အိန္ဒိယ-ပြင်သစ်ဆက်ဆံရေး တွန်းအားရရှိသွားခြင်း

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက် အခန်းမှာ အိန္ဒိယ-ပြင်သစ်ဆက်ဆံရေး တွန်းအားရရှိသွားခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျဝါဟလာနေရူးတက္ကသိုလ်၊ ဥရောပရေးရာလေ့လာရေး ဗဟိုဌာန၊ Jean Monnet ဌာနမှ ပါမောက္ခ Ummu Salma Bava ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။

သောတရှင်များခင်ဗျား အိန္ဒိယဝန်ကြီးချုပ် ဒီအပတ်အတွင်း ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့တဲ့ခရီးစဉ်က၊ နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးကို၎င်း သက်တမ်းနှစ်ပေါင်း ၂၀ ရင့်ငြောင်းခဲ့ပြီဖြစ်တဲ့ ၁၉၉၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော အိန္ဒိယ-ပြင်သစ် မဟာဗျူဟာမြောက် ဆက်ဆံရေးကို၎င်း ပိုပြီးခိုင်မာစေခဲ့ပါတယ်။ Jammu နှင့် Kashmir ပြည်နယ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်တိုးတက်လာခဲ့တာနဲ့ ပတ်သက်လို့ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတခုဖြစ်ကြောင်း ပြင်သစ်နိုင်ငံက ဖေါ်ပြလိုက်လို့ နယူးဒေလီအတွက် အရေးကြီးသော အားတက်စရာတခု ရရှိလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးညှိနှိုင်းမှုမှာ ပြင်သစ်နိုင်ငံက အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ခံလိုက်ပါတယ်။ အိန္ဒိယ-ပြင်သစ်ဆက်ဆံရေးကို လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်နဲ့ ညီရင်းအကိုစိတ်ဓါတ်ဆိုတဲ့ ခိုင်မာသော အခြေခံအုတ်မြစ်တွေအပေါ် တည်ဆောက်ထားတာဖြစ်ကြောင်း ဝန်ကြီးချုပ် Modi ကထောက်ပြပါတယ်။ ဒီနှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း ဆယ်စုနှစ်ပေါင်းများစွာ အခိုင်အမာတည်ရှိလာခဲ့ပါတယ်။ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ရှေ့ဆက်တည်ဆောက်သွားဖို့အတွက် လမ်းပြမြေပုံတခုကိုလည်း နှစ်နိုင်ငံစလုံး အတည်ပြုလိုက်ပါတယ်။ ဒီမဟာဗျူဟာမြောက် ဆက်ဆံရေးက ပူးပေါင်းဆောင်ရွက်ဖို့ ဖေါ်ထုတ်လိုက်တဲ့ ကဏ္ဍတွေကတော့၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး မြို့ပြလေကြောင်းပို့ဆောင်ရေး၊ IT နဲ့ အာကာသ စူးစမ်းလေ့လာရေးတို့ဖြစ်ကြပါတယ်။ အိန္ဒိယ-ပြင်သစ် ပူးပေါင်းဆောင်ရွက်ရေးမှာ ကာကွယ်ရေးကဏ္ဍဟာ မဏ္ဍိုင်တခုဖြစ်ကြောင်း ဝန်ကြီးချုပ် Modi က ပြောကြားပြီး၊ စက်တင်ဘာလမှာ အိန္ဒိယနိုင်ငံသို့ ပြင်သစ်နိုင်ငံထံက ဝယ်ယူထားသော Rafael ဂျက်တိုက်လေယာဉ်များ စတင်ရောက်ရှိလာတော့မှာကို ကြိုဆိုကြောင်း ပြောကြားပါတယ်။

ဝန်ကြီးချုပ် Modi နဲ့ သမ္မတ Macron တို့နှစ်ဦးစလုံးက၊ အကြမ်းဖက်ဝါဒနဲ့ တယူသန်စစ်သွေးကြွဝါဒတို့အပါအဝင်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတို့ကို ရင်ဆိုင်ဖြေရှင်းကြဖို့ နှိုးဆော်လိုက်ကြပြီး၊ လုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒနှိမ်နှင်းရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ချဲ့ထွင်ဖို့ သဘောတူညီကြပါတယ်။ FATF ဆိုတဲ့ အကြမ်းဖက်ဝါဒ ဘဏ္ဍာငွေထောက်ပံ့မှုနှိမ်နှင်းရေး၊ ဘဏ္ဍာရေးဆိုင်ရာ အရေးယူရေးတပ်ဖွဲ့မှာ ပါကစ္စတန်နိုင်ငံကို ဒီအဖွဲ့က ချမှတ်သော စည်းမျဉ်းများ မလိုက်နာလို့ အမဲရောင်စာရင်းသွင်းလိုက်ခြင်းဟာ အိန္ဒိယ-ပြင်သစ် ပူးပေါင်းဆောင်ရွက်ရေးရဲ့ အသီးအပွင့်တခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လမှာ အကြမ်းဖက်ဝါဒ ဘဏ္ဍာငွေထောက်ပံ့မှုတိုက်ဖျက်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၄၆၂ ကို လက်တွေ့အကောင်အထည်ဖေါ်ကြဖို့ နှစ်နိုင်ငံစလုံးက နှိုးဆော်ပါတယ်။ ဒါနဲ့တဆက်တည်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း Melbourne မြို့မှာကျင်းပဖို့ရှိသော နိုင်ငံတကာ အကြမ်းဖက်ဝါဒ ဘဏ္ဍာငွေထောက်ပံ့မှုတိုက်ဖျက်ရေး ကွန်ဖရင့်ကို ခေါင်းဆောင်နှစ်ဦးတို့ ကြိုဆိုကြပါတယ်။

နှစ်နိုင်ငံကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကို ကြည့်မယ်ဆိုရင်၊ မကြာသေးခင်ကဘဲ ဝရုဏလို့အမည်ပေးထားသော ရေတပ်မတော်ချင်း ပူးတွဲလေ့ကျင့်မှုနဲ့ Garuda လို့အမည်ပေးထားသော လေတပ်မတော်ချင်း ပူးတွဲလေ့ကျင့်မှုတို့ကို ပြုလုပ်ခဲ့တာတွေ့နိုင်ပါတယ်။

အင်ဒို-ပစိဖိတ် သမုဒ္ဒရာ တနေ့တခြားပိုပြီး အရေးကြီးလာနေတာကို ထောက်ရှုပြီး၊ အိန္ဒိယနဲ့ ပြင်သစ်နှစ်နိုင်ငံတို့ဟာ၊ လွတ်လပ်စွာရေကြောင်းသွားလာနိုင်ကြရေးကို အာမခံပြီး၊ အဏ္ဏဝါရေကြောင်းနဲ့ Cyber လုံခြုံရေးတို့အတွက်လည်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူဆုံးဖြတ်ကြပါတယ်။ Cyber လုံခြုံရေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးရေးတို့မှာ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံသစ်တခုအပေါ်လည်း သဘောတူညီကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ခေတ်မှီ အဆင့်မြင့်ကွန်ပြူတာဖွံ့ဖြိုးရေးဗဟိုဌာနဲ့ ပြင်သစ်နိုင်ငံရဲ့ Atos အဖွဲ့အကြား ကွမ်တန်တွက်ချက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

Artificial Intelligence လို့ခေါ်တဲ့ ကွန်ပြူတာထိန်း စက်ရုပ်ပညာ၊ “Exascale” အဆင့်လွန် ကွန်ပြူတာပညာကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံမှာရှိတဲ့ ပုံစံသစ်စီးပွားရေးလုပ်ငန်းဝန်းကျင်တွေအကြား ပိုမိုရင်းနှီးစွာ ဆက်စပ်လုပ်ကိုင်နိုင်ကြရေးတို့အပေါ်လည်း အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတို့ရဲက ဒီအဖွဲ့အစည်းနှစ်ခု သဘောတူညီကြပါတယ်။ လောင်စာစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်လို့ ပြောရရင်၊ အိန္ဒိယနိုင်ငံရဲ့ NPCIL အိန္ဒိယအမျိုးသား အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနဲ့ ပြင်သစ်နိုင်ငံရဲ့ EDF ကုမ္ပဏီတို့အကြား ပြုလုပ်နေသော စေ့စပ်ဆွေးနွေးမှုများအပေါ် နှစ်နိုင်ငံခေါင်းဆောင်တို့ သုံးသပ်ကြပါတယ်။ လောင်စာကဏ္ဍဟာ အိန္ဒိယ-ပြင်သစ် ပူးပေါင်းဆောင်ရွက်ရေးမှာ သော့ချက်ကျတဲ့နေရာတခုကို ယူထားပါတယ်။ Maharashtra ပြည်နယ် Jaitapur မြို့နယ်မှာ ဓာတ်ပေါင်းဖို ၆ လုံးရှိတဲ့ အနုမြူလျှပ်စစ်စက်ရုံတခု နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တည်ဆောက်ဖို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။ နိုင်ငံတကာ ဆိုလာမဟာမိတ်အဖွဲ့ တည်ထောင်ရေး အိန္ဒိယနဲ့ ပြင်သစ်နှစ်နိုင်ငံ လက်တွဲပြီး အစပျိုးဆောင်ရွက်နေကြပါတယ်။ အဲဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ လောင်စာစွမ်းအင်နယ်ပယ်မှာ ပြင်သစ်နိုင်ငံရဲ့အခန်းကဏ္ဍ ကြီးထွားလာတာဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာပြဿနာများကို ဖြေရှင်းရေးအတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာအဆင့်မြင့်စေ့စပ်ဆွေးနွေးရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းဖို့ ဝန်ကြီးချုပ် Modi နဲ့ သမ္မတ Emmanuel Macron တို့ သဘောတူညီကြပါတယ်။ အရပ်ဖက်လူမှုအသိုင်းအဝိုင်းကဏ္ဍမှာ၊ အိန္ဒိယနိုင်ငံက၊ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွင်း 'Namaste France‘ အစီအစဉ်ကို နောက်တချီပြုလုပ်ပါလိမ့်အုံးမယ်။ နှစ်နိုင်ငံအကြား၊ ကျောင်းသားကျောင်သူများ အပြန်အလှန်စေလွှတ်ရေးကို တိုးမြှင့်ဖို့ လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က အလေးအနက် ပြောကြားပါတယ်။ အခုပြင်သစ်နိုင်ငံမှ ကျောင်းသားကျောင်းသူများ အိန္ဒိယနိုင်ငံသို့ တိုးပြီးလာရောက်နေကြတာကို Mr Modi က ကြိုဆိုပါတယ်။

အိန္ဒိယကျောင်းသားကျောင်းသူများ ပြင်သစ်နိုင်ငံတက္ကသိုလ်များမှာ ပညာဆည်းပူးပြီးတဲ့နောက် နှစ်အနည်းငယ်လောက် ပြင်သစ်နိုင်ငံမှာဆက်နေပြီး အလုပ်လုပ်ခွင့်ရကြပါတယ်။ အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံအကြား ပြည်ဝင်ခွင့်နှင့် သွားလာနိုင်ရေးအပေါ် ရရှိထားတဲ့ နှစ်နိုင်ငံ လက်တွဲဆောင်ရွက်ရေး သဘောတူညီချက်ရဲ့ ကျေးဇူးကြောင့် အိန္ဒိယကျောင်းသားများ၊ ဒီအခွင့်အရေး ရရှိကြတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ လူစီးနှင်းလိုက်ပါတဲ့ အာကာသယာဉ်တစင်းကို လွှတ်တင်ဘို့ရှိပါတယ်။ အဲဒီအာကာသယာဉ်နဲ့ လိုက်ပါမဲ့ အိန္ဒိယအာကာသယာဉ်မှူးလောင်းများကို ပြင်သစ်နိုင်ငံက ဆေးဝါးဆိုင်ရာ သင်တန်းပို့ချမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Modi ပါရီမြို့တော်မှာ၊ ပြင်သစ်နိုင်ငံရောက် အိန္ဒိယလူမျိုး အသိုက်အဝန်းနဲ့ တွေ့ဆုံကာ အမှာစကားပြေကြားဖို့လည်းရှိပါတယ်။ အဲဒီနောက်၊ ပြင်သစ်နိုင်ငံမှာ Air India လေကြောင်းကုမ္ပဏီ လေယာဉ်နှစ်စင်း ပျက်ကျခဲ့တုံးက သေဆုံးသွားခဲ့ကြသူများကို အထိမ်းအမှတ်ပြုလျှက် ကျောက်တိုင် ၂ ခုကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ဒေသဆိုင်ရာ ပြဿနာများနှင့်ပတ်သက်လို့ ဆွေးနွေးရာတွင် အီရန်အနုမြူသဘောတူညီချက်ကို အပြည့်အဝ လိုက်နာကြရန်နှင့် သဘောထားကွဲလွှဲမှုများကို စေ့စပ်ဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် အိန္ဒိယနှင့် ပြင်သစ်နှစ်နိုင်ငံခေါင်းဆောင်တို့ နှိုးဆော်ကြပါသည်။


သမ္မတ Macron က၊ ဒီသတင်းပတ်အကုန်ပိုင်းမှာကျင်းပမဲ့ G-7 ထိပ်သီးအစည်းအဝေးသို့ Biarritz Partner ဂုဏ်ထူးဆောင်မိတ်ဖက်နိုင်ငံအဖြစ် တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဝန်ကြီးချုပ် Modi ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရာသီဥတုဖေါက်ပြန်မှုနဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုတို့နဲ့ဆက်နွယ်သော အရေးကိစ္စများအပေါ် ပြောကြားမှာဖြစ်ပါတယ်။ G-7 အဖွဲ့ဟာ၊ အိန္ဒိယနိုင်ငံကို အဖွဲ့ဝင်တနိုင်ငံချင်းရဲ့ခေါင်းဆောင်များနဲ့ အကျိုးတူဆွေးနွေးပွဲ ပြုလုပ်ဖို့ စင်မြင့်တခုကိုလည်း ကမ်းလှမ်းပါတယ်။ Mr Modi ရဲ့ ပြင်သစ်နိုင်ငံခရီးစဉ်ဟာ အလွန်အောင်မြင်ပါတယ်။ အိန္ဒိယနဲ့ ပြင်သစ်နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိနေကြကြောင်း ပါခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”