ အီရန်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယ အများဆုံး ရေနံစိမ်း တင်သွင်းတဲ့နိုင်ငံဖြစ်ခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ နံပါတ် ၇ အထိ လျော့ကျသွားခဲ့ပါတယ်။ တည်ငြိမ်တဲ့ စွမ်းအင် ပေးသွင်းမှုနိုင်ငံအဖြစ် အီရန်နိုင်ငံရဲ့ အရေးပါမှုကို မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး။
အီရန်နိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် ဥရောပ-အာရှ စပ်ကြားဒေသပိုင်းသို့ တံကားပေါက်သဖွယ် ဒေသပိုင်းအရေးပါမှုရှိနေပြီး အနောက်အာရှနှင့် အာဖကန်နစ္စတန်နိုင်ငံတို့အတွင်း ဒီနိုင်ငံရဲ့ ကဏ္ဍတိုးများလာနေမှုဟာ အဲဒီနိုင်ငံနှင့် စေ့စပ်မှုတွေတိုးမြှင့်ဖို့အတွက် နယူးဒေလီအစိုးရရဲ့ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်စေလျှက် ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ INSTC နှင့် Chabahar စီမံကိန်းတွေအတွက်နှင့် တရုတ်၊ ရုရှား၊ အာရှဒေသ အလယ်ပိုင်းနိုင်ငံတွေနှင့် တခြားသော ဒေသပိုင်း နိုင်ငံတွေနှင့်အတူ လိုက်လျောညီထွေ ဆက်ဆံရေးထားရှိရာမှာ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် အီရန်နိုင်ငံကို လိုအပ်လျှက်ရှိပါတယ်။
၂၀၁၆ ခုနှစ်၊ မေလက အီရန်နိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးချုပ် Mr. Narendra Modi ဟာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍသစ်တစ်ရပ်ကို အစပျိုးခဲ့ပြီး ၂ နိုင်ငံခေါင်းဆောင်တွေဟာ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ စွမ်းအင် ဖွံ့ဖြိုးရေးတို့အပေါ် အာရုံပြုလျှက် မဟာဗျူဟာ ဘက်စုံစွးပွားရေး ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အီရန်နိုင်ငံ သမ္မတ Hassan Rouhani ရဲ့ အိန္ဒိယနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်နှင့် ယခုနှစ် ဇန်နဝါရီလက အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ရဲ့ အိန္ဒိယခရီးစဉ်တို့အတွင်း ပိုမို အရှိန်အဟုန် တိုးတက်ခဲ့ပါတယ်။
Tehran မြို့ကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်မှန်းရတဲ့ နိုင်ငံခြားရေး အတွင်းဝန်ဦးဆောင်လျှက် ဆွေးနွေးမှုတွေမှာ ထင်ဟပ်လာတဲ့ လက်ရှိသံတမန်ရေး လှုပ်ရှားမှုတွေဟာ အီရန်နိုင်ငံကို ဝိုင်းပယ်ထားဖို့ Trump အုပ်ချုပ်ရေးအဖွဲပထံမှာ ဖိအားတိုးများမှုတွေနှင့်မဆိုင်ဘဲ အီရန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရေး ဗျူဟာသစ်တွေ ဖော်ထုတ်သွားဖို့ Modi အစိုးရရဲ့ ဆန္ဒကို ထင်ဟပ်လျှက်ရှိပါတယ်။ ရန်မူလိုစိတ်တွေ လျှော့ပြီး ဒေသပိုင်း ဆွေးနွေးမှုတွေဟာ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံအတွက်သာမက နိုင်ငံတကာနှင့် ဒေသပိုင်း အသိုင်းအဝိုင်းတို့အတွက်ပါ ပိုမိုရလဒ်ကောင်းစေမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Meena Singh Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment