အိန္ဒိယနိုင်ငံသည် အရှေ့ပိုင်းဒေသနှင့် ညှိနှိုင်းလုပ်ဆောင်ချက်များ ပိုမိုနက်ရှိုင်းစေလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှ ဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် အရှေ့ပိုင်းဒေသနှင့် ညှိနှိုင်းလုပ်ဆောင်ချက်များ ပိုမိုနက်ရှိုင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

တာဝန်ထမ်းယူခဲ့ပြီးနောက် အာဆီယံ ဒေသသို့ ခရီးစဉ်တွေရဲ့ ပထမဆုံးအဖြစ် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။

အရှေ့တောင်အာရှ ခရီးစဉ်အတွင်း Dr. Jaishankar ဟာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့်အတူ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ညှိနှိုင်းလုပ်ဆောင်ရေး ဝန်ကြီး အငြိမ်းစား ဗိုလ်ချုပ် Luhut Binsar Pandjaitan နှင့် တွေ့ဆုံဆွေးနွေးမှုကလည်း နောက်ထပ် အရေးပါတဲ့အရာ ဖြစ်ခဲ့ပါတယ်။ ဝန်ကြီး ၂ ဦးတို့ဟာ အိန္ဒိယနိုင်ငံ၊ Andaman & Nicobar ကျွန်းစုနှင့် အင်ဒိုနီးရှားနိုင်ငံ၊ Aceh ကျွန်းစုတို့အကြား ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံး ဒေသကနေ အိန္ဒိယနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးဒေသနှင့် မိုင်ပေါင်း ၉၀ အတွင်းမျှသာ ကွာဝေးမှုနှင့်အတူ အိန္ဒိယနိုင်ငံရဲ့ အနီးကပ် ပင်လယ်ရေကြောင်းဆိုင်ရာ အိမ်နီးချင်း နိုင်ငံဖြစ်ပါတယ်။ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့ရဲ့ ဦးဆောင် ၂ နိုင်ငံတို့အကြား ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးဟာ အလွန် အရေးပါမှုတွေ ပါရှိနေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အရှေ့အာရှဒေသနှင့် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒနှင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ္ဘာ့ ပင်လယ်ရေကြောင်း အခရာကျမှုတို့ဟာ သဘောသဘာဝအားဖြင့် တူညီနေကြပြီး ၂ နိုင်ငံတို့ဟာ အာဆီယံအဖွဲ့ရဲ့ ဗဟိုအချက်အခြာနှင့် စည်းလုံးညီညွတ်မှုတို့ကို တန်ဖိုးထား မြှင့်တင်နေကြပါတယ်။ ၂ နိုင်ငံတို့ဟာ အင်ဒို-ပစိဖိတ်ဒေသကို ထောက်ခံအားပေးမှုတွေ ရှိနေကြပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ရေတိုနှင့် ရေရှည် မျှော်မှန်းချက်တွေမှာလည်း ဘုံတူညီချက်တွေ ရှိနေတာကြောင့် ဒီဒေသပိုင်းအတွင်း သဘောထားနှင့် မှန်းဆချက်တွေ တိုးတက်စေရာမှာ အရေးပါမှု ရှိနေပါတယ်။ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံအဖွဲ့ရဲ့ သဘောထား ချမှတ်မှုနှင့်အတူ ဒေသပိုင်း နိုင်ငံတွေအတွက် လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုနှင့် စည်းမျဉ်းအခြေခံ အေးချမ်း သာယာဝပြောတဲ့ ဘက်စုံ အင်ဒို-ပစိဖိတ် ဒေသပိုင်းဆိုင်ရာ မျှော်မှန်းချက်တွေ ဖော်ဆောင်သွားကြဖို့ အသွင်ရှိပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး အငြိမ်းစား ဗိုလ်ချုပ် H. Wiranto ကိုလည်း တွေ့ဆုံခဲ့ပြီး ကာကွယ်ရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးတို့နှင့် ဆက်နွယ်တဲ့ အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြတဲ့အပြင် အင်ဒိုနီးရှားနိုင်ငံ ဒုသမ္မတ Jusuf Kulla ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

ယခုခရီးစဉ်ရဲ့ အဓိကမျှော်မှန်းချက်ဟာ ကျယ်ပြန့်လှတဲ့ နယ်ပယ်ကဏ္ဍတွေအတွင်း အိန္ဒိယ-အင်ဒိုနီးရှား ဆက်ဆံရေးတွေ အရှိန်အဟုန် တိုးမြှင့်သွားဖို့ ဖြစ်ပါတယ်။ အဲဒီဒေသပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံဟာ စင်္ကာပူနိုင်ငံပြီးရင် အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး ၂၀၁၈-၁၉ ခုနှစ်မှာ အပြန်အလှန်ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂၁.၁၂ ဘီလျံ ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ် Mr. Modi ရဲ့ ခရီးစဉ်အတွင်း နယူးဒေလီနှင့် ဂျာကာတာ အစိုးရတို့ဟာ ကာကွယ်ရေးရာ အရှိန်မြှင့် ပူးပေါင်းလုပ်ဆောင်ရေး သဘောတူစာချုပ်နှင့် အာကာသ စူးစမ်းလေ့လာရေးနှင့် အာကာသကို အေးချမ်းရေး ရည်စူးချက်များအတွက်သာ အသုံးပြုရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းဘောင် သဘောတူစာချုပ်တို့ လက်မှတ်ရေးထိုးမှုနှင့်အတူ ကာကွယ်ရေးနှင့် လုံခြုံရေးရာ ဆက်ဆံရေးတွေကို တိုးမြှင့်ထားကြပြီးဖြစ်ပါတယ်။ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့ဟာ ဘက်စုံ မဟာဗျူဟာရေး ပူးတွဲလုပ်ဆောင်နေသူတွေဖြစ်ကြပြီး ၂၀၁၇ ခုနှစ်ကတည်းက ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေး ရည်စူးထားချက်နှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက်တွေ ထုတ်ပြန်လာခဲ့ကြပါတယ်။

အိန္ဒိယ သမုဒ္ဒရာဒေသရဲ့ အင်အားကြီး ၂ နိုင်ငံတို့ဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာ ဒေသမှာ “Samudra Shakti” လို့ခေါ်တဲ့ ပထမဆုံးအကြိမ် ရေတပ်မတော် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ Aceh ကျွန်းစု၊ Sabang ဒေသမှာ ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရာမှာ ဒီနိုင်ငံနှင့်အတူ ဆောင်ရွက်လုပ်ကိုင်လျှက်ရှိပါတယ်။ Sabang ဒေသဟာ အရှေ့တောင်အာရှနှင့် ဝန်းကျင် ဒေသပိုင်းများသို့ဆက်သွယ်ဖို့ အိန္ဒိယနိုင်ငံရဲ့ ပင်လယ်ရေလမ်းကြောင်းဖြစ်သလို ဒီဒေသပိုင်းအတွင်း အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံ ခရီးစဉ်မှာတော့ Dr. Jaishankar ဟာ စင်္ကာပူနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan နှင့်အတူ ဆဋ္ဌမအကြိမ် အိန္ဒိယ-စင်္ကာပူ ပူးတွဲဝန်ကြီးများအဆင့် ကော်မတီ တွေ့ဆုံဆွေးနွေးပွဲကို အတူတကွ ကြီးမှူးပြုလုပ်ခဲ့ပြီး ၂ နိုင်ငံ မဟာဗျူဟာ ပူးပေါင်းလုပ်ဆောင်မှုအောက်မှာ အပြန်အလှန်ဆောင်ရွက်မှု အခြေအနေတွေကို သုံးသပ်ခဲ့ကြပါတယ်။ Dr. Jaishankar ဟာ စင်္ကာပူနိုင်ငံဝန်ကြီးချုပ် Mr. Lee Hsien Loong၊ ဒု-ဝန်ကြီးချုပ် Heng Swee Keat နှင့် ကာကွယ်ရေးဝန်ကြီး Ng Eng Hen တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

Dr. Jaishankar ဟာ အိန္ဒိယ-စင်္ကာပူ စီးပွားရေးနှင့် တီထွင်မွမ်းမံရေး ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ စံပြမြို့တော် အစပျိုးလုပ်ဆောင်မှုတွေမှာ အဓိက လုပ်ဖော်ကိုင်ဖက်နိုင်ငံဖြစ်ပြီး ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍခွဲတွေမှာ အရေးပါတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှု အားကောင်းစေဖို့ အိန္ဒိယနိုင်ငံရဲ့ လတ်တလော ကြိုးပမ်းချက်တွေကို စင်္ကာပူနိုင်ငံက ချီးကျူးဖော်ပြလိုက်တာဟာ အပြုသဘောဆောင်လျှက်ရှိပါတယ်။

အရှေ့အာရှဒေသနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး မူဝါဒအောက်မှာ အင်ဒို-ပစိဖိတ်ဒေသမှ အဓိကကျတဲ့နိုင်ငံများသို့ ပုံမှန်အားဖြင့် အပြန်အလှန် ခရီးစဉ်တွေကတဆင့် အိန္ဒိယနိုင်ငံရဲ့ စေ့စပ်ဆောင်ရွက်မှုတွေ နောက်ထပ်တိုးတက်အားကောင်းစေဖို့ ကြိုးပမ်းချက်တွေ ပြုလုပ်လျှက်ရှိပါတယ်။ Dr. Jaishankar ရဲ့ခရီးစဉ်ဟာ ဒီလိုကြိုးပမ်းချက်တွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Rahul Mishra ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”