“ဂျပန်-တောင်ကိုးရီးယား ကုန်သွယ်ရေးတင်းမာမှုများ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့နှင့် အရှေ့တောင်အာရှဆိုင်ရာ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဂျပန်-တောင်ကိုးရီးယား ကုန်သွယ်ရေးတင်းမာမှုများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အရှေ့အာရှဒေသပိုင်းက အဓိကစီးပွားရေးနိုင်ငံတွေဖြစ်ကြတဲ့ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့ဟာ ကုန်သွယ်ရေးတင်းမာမှုများမှာ တိုက်ပွဲတခုထဲ ကျရောက်နေကြပါတယ်။ ဂျပန်နိုင်ငံဟာ တောင်ကိုးရီးယားနိုင်ငံအပေါ် Hydrogen Fluoride ဓာတ်ငွေ့၊ Fluorinated Polyimide နဲ့ အဆင့်မြင့် စက်မှုလုပ်ငန်းတွေမှာအသုံးပြုလေ့ရှိတဲ့ Photo-resists အပါအဝင် ဓါတုဗေဒပစ္စည်း (၃) မျိုးတို့အပေါ် တင်ပို့ရောင်းချမှု ထိန်းသိမ်းရေးကို တင်းကြပ်စေလိုက်ခြင်းနဲ့ ကန့်သတ်ချုပ်ချယ်ထားတဲ့ကုန်သွယ်ရေးနည်းလမ်းတွေ ချမှတ်လိုက်ပါတယ်။ ဒီလိုပြုလုပ်ရဒါက နိုင်ငံတော်ရဲ့ လုံခြုံရေးအတွက်ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။

ဂျပန်နိုင်ငံဟာ စစ်ဖက်ဆိုင်ရာမှာလည်း အသုံးပြုနိုင်တဲ့ အဆိုပါဓါတုဗေဒပစ္စည်းတွေရဲ့နောက်ဆုံး အသုံးပြုတဲ့အဆင့်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကို ထောက်ပြပြောဆိုခဲ့ပါတယ်။ Tokyo အစိုးရဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒါဏ်ခတ်ပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ခြင်းနဲ့ ထိပါးလွယ်တဲ့ ပစ္စည်းတွေနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာတင်ပို့ရောင်းချမှု ထိန်းချုပ်ရေးအဖွဲ့အစည်းရဲ့ စည်းမျဉ်းနဲ့ကိုက်ညီစွာ ပြုမူခြင်းရှိမရှိနဲ့ပတ်သက်ပြီး စိုးရိမ်ကင်းဖြစ်ရကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံဟာ တောင်ကိုးရီးယားနိုင်ငံကို ၎င်းရဲ့ ဦးစားပေးယုံကြည်စိတ်ချရသော ကုန်သွယ်ရေး ဖက်စပ်လုပ်ကိုင်သူများပါဝင်တဲ့ White List ခေါ် အဖြူရောင်စာရင်းမှ ထုတ်ပယ်လိုက်ပြီး၊ အရေးပါတဲ့ ပစ္စည်းအမျိုးပေါင်း ၁၁၀၀ တို့အပေါ် တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ အကယ်၍သာ ကန့်သတ်ချုပ်ချယ်တဲ့ ကုန်သွယ်ရေးစည်းမျဉ်းတွေ ဆက်လက်မြင့်မားလာမယ်ဆိုရင်၊ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ဖြူးရေးကွင်းဆက်ကို အကျိုးဆုတ်ယုတ်စေနိုင်ပါတယ်။

ထိပ်တန်းတောင်ကိုးရီးယားကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံကို Chips တွေနဲ့ Cutting Edge Screens တွေ ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓါတုဗေဒပစ္စည်းတွေ သော့ချက်ကျဖြန့်ဖြူးသူအဖြစ် မှီခိုအားထားနေကြပါတယ်။ ဒါပေမဲ့ လက်ရှိကန့်သတ်ချက်တွေအောက်မှာ ဂျပန် နိုင်ငံခြားတင်ပို့ရောင်းချသူတွေအနေနဲ့ တောင်ကိုးရီးယားနိုင်ငံကို တင်ပို့ခြင်းမပြုမှီ ကြိုတင်ခွင့်ပြုချက် တောင်းဆိုရမယ်ဖြစ်ပြီး၊ ဒီခွင့်ပြုချက်ရဘို့ရာ ရက်ပေါင်း (၉၀) မျှ ကြာနိုင်ပါတယ်။ တောင်ကိုးရီးယားကုမ္ပဏီတွေဟာ ကုန်ထုတ်လုပ်မှုတည်မြဲရေးအတွက် ဓါတုဗေဒပစ္စည်းတွေ သိုလှောင်ထားရှိလေ့ရှိကြပါတယ်။

အကယ်၍ကာ လက်ရှိကုန်သွယ်ရေးတင်းမာမှုတွေဆက်လက်တည်ရှိနေမယ်ဆိုရင် Smart Phone၊ ကွန်ပြူတာနဲ့ တခြားအီလက်ထရွန်နစ်ပစ္စည်းကိရိယာတွေ ထုတ်လုပ်ရေးအပေါ် အကျိုးဆုတ်ယုတ်မှုတွေ ပေါ်ပေါက်နိုင်ပါတယ်။ ဒီအတောအတွင်း တောင်ကိုးရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံကို Fast Track Trade ခေါ် အမြန်လမ်းကြောင်းကုန်သွယ်ရေးအဆင့် White List မှ ပယ်ရှားလိုက်ပြီး Tokyo အစိုးရကို နိုင်ငံတကာပေါ်လစီမူဝါဒအရ နိုင်ငံခြားတင်ပို့ရောင်းချမှု ထိန်းချုပ်ရေးစနစ်တွေ အသုံးမပြုသေးတဲ့ နိုင်ငံတွေစာရင်းသစ်မှာ ထည့်သွင်းထားရှိလိမ့်မယ်ဖြစ်ပါတယ်။ ဒါ့အပြင် Seoul အစိုးရဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ရဲ့ အထွေထွေကောင်စီမှာ နိုင်ငံတကာရဲ့ ထောက်ခံမှုရရှိလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီအရေးကိစ္စကို တင်သွင်းဘို့ ကြိုးစားခဲ့ပါတယ်။

တောင်ကိုးရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံက ၎င်းရဲ့စီးပွားရေးကို အလေးမပေးဘဲရှိနေပါတယ်။ ဘာကြောင့်လည်းဆိုရရင် Tokyo အစိုးရဟာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွေမှာ ပိုမိုကြီးမားတဲ့ အရေးကိစ္စတွေကို အာရုံပြုနိုင်စွမ်းမရှိဒါကြောင့်ဘဲဖြစ်ပါတယ်လို့ ဖေါ်ပြလိုက်ပါတယ်။ ဒီကန့်သတ်တဲ့ကုန်သွယ်ရေးစည်းမျဉ်းတွေဟာ နိုင်ငံရေးအရ နိုးကြားလာခဲ့ဒါဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်စောစောပိုင်းမှာ တောင်ကိုးရီးယားနိုင်ငံ တရားရုံးတော်ချုပ်က ဂျပန်နိုင်ငံရဲ့ Mitsubishi အကြီးစားစက်မှုလုပ်ငန်းများရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို သိမ်းယူပြီးတဲ့နောက် ကိုလိုနီခေတ်ကာလအတွင်း အတင်းအဓမ္မလုပ်ကိုင်စေခဲ့ကြသူတွေအတွက် နစ်နာကြေးတွေ ပေးကမ်းဘို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် Nippon Steel Corp. နဲ့ Nachi-Fujikoshi Corp အပါအဝင် တခြားဂျပန်ကုမ္ပဏီတွေရဲ့ ဥစ္စာပစ္စည်းတွေကိုသိမ်းယူပြီး၊ တရားရုံးတော်ချုပ်ရဲ့ အမိန့်အတိုင်း အတင်းအဓမ္မ အကျပ်ကိုင်လုပ်ကိုင်စေခဲ့တဲ့ လုပ်သားတွေအတွက် နစ်နာကြေးတွေ ပေးကမ်းဘို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအတောအတွင်း ဂျပန်အစိုးရဟာ အဆိုပါတောင်းဆိုချက်အားလုံးကို ၁၉၆၅ ခုနှစ်စာချုပ်အရ ဖြေရှင်းပြီးဖြစ်ကာ၊ နှစ်နိုင်ငံအကြား ဆက်ဆံမှုတွေကို ပုံမှန်ဖြစ်စေခဲ့တယ်လို့ ဆက်လက်ဖေါ်ပြလျှက်ရှိနေပါတယ်။

လက်ရှိကုန်သွယ်ရေးအဟန့်အတားတွေဟာ စီးပွားရေးနယ်ပယ်ထက်ကျော်လွန်ပြီး အရှေ့အာရှမှ အမေရိကန်ပြည်ထောင်စုရဲ့မဟာမိတ်နှစ်နိုင်ငံတို့အကြား လုံခြုံရေးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာလည်း အကျိုးဆုတ်ယုတ်မှုတွေ ပေါ်ပေါက်စေပါတယ်။ တောင်ကိုးရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံနဲ့ အထွေထွေစစ်ဖက်ဆိုင်ရာ သတင်းလုံခြုံရေး သဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီလိုပြုလုပ်ရဒါက Seoul အစိုးရဟာ ဂျပန်နိုင်ငံက တောင်ကိုးရီးယားနိုင်ငံရဲ့ ထိပါးလွယ်တဲ့ ပစ္စည်းများထိန်းသိမ်းရေးအပေါ် သံသယရှိနေဒါကြောင့် ထောက်လှမ်းရေးသတင်းတွေကို ဖလှယ်ဘို့ရာ အခက်အခဲတွေရှိနေဒါကြောင့်ဘဲဖြစ်ပါတယ်။

နှစ်ဖက်စလုံးတို့အနေနဲ့ ပေါ်ပေါက်နေတဲ့ပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းလိုတဲ့စိတ်ဆန္ဒတွေ ဖေါ်ပြဘို့ လိုအပ်ပြီး၊ ပိုမိုကြီးမားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲတွေက တင်ပို့ရောင်းချမှုအပေါ် မှီခိုထားတဲ့ စီးပွားရေးတွေကို ထိခိုက်နစ်နာနေချိန်မှာ လက်ရှိဂျပန်-တောင်ကိုးရီးယားကုန်သွယ်ရေးတင်းမာမှုတွေက နောက်ထပ်အားဖြည့်ပေးဒါမို့ မဖြစ်စေအောင် အာရုံပြုဘို့ လိုအပ်ပါတယ်။



ဂျပန်နဲ့ တောင်ကိုးရီးယားနှစ်နိုင်ငံစလုံးတို့ဟာ အိန္ဒိယနိုင်ငံရဲ့ အရေးပါလှတဲ့ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်ရာနိုင်ငံတွေဖြစ်ကြပြီး အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေး စီမံကိန်းမှာ သော့ချက်ကျပါဝင်သူတွေဖြစ်ကြပါတယ်။ ကုန်သွယ်ရေးတင်းမာမှုတွေ အားနည်းသွားအောင်ပြုလုပ်ခြင်းက လွတ်လပ်တဲ့ကုန်သွယ်ရေးနဲ့ အတားအဆီးမရှိတဲ့ ဈေးကွက်တွေ ပေါ်ပေါက်ဘို့ ကြိုးပမ်းရာမှာ အရေးပါလှပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”