သမ္မတ Ram Nath Kovind ရဲ့ အနောက်အာဖရိကဒေသ ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ ဒီဒေသအပေါ် ပေါက်ရောက်မှု တိုးတက်အားကောင်းစေလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အာဖရိကဒေသ ရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Nivedita Ray ဝေဖန်ရေးသား ပေးပို့ထားတဲ့ “သမ္မတ Ram Nath Kovind ရဲ့ အနောက်အာဖရိကဒေသ ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ ဒီဒေသအပေါ် ပေါက်ရောက်မှု တိုးတက်အားကောင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံသမ္မတ Mr. Ram Nath Kovind ဟာ အနောက်အာဖရိကဒေသမီ အဓိက ၃ နိုင်ငံတို့ဖြစ်ကြတဲ့ ဘီနင်၊ ဂမ္ဘီရာနှင့် ဂီနီနိုင်ငံတို့ကို ၇ ရက်ကြာ ခရီးစဉ်တစ်ရပ် သွားရောက်ခဲ့ပါတယ်။ ဒီနိုင်ငံတွေကိုသွားရောက်ဖို့ ရွေးချယ်တာဟာ အိန္ဒိယနိုင်ငံအနေနှင့် အာဖရိကဒေသနှင့်အတူ သီးသန့်အားဖြင့် အဓိကကျတဲ့ အနောက်အာဖရိကဒေသနှင့်အတူ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လိုတယ်ဆိုတဲ့ အဆင့်မြင့်ဦးစားပေးချက်ကို ထုတ်ဖော်ပြသလျှက်ရှိတဲ့အလျောက် အရေးပါမှုရှိတယ်လို့ မှတ်ယူရပါတယ်။

သမ္မတ Mr. Kovind ရဲ့ ၃ နိုင်ငံခရီးစဉ်ဟာ အိန္ဒိယနိုင်ငံသမ္မတတစ်ဦးရဲ့ ပထမဆုံးသော ခရီးဖြစ်ခဲ့တာကြောင့် သမိုင်းဝင်ဖြစ်ခဲ့ပါတယ်။ ဒီဒေသနှင့် အိန္ဒိယနိုင်ငံရဲ့ အစဉ်အလာအားဖြင့် ဆက်ဆံရေးတွေဟာ ဘာသာစကား အတားအဆီးတွေ၊ အဆက်အသွယ် ကင်းမဲ့မှုတွေနှင့် အလှမ်းကွာဝေးမှုတွေကြောင့် တောင့်တင်းခိုင်မာသင့်သလောက်မရှိ ဖြစ်နေခဲ့ပါတယ်။ ယခုခရီးစဉ်တွေကတော့ အာဖရိကဒေသအတွင်း နိုင်ငံရဲ့ ဆက်ဆံရေး တိုးတက်စေဖို့နှင့် ပေါက်ရောက်မှု တိုးမြှင့်ဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ပိုမိုကျယ်ပြန့် တက်ကြွတဲ့ ချည်းကပ်မှုအဖြစ် ရှုမြင်ရပါတယ်။

အဲဒီခရီးစဉ်တွေအတွင်း သမ္မတဟာ ခေါင်းဆောင်အသီးသီးတို့နှင့်အတူ ကိုယ်စားလှယ်အဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဘီနင်နှင့် ဂမ္ဘီရာနိုင်ငံ အမျိုးသားလွှတ်တော်ကို မိန့်ခွန်းပြောကြားခဲ့ကာ ၃ နိုင်ငံအတွင်းတို့မှ အိန္ဒိယအနွယ်ဝင် အသိုင်းအဝိုင်းတွေနှင့်အတူလည်း တုံ့လှယ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးမှု အဓိက အကြောင်းအချက်တွေမှာဆိုရင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ နေရောင်ခြည်စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေး၊ ဒီဂျစ်တယ် နည်းပညာ၊ စွမ်းရည်တည်ဆောက်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် ကာကွယ်ရေးတို့လို အဓိက နယ်ပယ်တွေအပြင် နိုင်ငံတကာ အခင်းအကျင်းတို့မှ ဘုံစိုးရိမ်ချက် အရေးကိစ္စတွေမှာ ၂ နိုင်ငံဆက်ဆံရေးတွေ တိုးမြှင့်သွားကြဖို့တို့ ဖြစ်ပါတယ်။

ဘီနင်နိုင်ငံမှာတော့ ၂ နိုင်ငံတို့ဟာ ပြည်ပတင်ပို့မှုကဏ္ဍ တိုးချဲ့ရေးနှင့် နှစ်ဦးနှစ်ဖက် ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးရေး ကြိုးပမ်းလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြပါတယ်။ ဂမ္ဘီရာနိုင်ငံမှာဆိုရင် သမ္မတဟာ အိန္ဒိယ စီးပွားရေးလုပ်ငန်းတွေနှင့် မြှုပ်နှံမှုတွေမှာ ဒီနိုင်ငံရဲ့ ဆက်လက်ပံ့ပိုးပေးမှုဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ မျှော်မှန်းချက်ကို အလေးပေးဖော်ပြခဲ့ပါတယ်။ ဂီနီယာနိုင်ငံအတွင်း သမ္မတဟာ အထူးသဖြင့် သတ္ထုတူးဖော်ရေး၊ လူထု အခြေခံ အဆောက်အအုံ၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍတွေမှာ အိန္ဒိယ ကုမ္ပဏီတွေ ဒီနိုင်ငံမှာ ရင်နှီးမြှုပ်နှံသွားဖို့ သဘောဆန္ဒကို ဖော်ပြခဲ့ပါတယ်။

သမ္မတဟာ ဘီနင်နိုင်ငံမှ နိုင်ငံခြား သံတမန်တွေအတွက် အင်္ဂလိပ်စာ တတ်ကျွမ်းရေးကဏ္ဍမှာ အထူး ITEC ဘာသာရပ်တစ်ခုနှင့် အထူး အဆင့်မြင့် ဘာသာရပ်တစ်ခုတို့ဖြစ်တဲ့ ဘီနင်နိုင်ငံရဲ့ အမျိုးသား ဦးစားပေး စီမံကိန်းများအတွက် ဒီနိုင်ငံကို ချေးမငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်မှု၊ နောက် ဂမ္ဘီရာနိုင်ငံရဲ့ တောင်းဆိုချက်အရ တရားရေး၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနှင့် နည်းပညာ ကျွမ်းကျင်ရေးတွေမှာ လေ့ကျင့်သင်တန်းပေးမှုတွေ ကမ်းလှမ်းလျှက် စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလုပ်ငန်း စီမံကိန်း တိုးတက်ရေး အထောက်အပံ့အဖြစ် ဒီနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ သိန်း ကူညီပံ့ပိုးမှုအပြင် ဂီနီယာနိုင်ငံကိုလည်း Conakry ရေပံ့ပိုးရေး စီမံကိန်းအတွက် ချေးမငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကူညီချေးမမှုတို့ကို ကြေညာခဲ့ပါတယ်။

ဒီ ၃ နိုင်ငံခရီးတို့မှာ ပူးပေါင်းလုပ်ဆောင်မှုတိုးတက်ဖို့အတွက် နားလည်မှုစာချွန်လွှာ အသီးသီးတို့ လက်မှတ်ရေးထိုးခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ဘီနင်နိုင်ငံမှာဆိုရင် ၂ နိုင်ငံတို့ဟာ ယဉ်ကျေးမှု နှီးနှောဖလှယ်ရေး၊ ပြည်ပတင်ပို့မှုနှင့် မြှုပ်နှံမှု အာမခံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ e-VBAB ခေါ် (အီလက်ထရောနစ် Vidya Bharati နှင့် အီလက်ထရောနစ် Arogya Bharati) ကွန်ယက်စီမံကိန်းနှင့် အိန္ဒိယ သံတမန်နှင့် အရာရှိတွေရဲ့ နိုင်ငံကူးလက်မှတ်အတွက် ဗီဇာ ခြွင်းချက်ထားရှိရေးတို့မှာ သဘောတူစာချုပ် ၄ ခုတို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဂမ္ဘီယာနိုင်ငံမှာတော့ ၂ နိုင်ငံတို့ဟာ ဆေးဝါးနှင့် ဟိုမီယိုပက်သီ ကုထုံးဆိုင်ရာ သမရိုးကျ စနစ်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုး ဖလှယ်ခဲ့ကြပါတယ်။ ဂီနီယာနိုင်ငံမှာဆိုရင်လည်း သမ္မတ ၂ ဦးတို့ဟာ ဆေးဝါးနှင့် ဟိုမီယိုပက်သီ ကုထုံးဆိုင်ရာ သမရိုးကျ စနစ်၊ e-VBAB ခေါ် (အီလက်ထရောနစ် Vidya Bharati နှင့် အီလက်ထရောနစ် Arogya Bharati) ကွန်ယက်စီမံကိန်းနှင့် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နယ်ပယ်ကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်ရေး နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် သမ္မတ Mr. Kovind ရဲ့ ၃ နိုင်ငံခရီးစဉ်ဟာ အဲဒီဒေသပိုင်းနှင့်အတူ အနီးကပ် ဆက်ဆံရေးတွေတိုးတက်စေရာမှာ အလွန် အောင်မြင်မှုရှိခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Nivedita Ray ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”