Aramco တိုက်ခိုက်မှုသည် အမေရိကန်ပြည်ထောင်စု-အီရန် တင်းမာမှုများ ပေါ်ပေါက်စေလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA ဌာနမှ သုတေသီ ဆောင်းပါးရှင် Dr. Lakshmi Priya ဝေဖန်ရေးသားပေးပို့ထားတဲ့ “Aramco တိုက်ခိုက်မှုသည် အမေရိကန်ပြည်ထောင်စု-အီရန် တင်းမာမှုများ ပေါ်ပေါက်စေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဆော်ဒီအာရေးဗီးယားနိုင်ငံ Dammam ဒေသအနီး Abqaiq နှင့် Khurais ဒေသတို့မှာ ဒီနိုင်ငံရဲ့ Aramco ခေါ် ရေနံစိမ်း ကုမ္ပဏီကြီးက လုပ်ကိုင်နေတဲ့ ကမ္ဘာ့အကြီးမားဆုံး ရေနံစိမ်း လုပ်ကွက်နေရာတွေအပေါ် မကြာသေးမီက ဒရုန်းခေါ် မောင်းသူမဲ့လေယာဉ်နှင့် တိုက်ခိုက်မှုတွေဟာ ပင်လယ်ကွေ့ဒေသအတွင်း အမေရိကန်ပြည်ထောင်စု-အီရန်တို့ရဲ့ ရှိဆဲတင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါဟာ ၁၉၉၁ ခုနှစ်၊ ပင်လယ်ကွေ့စစ်ပွဲ ကာလကတည်းက ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေမှာ အကြီးမားဆုံး မြင့်မားမှု ဖြစ်စေခဲ့ပါတယ်။ ယီမန်နိုင်ငံအခြေစိုက် Ansar Allah’ ခေါ် (Houthi) တပ်ဖွဲ့တွေဟာ ဒီတိုက်ခိုက်မှုတွေအတွက် ၎င်းတို့ရဲ့လက်ချက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ တစ်စုံတစ်ရာသော ထိခိုက်ဒဏ်ရာရရှိမှုမှ မဖြစ်ခဲ့ပေမယ့် ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်း Houthi တို့ရဲ့ တိုက်ခိုက်မှုတွေကို နောက်ထပ် တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ဒီနိုင်ငံကို သတိပေးခဲ့ပါတယ်။ ဒါဟာ ဆော်ဒီနိုင်ငံ ရေနံစိမ်း လုပ်ကွက်တွေကိုပစ်မှတ်ထားတဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လကလည်း Houthi တို့ရဲ့ မောင်းသူမဲ့လေယာဉ် ဒရုန်းတိုက်ခိုက်မှုတစ်ခုမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ နောက်ထပ်အဓိကကျတဲ့ Shaybah ရေနံစိမ်းလုပ်ကွက်ကို ပစ်မှတ်ထားခဲ့ပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသား Mohammad bin Salman ကတော့ ဒီဖြစ်ရပ်ကို အကြမ်းဖက်သမား တိုက်ခိုက်မှုတစ်ခုအဖြစ် သုံးနှုန်းဖော်ပြခဲ့ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ဒီလို ကျူးကျော်ရန်စမှု လုပ်ရပ်မျိုးကို ထိပ်တိုက်ရင်ဆိုင်သွားနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ထိခိုက်မှုကြီးမားများပြားတဲ့ တိုက်ခိုက်မှုတွေကြောင့် Riyadh အစိုးရဟာ ဆော်ဒီတို့ရဲ့ Aramco ကုမ္ပဏီကနေ ဘာရိန်းနိုင်ငံရဲ့ ရေနံစိမ်းကုမ္ပဏီထံကို အာရပ် ရေနံစိမ်းစည်ပေါင်း ၁ ရက်မှာ ၀.၂ သန်း သွယ်တန်းပို့ဆောင်ပေးတဲ့ ရေနံစိမ်း ပိုက်လိုင်းကို ပိတ်လိုက်ရပါတယ်။ ဒါပေမယ့်လည်း Aramco ကုမ္ပဏီရဲ့ ပုံသေသတ်မှတ်ထားချက်အရ အမေရိကန်ဒေါ်လာ ၂ ထရီလျံ စုစုပေါင်းတန်ဖိုးရဲ့ ၁% ဖြစ်တဲ့ ကနဦး အများပြည်သူ ကမ်းလှမ်းပေးအပ်မှု IPO စာရင်းပြုဖို့ ဆက်လက် တွန်းအားပေးနေဆဲဖြစ်ပါတယ်။ ဒီအပြင် ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ရေကြောင်းလမ်းတွေ လုံခြုံစေဖို့အတွက် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ ၁ ဖွဲ့မှာ ဩစတြေးလျား၊ ဘာရိန်း၊ ဗြိတိန်နိုင်ငံတို့နှင့် ပူးပေါင်းပါဝင်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ သင်္ဘောဖြင့် လွတ်လာစွာ ကူးသန်းသွားလာမှုကို ခြိမ်းခြောက်နေပြီး ကမ္ဘာ့စီးပွားရေးရာ ဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်ရေးကို ထိခိုက်စေခဲ့တယ်လို့ ဆော်ဒီနိုင်ငံ ဝန်ကြီးများကောင်စီက ဖော်ပြခဲ့ပြီး ဒရုန်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ခဲ့ပြီး တိုက်ခိုက်မှုမှာ အီရန်နိုင်ငံထုတ် လက်နက်တွေ အသုံးပြုခဲ့တယ်လို့ အခိုင်အမာ ဖော်ပြလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ကမ္ဘာတဝှမ်းက ရှုတ်ချလိုက်ကြပါတယ်။ ဒါပေမယ့် အပြင်းထန်ဆုံး တုံ့ပြန်မှုကတော့ ဒေသပိုင်းအတွင်း ဆော်ဒီတို့နှင့် မဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကနေ ပေါ်ထွက်ခဲ့ပါတယ်။ သမ္မတ Mr. Trump ဟာ အီရန်နိုင်ငံကို စွပ်စွဲလိုက်ပြီး ဒီတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတယ်လို့ပြောဆိုလိုက်ပြီး စစ်ရေးတိုက်ခိုက်မှုဆိုင်ရာ ၎င်းရဲ့သဘောထားကို ပြသလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr. Mike Pompeo ဟာ တိုက်ခိုက်မှုကို ဆွေးနွေးဖို့နှင့် ဒေသပိုင်းအတွင်း အီရန်နိုင်ငံရဲ့ ကျူးကျော်မှုကို တိုက်ဖျက်ဖို့အတွက် ပူးပေါင်းကြိုးပမ်းသွားကြဖို့ ဆော်ဒီ အာရေးဗီးယားနှင့် UAE နိုင်ငံတို့ကို သွားရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အီရန်နိုင်ငံဟာ စွပ်စွဲချက်တွေကို အပြင်းအထန် ငြင်းဆိုလိုက်ပြီး စစ်ပွဲဆင်နွှဲဖို့လည်း အသင့်ရှိကြောင်း ဖော်ပြခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စုကသာ ၂၀၁၅ ခုနှစ်၊ ဧပြီလရဲ့ အီရန် အနုမြူရေး သဘောတူညီချက်ကို လက်ခံမယ်ဆိုရင် ဒီလိုကပ်ဘေးတွေကို ရှောင်လွှဲသွားနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဆော်ဒီတို့ရဲ့ ရေနံစိမ်း ထုတ်လုပ်ရေး လုပ်ကွက်တွေကို Houthis တို့ရဲ့ တိုက်ခိုက်မှုဟာ ယီမန်နိုင်ငံအတွင်း ကာလကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲအဆုံးသတ်ဖို့အတွက် Riyadh အစိုးရကို သတိပေးဖို့ဖြစ်တယ်လို့ အီရန်နိုင်ငံသမ္မတ Hassan Rouhani က ဖော်ပြခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဖူလုံရေးအတွက် ကပ်ဘေးဆိုးကျရောက်နိုင်ဖွယ် စွမ်းရည်အလားအလာ ရှိပါတယ်။
Abqaiq ဒေသကို တိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှုအဖြစ် ဆော်ဒီ အာရေးဗီးယားနိုင်ငံရဲ့ ရေနံစိမ်း ထုတ်လုပ်မှုဟာ ၅၀% လျော့နည်းသွားခဲ့ပြီး ၁၉၅၀ ခုနှစ်ကတည်းက အများဆုံး ဆုံးရှုံးရမှုအဖြစ် ၁ ရက်လျှင် ရေနံစည်ပေါင်း ၅.၇ သန်း ရှိစေခဲ့ပါတယ်။ ကမ္ဘာ့ရေနံစိမ်း စုစုပေါင်း ပေးသွင်းမှုရဲ့ ၅၀% တို့ ပြတ်တောက်သွားခဲ့ပြီး ရေနံစိမ်းဈေးနှုန်းတွေကလည်း ၁၅% မြင့်တက်သွားခဲ့ပါတယ်။ ရေနံစိမ်း ပေးသွင်းမှုစိုးရိမ်ချက်တွေ လျော့ပါးစေရာမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ အာရှဒေသမှ ဝယ်ယူသူတွေရဲ့ ဝယ်လိုအားကို အောက်တိုဘာလမှာ ရရှိလိမ့်မယ်လို့ အာမခံ ဖော်ပြခဲ့ရပါတယ်။
Riyadh အစိုးရဟာ ရေနံစိမ်း ထုတ်လုပ်မှု လျော့ကျသွားပေမယ့် ပေးသွင်းရေး ကန်ထရိုက် စာချုပ်တွေကို ဖြည့်ဆည်းပေးသွားမယ်လို့ အိန္ဒိယနိုင်ငံကို ဖော်ပြခဲ့ပါတယ်။ ဆော်ဒီနိုင်ငံဟာ အိန္ဒိယနိုင်ငံကို ဒုတိယအများဆုံး ရေနံစိမ်း တင်ပို့တဲ့နိုင်ငံဖြစ်ပေမယ့် လတ်တလော တိုက်ခိုက်မှုတွေဟာ ရေနံစိမ်းရင်းမြစ်တွေအတွက် ရုရှားနှင့် အီရန်တို့လို တခြားနိုင်ငံတွေကနေ ရယူဖို့ အိန္ဒိယနိုင်ငံကို အခြေအနေပေးလိုက်ပါတယ်။ အမေရိကန်-အီရန် တင်းမာမှုတွေလည်း ပေါ်ပေါက်နေပြီး ရေနံစိမ်း ဈေးနှုန်းမြင့်တက်မှုတွေဟာ ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် နောက်ဆက်တွဲ ထိခိုက်စေနိုင်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပယ်လယ်ကွေ့ဒေသအတွင်း လူဦးရေအများဆုံး နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ၎င်းတို့ရဲ့ လုံခြုံရေးဟာ နယူးဒေလီအစိုးရရဲ့ ထိပ်ဆုံး စိုးရိမ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ နိုင်ငံအားလုံးတို့ဟာ အခြေအနေကို ဂရုတစိုက် ကိုင်တွယ်ပြီး အကျပ်အတည်းပေါ်ပေါက်မှုကနေ ရှောင်ရှားကြရမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Lakshmi Priya ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment