ယခုသီတင်းပတ်အတွင်း ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “ယခုသီတင်းပတ်အတွင်း ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဒီအပတ်အတွင်း အစိုးရသည် ပါလီမန်၌ ဥပဒေမူကြမ်း အများအပြားတို့အား အတည်ပြုခဲ့ပါတယ်။ ကုမ္ပဏီများ ပြင်ဆင်ချက် ဥပဒေကြမ်းကို ပါလီမန် အထက်လွှတ်တော်က လက်ခံအတည်ပြုခြင်းဖြင့် ဘတ်ဂျက်ဆိုင်ရာ အစည်းအဝေးကာလ မစမီထားရှိသော စည်းမျဉ်းများကိုအစားထိုးခဲ့ရာ NDA အစိုးရအတွက် အဓိက အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့သော ပါလီမန် အောက်လွှတ်တော်ကာလအတွင်း ဥပဒေကြမ်း ၁၀ ခုတို့ကို NDA အစိုးရက ရှင်းလင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ၎င်းတို့မှာ Triple Talaq ဥပဒေကြမ်း၊ အမျိုးသား ဆေးဖက်ဆိုင်ရာ ကော်မရှင်ဖွဲ့စည်းရေး၊ Jammu နှင့် Kashmir ပြည်နယ် (ပြင်ဆင်ချက်) ဥပဒေကြမ်းတို့ ပါဝင်ခဲ့ပါတယ်။

Triple Talaq ခေါ် မူဆလင် အမျိုးသမီး အိမ်ထောင်ရေးဆိုင်ရာ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းအပေါ် ဆွေးနွေးငြင်းခုန်မှ အဆုံးသတ်ခဲ့ပြီးနောက် ချက်ချင်း ကုမ္ပဏီများ ပြင်ဆင်ရေး ဥပဒေကြမ်းအပေါ် ဆွေးနွေးမှု စတင်ခဲ့ပါတယ်။ ဒီမူကြမ်းရဲ့ အဓိက ပြောင်းလဲမှုမှာ CSR ခေါ် လူမှုဆိုင်ရာ ပူးပေါင်းတာဝန်ယူရေးနှင့်သက်ဆိုင်ပြီး ကုမ္ပဏီများ မိမိတို့ မသုံးသောငွေကို အထူး ဘဏ်စာရင်းတစ်ခုထဲ ထားရှိလိုက်ကြရမယ်ဖြစ်ပါတယ်။ ဒီအပတ်ရဲ့ အဓိက မီးမောင်းထိုးချက်မှာ အထက်လွှတ်တော်က မူဆလင်အမျိုးသမီးများ အိမ်ထောင်ရေးအပေါ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို အတည်ပြုခြင်း ဖြစ်ပါတယ်။ နိုင်ငံတော် တရားရုံးချုပ်က ရာစုနှစ်ပေါင်းများစွာ သုံးစွဲလာခဲ့သော Triple Talaq အလေ့အကျင့် ဖျက်သိမ်းဖို့ ပြောဆိုမှု ၂ နှစ်နောက်ပိုင်း ယခုလို အစိုးရက ဒီအဓိကမူကြမ်းကို ဥပဒေပြုနိုင်ခဲ့ပါတယ်။ ၎င်းအပေါ် အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ၅ ရက်အကြာတွင် အထက်လွှတ်တော်ရဲ့လက်ခံမှုနောက်ပိုင်း ပါလီမန်က ၎င်းအပေါ် တံဆိပ်ခေါင်း တပ်ခဲ့ပါတယ်။ 

အထက်လွှတ်တော်၌ NDA အစိုးရရဲ့ အဖွဲ့ဝင်အရေအတွက် လျော့နည်းမှုလက်အောက် ဒီမူကြမ်းအပေါ် အောင်မြင်မှုရခဲ့ရာ အလယ်ခေတ် အလေ့အကျင့်ဆိုးဟာ နောက်ဆုံးတွင် သမိုင်း၏ အမှိုက်ပုံးထဲရောက်ခဲ့တယ်လို့ Mr. Narendra Modi က Twitter မှတဆင့် ဖော်ပြခဲ့ပါတယ်။ ပါလီမန်က Triple Talaq အမူအကျင့်ဆိုးကို အဆုံးသတ်စေပြီး မူဆလင်အမျိုးသမီးများ ခံစားခဲ့ရသော သမိုင်းမှားများကို အဆုံးသတ်စေခဲ့ပါတယ်။ ဤသည်မှာ လိင်ကွဲပြားမှု တရားမျှတရေးအပေါ် အောင်ပွဲတစ်ခုဖြစ်ပြီး လူ့အဖွဲ့အစည်း တန်းတူရေးကို ရှေ့ဆက်လာလိမ့်မယ်ဖြစ်ကာ အိန္ဒိယနိုင်ငံ ဝမ်းမြောက်ခဲ့သည်ဟု ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီအတွက် အလွန်အရေးကြီးသောနှစ်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Mr. Amit Shah က ပြောဆိုခဲ့ပါတယ်။ “Talaq” သုံးကြိမ်ပြောချင်းဖြင့် ချက်ခြင်း အိမ်ထောင်ရေး ကွာရှင်းနိုင်သော အလေ့အကျင့်ကို ကျင့်သုံးခဲ့လျှင် ၃ နှစ်ကြာ ထောင်ဒဏ် အပစ်ပေးကြလိမ့်မယ်ဖြစ်ပါတယ်။ သမ္မတကလည်း အဆိုပါမူကြမ်းကို လက်ခံခဲ့ပြီး ဥပဒေ ဖြစ်စေခဲ့ပါတယ်။

ဒေဝါလီခံခြင်း စည်းမျဉ်းဥပဒေမူကြမ်း၊ ၂၀၁၉ ခုနှစ်၊ ဆေးဖက်ဆိုင်ရာ ကော်မရှင်မူကြမ်း၊ ၂၀၁၉ ခုနှစ်ဆိုင်ရာ အထိမ်းအကွပ်မဲ့ ငွေကြေးအပ်နှံမှု အစီအစဉ် မူကြမ်း၊ ကုမပ္ပဏီများ ပြုပြင်ပြောင်းလဲမှု မူကြမ်း၊ မော်တော်ယာဉ် ပြုပြင်ရေးဆိုင်ရာ မူကြမ်းများကို အထက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ လုပ်အားခ စည်းမျဉ်းဆိုင်ရာ မူကြမ်း၊ မြစ်ရေ ပဋိပက္ခမူကြမ်းနှင့် စားသုံးသူ ကာကွယ်ရေးမူကြမ်းများကိုလည်း အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

လက်ရှိဘတ်ဂျက်တွင် အခွန်ကောက်ခံမှုနှင့်ပတ်သက်တဲ့ ပြင်ဆင်ချက်လုပ်ငန်း လွယ်ကူခြင်းကို ခွင့်ပြုမှုနှင့် အိန္ဒိယနိုင်ငံတွင် ပြုလုပ်ရေး စီမံကိန်းကို အားပေးခြင်းဆိုင်ရာ အစီအစဉ်အကြောင်း ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman ပြောဆိုရင်း NBFC ခေါ် ဘဏ်မဟုတ်သော ဘဏ္ဍာရေး ကုမ္ပဏီများ၏ စည်းမျဉ်းစည်းကမ်းများကို ဗဟိုဘဏ် RBI က ဩဇာလွှမ်းမိုးနိုင်ရန် အစိုးရက ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

IBC ခေါ် ဘဏ်နှင့် လုပ်ငန်း ဒေဝါလီခံမှုဆိုင်ရာ စည်းမျဉ်းမူကြမ်းကို အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး ရက်ပေါင်း ၃၃၀ အတွင်း IBC သို့တင်သွင်းသော အမှုများကို ဖြေရှင်းရလိမ့်မယ် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဆိုင်ရာ အထိန်းအကွပ်မဲ့ ငွေကြေးအပ်နှံမှု အစီအစဉ်မူကြမ်းကို အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး စည်းကမ်းမဲ့ ငွေကြေးအပ်နှံမှု အစီအစဉ်ကို တားမြစ်ရန် ရည်ရွယ်ခဲ့ပါတယ်။

ဒီအပတ်အတွင်း ၂၀၁၉ ခုနှစ်၊ အမျိုးသား ဆေးဖက်ဆိုင်ရာ ပြင်ဆင်ချက်မူကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ၁၉၅၆ ခုနှစ်၊ အိန္ဒိယ ဆေးဖက်ဆိုင်ရာ ကောင်စီ အက်ဥပဒေကို ပြင်ဆင်ခဲ့ရာ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သော ကျောင်းသူကျောင်းသားများနှင့် ကောလိပ်များ ပိုမိုထားရှိစေရန် ရည်ရွယ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး Dr. Harsh Vardhan က ပြောဆိုခဲ့ပါတယ်။



CCPA ခေါ် ဗဟိုစားသုံးသူ ကာကွယ်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းစေရန် စားသုံးသူ အခွင့်အရေးကာကွယ်စောင့်ရှောက်မှု မူကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ၎င်းက ၁၉၈၆ ခုနှစ်၊ စားသုံးသူ ကာကွယ်ရေး ဥပဒေကို အစားထိုးလိမ့်မယ်ဖြစ်ပါတယ်။ အလုပ်သမား ပြုပြင်ပြောင်းလဲမှုအတွက် လုပ်အားခ မူကြမ်းကိုလည်း အောက်လွှတ်တော်က အတည်ပြုခဲ့ကြောင်း… စသဖြင့် ဆောင်းပါးရှင် Yogesh Sood ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments