“ပါကစ္စတန်နိုင်ငံရဲ့ တုန်လှုပ်ခြောက်ခြားသော တုံ့ပြန်မှု”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်နိုင်ငံရေးရာ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံရဲ့ တုန်လှုပ်ခြောက်ခြားသော တုံ့ပြန်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပုဒ်မ (၃၇၀) ကို ဖျက်သိမ်းလိုက်ခြင်းဟာ ပါကစ္စတန်နိုင်ငံအား အမျက်ဒေါသထွက်စေခဲ့ပါတယ်။ ဒီနိုင်ငံဟာ ဘယ်သောအခါကမျှ New Delhi အစိုးရရဲ့ အရေးယူဆောင်ရွက်မှုတွေကို ဒီလောက်ခက်ထန်စွာ မတုန့်ပြန်ခဲ့ဘူးဘဲ၊ အတိုင်းထက်အလွန် မခံမရပ်ဖြစ်နေပါတယ်။ ပုဒ်မ (၃၇၀) ကို ဖျက်သိမ်းခြင်းနဲ့ Jammu နဲ့ Kashmir နဲ့ Ladakh ပြည်ထောင်စုနယ်မြေအဖြစ် ခွဲခြမ်းတည်ထောင်လိုက်ခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းအရေးကိစ္စဖြစ်တယ်ဆိုဒါ သေချာလှပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုက Islamabad အစိုးရကို လုံးဝ အံ့အားသင့်စေခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ဒီလှုပ်ရှားမှုနဲ့အတူ Kashmir ပြည်နယ်တခုလုံးရဲ့အခြေအနေအား ပြောင်းလဲနိုင်ဒါကို သိရှိနားလည်ပါတယ်။ ဒါကြောင့် Mr Imran Khan ရဲ့အစိုးရက မကြုံဘူးတဲ့ လိုဒါထက်ပိုပြီး အရေးယူဆောင်ရွက်နေဒါကို တွေ့ရှိရပါတယ်။
ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးအဆင့်ကို နိမ့်ချလိုက်ပြီး၊ New Delhi မှ ပါကစ္စတန်မဟာမင်းကြီးကို ပြန်ခေါ်ယူလိုက်သလို၊ ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယမဟာမင်းကြီးကိုလည်း နိုင်ငံမှ ထွက်ခွာသွားစေလိုက်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ ပါကစ္စတန်နိုင်ငံဟာ ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီထံ Jammu နဲ့ Kashmir အရေးကိစ္စကို တင်သွင်းမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဒါပေမဲ့ဘယ်သူကမျှ ပါကစ္စတန်နိုင်ငံရဲ့ အရေးယူမှုကို အလေးအနက်မတွေးကြဒါမို့ ပါကစ္စတန်နိုင်ငံအတွက် အထောက်အကူရစေမယ် မဟုတ်ပါဘူး။
Kashmir ပြည်နယ်ဟာ အစဉ်အမြဲဆိုသလို ပါကစ္စတန်နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးမှာ ပါဝင်လေ့ရှိပါတယ်။ ဝန်ကြီးချုပ် Mr Imran Khan ရဲ့ အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီးစဉ်နဲ့ သမ္မတ Mr Trump ရဲ့ Kashmir အရေးကိစ္စမှာ ကြားဝင်စေ့စပ်ပေးဘို့ ကမ်းလှမ်းချက်ဟာ ဒီပြဿနာကို တခါပြန် စားပွဲဝိုင်းသို့ ယူဆောင်လာဘို့ အောင်မြင်မှုရရှိခဲ့ဟန်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရရဲ့ Kashmir ပြည်နယ်အတွက် အခွင့်အရေးကို ဖျက်သိမ်းရေးနဲ့ ပြည်နယ်အား ခွဲခြမ်းဘို့ဆုံးဖြတ်ချက်က ပါကစ္စတန်နိုင်ငံမှာ နိုင်ငံရေးအခြေအနေကို ပြောင်းလဲသွားစေခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်းက အီလက်ထရွန်နစ်၊ အင်္ဂလိပ်ဘာသာနဲ့ လူမှုဆက်ဆံရေးကွန်ယက်တို့ဟာ ဘုံစိုးရိမ်မှုတခုကို သတင်းလွင့်နေကြပြီး၊ Kashmir ပြည်နယ်အတွင်း ဒေသပိုင်းဆိုင်ရာပြောင်းလဲမှုက Kashmir အရေးကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံရဲ့ လက်ခံယူဆချက်တွေအား တသက်လုံးအတွက် အကြီးအကျယ် ပြောင်းလဲသွားစေလိမ့်မယ်လို့ ဖေါ်ပြကြပါတယ်။ Kashmir အရေးကိစ္စဟာ ပါကစ္စတန်အတွက် အစ္စလာမစ်နိုင်ငံတွေထံမှ Jihad ဆိုတဲ့ နာမည်နဲ့ အနောက်နိုင်ငံတွေထံမှ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက်ဆိုပြီး ရံပုံငွေကောက်ခံရာ အကြောင်းအချက်တခုဖြစ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ Kashmir ပြည်နယ်ကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်လိုက်ခြင်းဟာ ပါကစ္စတန်နိုင်ငံနဲ့ ၎င်းရဲ့ဘာသာရေးအဖွဲ့အစည်းတွေအတွက် ရံပုံငွေကောက်ခံယူဘို့ လုံးဝတံခါးပိတ်လိုက်ဒါဘဲဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံက ခွဲခြမ်းစိတ်ဖြာလေ့လာသူတွေက New Delhi အစိုးရရဲ့ Kashmir ပြည်နယ်အပေါ် သမ္မတအုပ်ချုပ်ရေးနဲ့ ဒီပြည်နယ်က အိန္ဒိယနိုင်ငံနဲ့ အုပ်ချုပ်ရေးအဆင့်မှာ အပြည့်အဝပေါင်းစည်းသွားခြင်းက ပါကစ္စတန်နိုင်ငံအတွင်း Kashmir ပြည်နယ်နဲ့ပတ်သက်တဲ့ နိုင်ငံရေးတရားမျှတမှုတွေဟာ လုံးဝကျဆင်းပျောက်ကွယ်သွားလိမ့်မယ်လို့ ရှုမြင်ကြပါတယ်။ အမှန်တကယ်တော့ တချို့ခွဲခြမ်းလေ့လာသူတွေက လွန်ခဲ့တဲ့ဆယ်စုနှစ်များမှာ Kashmir လူမျိုးတွေရဲ့ ရုန်းကန်မှုတွေကို ထောက်ပံ့မှုတွေ ထူးကဲစွာ လျော့နည်းလာခဲ့ပြီး၊ အဲဒီလိုဖြစ်ရဒါက ပါကစ္စတန်အစိုးရအဆက်ဆက်က Kashmir ပြဿနာကို နိုင်ငံတကာဇာတ်ခုံမှာ မကြခဏတင်ပြဘို့ ပျက်ကွက်ခဲ့ဒါကြောင့်ဖြစ်တယ်လို့ အပြစ်တင်ကြပါတယ်။ ယခုလိုနိုင်ငံရေးအရှုပ်တော်ပုံနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းမှ ဘယ်သူကမျှ ပါကစ္စတန်နိုင်ငံနဲ့အတူ ရပ်တည်လိမ့်မယ်မဟုတ်ပါဘူး။ ဝန်ကြီးချုပ် Mr Imran Khan ဟာ OIC အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတွေကို ချဉ်းကပ်ခဲ့ပြီး တူရကီနဲ့ မလေးရှားနိုင်ငံခေါင်းဆောင်တွေကိုလည်း ဆက်သွယ်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံအနေနဲ့ Kashmir ပြည်နယ် (PoK) ကို တရားမဝင်သိမ်းပိုက်ထားပြီး၊ Gilgit-Baltistan ကိုလည်း သိမ်းပိုက်ထားတဲ့ ပိုမိုဆိုးဝါးတဲ့ အတိတ်ကအပြုအမူကို ပြန်လည်သတိရသင့်ပါတယ်။ မှတ်သားရမဲ့အချက်တချက်ကတော့ Gilgit-Baltistan ကို တမင်သက်သက် ပါကစ္စတန်တို့ သိမ်းပိုက်ထားတဲ့ Kashmir ပြည်နယ်မှ ခွဲခြမ်းထားပြီး၊ ယခုအချိန်အထိ ဘယ်လိုအခြေခံဥပဒေဆိုင်ရာနဲ့ ဒီမိုကရက်တစ်ရပိုင်ခွင့်ကိုမျှ မပေးကမ်းဘဲရှိနေဒါဘဲဖြစ်ပါတယ်။ ဒီမြောက်ပိုင်းအရပ်ဒေသတွေရဲ့ ပုံမှန်အရေးကိစ္စတွေကို Islamabad ကထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဒီကနေ့ ပါကစ္စတန်နိုင်ငံဟာ Kashmir နဲ့ Ladakh အရပ်က ပြည်သူတွေရဲ့ရပိုင်ခွင့်နဲ့ပတ်သက်ပြီး ပြောဆိုတဲ့အခါ GB နဲ့ PoK တို့ကိုလည်း ပြန်လှည့်ကြည့်ပြီး၊ အဲဒီကပြည်သူတွေရဲ့ ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ပြောဆိုပါ့မလား စသည်ဖြင့် ဆောင်းပါးရှင်း Dr. Zainab Akhter ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”