Imran Khan အစိုးရတနှစ်ပြည့်ချိန်၊ အောင်ပွဲကျင်းပခြင်းနှင့် ဆန့်ကျင်ကန့်ကွက်မှုများဖြစ်ပွားနေခြင်း

သောတရှင်များခင်ဗျား၊ ဒီနေ့ သတင်းဝေဖန်ချက်အခန်းမှာ Imran Khan အစိုးရတနှစ်ပြည့်ချိန်၊ အောင်ပွဲကျင်းပခြင်းနှင့် ဆန့်ကျင်ကန့်ကွက်မှုများဖြစ်ပွားနေခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် Ashok Handoo ရေးသားပေးပို့တဲ့ဆောင်းပါးကို ဖတ်ကြားအစီရင်ခံပါရစေ။

ယခင်အပတ်က ပါကစ္စတန်မှာ Imran Khan အစိုးရတက်လာတာ တနှစ်ပြည့်သွားခဲ့ပါပြီ။ ဒါကို အထိမ်းအမှတ်ပြုပြီးအစိုးရက ကျေးဇူးတင်ရမဲ့နေ့ထူးနေ့မြတ်အဖြစ် အောင်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ သို့သော် အတိုက်အခံပါတီတွေက၊ ပါကစ္စတန်တနိုင်ငံလုံးမှာ ဧရာမကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ၎င်းတို့က ဇူလိုင်လ ၂၅ ရက်နေ့ကို ပါကစ္စတန်သမိုင်းမှာ အမဲစက် အစွန်းဆုံးနေ့ဖြစ်တယ်လို့ ပြောပါတယ်။ အဓိကအတိုက်အခံပါတီတွေဖြစ် PML (N) PPP နဲ့ JeI တို့လက်တွဲပြီး၊ Lehore ၊ Karachi ၊ Quetta နဲ့ အခြားမြို့ကြီး၊ မြို့ငယ်တွေမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အတိုက်အခံခေါင်းဆောင်များဖြစ်ကြတဲ့ Mariyam Nawaz ၊ Bilawal Bhutto Zardari နဲ့ Maulana Fazlur Rehman တို့က၊ အစိုးရကို၊ အတိုက်အခံတို့အားခြိမ်းခြောက်ခြင်း၊ မီဒီယာကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ တိုင်းပြည်စီးပွားရေးချွတ်ခြုံကျအောင်ပြုလုပ်ခြင်း၊ အမေရိကန်ပြည်ထောင်စုရဲ့ ညွှန်ကြားမှုအရ၊ ဒေသစွဲဝါဒတွေကို ပိုပြီးပြင်းထန်စေခြင်း စတာတွေ ကျူးလွန်နေကြောင်း စွပ်စွဲကြပါတယ်။ အပြင်းထန်ဆုံးထိုးနှက်သူကတော့ Maulana Fazlun Rehman ဖြစ်ပါတယ်။ သူက၊ Imran Khan ကို ဩဂုတ်လမှာ နှုတ်ထွက်ရမယ်၊ မနှုတ်ထွက်ဖူးဆိုရင်၊ တနိုင်ငံလုံးကပြည်သူတွေ Islamabad မြို့တော်သို့ ချီတက်စုဝေးပြီး အစိုးရနှုတ်ထွက်ဖို့ အကြပ်ကိုင်မယ်လို့ ရာဇသံပေးပါတယ်။

သောတရှင်များခင်ဗျား၊ Imran Khan ကိုယ်တိုင်ကလည်း Nawaz Sharif အစိုးရကို ဖြုတ်ချဖို့အတွက်၊ လူထုအစည်းအဝေးတွေနဲ့ ဆူပူကန့်ကွက်မှုတွေပြုလုပ်ခဲ့ဘူးပါတယ်။ သူခေါင်းဆောင်တဲ့ ချီတက်ဆန္ဒပြပွဲတွေကနေ၊ Islamabad မြို့တော်သို့ ခရီးရှည်ချီတက်ပွဲပြုလုပ်တဲ့အထိ ကြီးထွားသွားခဲ့ပြီး၊ Islamabad မှာ ၄ လတိုင်တိုင် တရက်ကို ၂၄ နာရီအချိန်ပြည့် ထိုင်သပိတ်ကြီးဆင်နွှဲကြလို့ မြို့တော်မှာ သွားလာလှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ အခုအတိုက်အခံပါတီတွေက Imran Khan အစိုးရကိုဖြုတ်ချဖို့ အဲဒီနည်းလမ်းကိုဘဲအသုံးပြုနေကြပါပြီ။

Imran Khan ဟာ ပါကစ္စတန်နိုင်ငံတော်သစ်တည်ထောင်မယ်ဆိုတဲ့ကတိနဲ့ အာဏာရလာခဲ့တာပါ။ သူက လူငယ်တွေကို အလုပ်အကိုင်တွေပေးမယ်၊ တိုင်းပြည်စီးပွားရေးကို ကောင်းမွန်အောင်ပြုလုပ်မယ်၊ နောက်ပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးယန္တရားတည်ဆောက်မယ် စတဲ့ကတိတွေပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ စီးပွားရေးအခြေအနေဟာ ဆိုးဝါးစွာ အကြပ်အတည်းဆိုက်နေပါတယ်။ လူတွေရဲ့အလုပ်အကိုင်တွေ ဆုံးရှုံးနေရသလို ကုန်ဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်နေပါတယ်။ ဘယ်လောက်ဆန်းပြားသလဲဆိုရင်၊ ပါကစ္စတန်ဝန်ကြီးချုပ်က၊ ချပါတီနဲ့ နံပြားရဲ့ဈေးနှုန်းကို မူလဈေးနှုန်းအတိုင်း လျှော့ရောင်းဘို့ အမိန့်ထုတ်ယူရတဲ့အခြေအနေဆိုက်နေပါပြီ။ ချပါတီနဲ့ နံပြားဈေးနှုန်းကို ကန့်သတ်တာတော့ဟုတ်ပါပြီ၊ တခြားအခြေခံ စားကုန်ပစ္စည်းတွေရဲ့ မြင့်မားနေတဲ့ ဈေးနှုန်းက အရေးမကြီးသလို ဖြစ်မနေဘူးလား မေးစရာဖြစ်လာပါတယ်။ ဒီပြဿနာကိုဖြေရှင်းရမဲ့အစား၊ ဝန်ကြီးချုပ်ဟာ၊ အတိုက်အခံခေါင်းဆောင်တွေကို တိုက်ခိုက်ရာမှာ အမျိုးသားတာဝန်ယူရေး တာဝန်ခံရေး ဗျူရိုကို အသုံးချနေပါတယ်။ အကျိုးဆက်အနေနဲ့ Nawaz Sharif ၊ Asif Ali Zardari နဲ့ Shahid Khaqan Abbasi ဆိုတဲ့ ခေါင်းဆောင်ဟောင်း (၃) ဦး အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးချုပ်နှောင်တာ ခံနေရပါတယ်။ Mr Zardari ဆိုရင် ပါကစ္စတန်နိုင်ငံရဲ့ သမ္မတဟောင်းတဦးဖြစ်ပါတယ်။

Mr Imran Khan ဟာ စစ်တပ်ကြိုးဆွဲတဲ့ ကနေရတဲ့ ရုပ်သေးဝန်ကြီးချုပ်သာဖြစ်တယ်လို့ အတိုက်အခံပါတီများက စွပ်စွဲပါတယ်။ Imran Khan ကို စစ်တပ်အကြီးအကဲများက ဝန်ကြီးချုပ်ဖြစ်လာအောင် လုပ်ပေးခဲ့တာဖြစ်ကြောင်း အဲဒါကြောင့် သူ့ကို အရွေးချယ်ခံ ဝန်ကြီးချုပ်အဖြစ် အတိုက်အခံများက သမုတ်ကြပါတယ်။ အရပ်သားအစိုးရအပေါ် စစ်တပ်ရဲ့ ဩဇာလွှမ်းမိုးပုံကို သက်သေပြရမယ်ဆိုရင်၊ အသစ်ဖွဲ့စည်းလိုက်သော စီးပွားရေးဖွံ့ဖြိုးရေးကောင်စီမှာ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ကိုလည်း အဖွဲ့ဝင်တဦးအဖြစ် ထည့်သွင်းထားခြင်းနဲ့ နိုင်ငံ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ Donald Trump တို့ရဲ့ ဆွေးနွေးပွဲကို ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ်လည်း တက်ရောက်ခြင်းတို့ဟာ ထင်ရှားတဲ့ သာဓကတွေပါဘဲ။ ဒါက၊ ပါကစ္စတန်နိုင်ငံကိုအုပ်ချုပ်ရာမှာ စစ်တပ်ရဲ့ဩဇာဘယ်လောက်ကြီးမားတယ်ဆိုတာကို မှန်းဆနိုင်ပါတယ်။ ပြီးခဲ့တဲ့တနှစ်က၊ စီးပွားရေးဖွံ့ဖြိုးမှုကောင်စီအဖွဲ့ဝင်အဖြစ် ပါကစ္စတန်ဘွား အမေရိကန်စီးပွားရေးပညာရှင် Atif Mian ကို ခန့်အပ်ပြီးမှ၊ စစ်တပ်နဲ့ သဘောထားတင်းမာသူများရဲ့ ကန့်ကွက်မှုကြောင့်၊ သူ့ရဲ့ခန့်အပ်လွှာကို ပြန်ရုပ်သိမ်းခဲ့တာ၊ မှတ်မိကြပါလိမ့်မယ်။ အဲဒီနောက်တော့ ပါကစ္စတန်စစ်တပ်ရဲ့ဩဇာဟာ၊ နောက်မဆုတ်တမ်းတက်လာခဲ့ပါတယ်။ ပါကစ္စတန်အစိုးရယန္တရားကို အဝေးထိန်းခလုတ်နဲ့ လည်ပတ်နေသူဟာ စစ်တပ်ဖြစ်ပြီး Imran Khan က အဲဒီအစိုးရရဲ့ အရပ်သားမျက်နှာဖုံးသာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ Pakistan-Tehreek-e-Insaaf ပါတီဟာ တိုင်းပြည်မှာ အခိုင်အမှာ အမြစ်မတွယ်နိုင်သေးတာကြောင့် Imran Khan ဟာလဲ အတိုက်အခံပါတီတွေနဲ့ ရင်ဆိုင်ရာမှာ စစ်တပ်ရဲ့ထောက်ခံမှုကို လိုအပ်နေပါတယ်။

အခုပါကစ္စတန်မှာ မီဒီယာအပေါ်ထိန်းကွပ်မှုပြင်းထန်းလာပုံကို ပြေရမယ်ဆိုရင် ဇူလိုင် ၂၅ ရက်နေ့ Imran Khan အစိုးရ တနှစ်ပြည့်တဲ့အထိမ်းအမှတ် တရားဝင်အခမ်းအနားများကို ရုပ်မြင်သံကြား Channel တွေက အကျယ်တဝင့် ထုတ်လွှင့်နေကြရပါတယ်။ ဒါပေမဲ့ အတိုက်အခံပါတီတွေပြုလုပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့တော့ ထုတ်လွှင့်ခွင့် မပြုခဲ့ပါဘူး။ သတင်းမီဒီယာသမားတွေအပေါ် ခြိမ်းခြောက်မှုတွေတိုးပွား သိသာလာနေပါတယ်။ သတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေက ဒီအချက်ကို သက်သေပြနေပါတယ်။ သူအတိုက်အခံခေါင်းဆောင်ဘဝတုံးက၊ အဲဒီမီဒီယာတွေဘဲ ကာလရှည်လျားစွာ သူရဲ့လှုပ်ရှားမှုများအပေါ် အပြည့်အဝ ဖေါ်ပြပေးခဲ့ကြလို့ သူရွေးကောက်ပွဲအနိုင်ရဘို့ အထောက်အကူပြုခဲ့ကြတာကို Mr Khan အခု မေ့သွားပါပြီ။ မီဒီယာဆန့်ကျင်နှိမ်နှင်းရေး အစီအစဉ်ရဲ့ အင်္ဂါရပ်တခုအနေနဲ့ မီဒီယာခုံရုံးဆိုတာကို ဖွင့်မယ်လို့လဲ သတင်းထွက်နေပါတယ်။

ဒီအခြေအနေတွေကို ထောက်ရှုရင်၊ တရားသဖြင့် အုပ်ချုပ်ရေးဝါဒကို အခြေခံသောပါကစ္စတန်နိုင်ငံတော်သစ်ကို တည်ဆောက်ပါ့မယ်ဆိုတဲ့ Imran Khan ရဲ့ ကတိဟာ ပျက်ပြယ်နေတဲ့ပုံ ပေါ်နေပါတယ်။ ရှေ့လာမဲ့ ရက်များအတွင်း ပါကစ္စတန်မှာ အစိုးရနဲ့ အတိုက်အခံပါတီများအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးပွားလာနိုင်ကြောင်း၊ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် Ashok Handoo ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”