“အိန္ဒိယနှင့် နီပေါနိုင်ငံတို့က အပြန်အလှန်ဆက်ဆံရေးများကို အဆင့်မြင့်သစ်များသို့ သယ်ဆောင်ရန်ရှိခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနှင့် နီပေါနိုင်ငံတို့က အပြန်အလှန်ဆက်ဆံရေးများကို အဆင့်မြင့်သစ်များသို့ သယ်ဆောင်ရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
မကြာသေးမှီက Kathmandu မြို့မှာကျင်းပခဲ့တဲ့ ပဥ္စမအကြိမ်မြောက် အိန္ဒိယ-နီပေါ ပူးတွဲကော်မရှင် အစည်းအဝေးပွဲ အပြန်အလှန်ဆက်ဆံမှုတွေ ပေါင်းစုံတို့ကို ဆက်နွယ်မှု၊ စီးပွားရေးဖက်စပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရေး၊ ကူးပြောင်းမှု၊ ဓာတ်အား၊ ရေအရင်းအမြစ်နဲ့ ယဉ်ကျေးမှုနဲ့ ပညာရေး စတဲ့နယ်ပယ်တွေအပေါ် အထူးအာရုံပြုခဲ့ကြပြီး၊ အသေးစိတ်ပြန်လှယ်သုံးသပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးပွဲကို နှစ်နိုင်ငံစလုံးတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြီးမှူးကျင်းပခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. Subrahmanyam Jaishankar ဟာ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်တွေနဲ့ အပြန်အလှန် အကျိုးပြုမဲ့ အရေးကိစ္စတွေနဲ့ ဒေသပိုင်းဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အကျိုးဖြစ်ထွန်းစေတဲ့ အဆွေးနွေးပွဲတွေပြုလုပ်ပြီးတဲ့နောက် Dhaka မြို့မှ Kathmandu မြို့ကို သွားရောက်ခဲ့ဒါဖြစ်ပါတယ်။
ပူးတွဲကော်မရှင်အစည်းအဝေးပွဲမတိုင်မှီ Dr. Jaishankar ဟာ နီပေါနိုင်ငံဝန်ကြီးချုပ် Mr K.P. Sharma Oli အား သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ယခုနှစ်မေလအတွင်း ဝန်ကြီးချုပ် Mr Narendra Modi အာဏာတခါပြန်ရရှိလာပြီးတဲ့နောက် ပထမဦးဆုံးသော အဆင့်မြင့် အလည်အပတ်ခရီးစဉ်ဖြစ်ပါတယ်။ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ဖေါ်ချက်တခုမှာ အဆိုပါပူးတွဲကော်မရှင်က လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကစပြီး အဆင့်မြင့် အလည်အပတ်ခရီးစဉ်တွေ ဖလှယ်ခဲ့ခြင်းအားဖြင့် နီပေါ-အိန္ဒိယဆက်ဆံရေးရဲ့ ဘက်စုံမျှော်မှန်းချက် အလားအလာတွေရဲ့ အရှိန်အဟုန်ရရှိစေခြင်းအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ဖေါ်ပြထားပါတယ်။
ယင်းပူးတွဲကော်မရှင်ဟာ အိန္ဒိယနိုင်ငံက Motihari-Amlekhgunj ရေနံထွက်ပစ္စည်းပိုက်လိုင်းနဲ့ မြေငလျင်လှုပ်ခဲ့မှုနောက်ပိုင်း Nuwakot နဲ့ Gorkha ခရိုင်တွေမှာ သီးသန့်နေအိမ်တွေ ဆောက်လုပ်ပြီးစီးစေရာမှာ အထောက်အကူပြုခဲ့တဲ့အတွက် ဝမ်းမြောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဝန်ကြီးနှစ်ဦးရှေ့မှောက်မှာ နေအိမ်တည်ဆောက်ရေးပရိုဂျက်တွေအတွက် ကုန်ကျစရိတ်တွေကို ပြန်အမ်းတဲ့အနေနဲ့ ရူပီးငွေ (၂.၄၅) ဘီလီယံကျော် တန်ဘိုးရှိတဲ့ ချက်လက်မှတ်တစောင်ကို ပေးကမ်းခဲ့ပါတယ်။ ဒါ့အပြင်တန်ဘိုးအားဖြင့် ရူပီးငွေ (၈၀.၇၁) ကုဋေရှိတဲ့နောက်ထပ် ချက်လက်မှတ်တစောင်ကို အိန္ဒိယနိုင်ငံရဲ့ ခံယူချက်ဖြစ်တဲ့ နီပေါနိုင်ငံ Terai ဒေသမှာ လမ်းပန်းဆက်သွယ်ရေးအခြေခံလိုအပ်ချက်တွေအား ခိုင်မာစေရေးအတွက် ရူပီးငွေကုဋေပေါင်း (၅၀၀) ပေးကမ်းရေးရဲ့ တစိတ်တပိုင်းအဖြစ် ပေးအပ်ခဲ့ပါတယ်။ Terai ဒေသပိုင်းက Hulaki လမ်းများ အစိတ်အပိုင်း (၄) ခုတို့ဟာ ဖွင့်လှစ်ဘို့ အသင့်ရှိနေပြီးဖြစ်ပါတယ်။
ဝန်ကြီးနှစ်ဦးတို့ရှေ့မှောက်မှာ နီပေါနိုင်ငံ အစားအစာဘေးကင်းရေးနဲ့ စံချိန် ထိန်းသိမ်းရေးဌာနနဲ့ အိန္ဒိယအစားအစာဘေးကင်းရေးနဲ့ စံချိန်မှီရေး အာဏာပိုင်အဖွဲ့တို့အကြား MoU နားလည်မှုစာချွန်လွှာတခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Dr. Jaishankar နဲ့ နီပေါနိုင်ငံခြားရေးဝန်ကြီး Mr Pradeep Gyawali တို့ဟာ Jayanagar-Janakpur နဲ့ Jogbani-Biratnagar ဒေသပိုင်းတို့ရှိ နယ်ခြားဖြတ်ကျော် မီးရထားလမ်းပရိုဂျက်တွေနဲ့ Biratnagar မှာရှိတဲ့ စုပေါင်းကင်းစခန်းတို့ရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး ကျေနပ်မိကြကြောင်း ဖေါ်ပြခဲ့ပါတယ်။ အဆိုပါဝန်ကြီးတွေက ဝန်ကြီးချုပ် Mr Oli ရဲ့ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်မှာ သဘောတူခဲ့ကြတဲ့ နယ်ပယ်သစ် (၃) ခုတို့ဖြစ်ကြတဲ့ Raxaul-Kathmandu Electrified Rail Line ၊ ပြည်တွင်းရေကြောင်းနဲ့ စိုက်ပျိုးရေးမှာ ဖက်စပ်လုပ်ကိုင်မှုတွေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ Raxaul-Kathmandu ရထားလမ်းဆက်နွယ်မှု ပါတ်သက်တဲ့ ကြိုတင်စစ်ဆေးသုံးသပ်ရေး လေ့လာမှုကို အိန္ဒိယ-နီပေါ ပူးတွဲအသင်းတွေက ပြုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ပြည်တွင်းရေကြောင်းသွားလာရေး ပရိုဂျက်အတွက် နီပေါနိုင်ငံရှိ Narayani နဲ့ Kosi မြစ်အတွင်း အလတ်စားသင်္ဘောတွေ ခုတ်မောင်းနိုင်ရေးကိုလည်း လေ့လာသုံးသပ်လျှက်ရှိနေကြပါတယ်။ အိန္ဒိယ-နီပေါနယ်စပ်တလျှောက် ဖြစ်ပေါ်နေတဲ့ ရေကြီးမှုနဲ့ ရေလွှမ်းမိုးမှုအပေါ် အလွန်အမင် စိုးရိမ်မိကြောင်း ဖေါ်ပြလျှက် ပူးတွဲကော်မရှင်ဟာ အခြေအနေကို ဆက်စပ်စောင့်ကြည့်နေကြတဲ့ ပူးတွဲအသင်းမှ အရာရှိတွေရဲ့တင်ပြအကြံပြုချက်တွေကို အရေးယူဆောင်ရွက်ဘို့ သဘောတူခဲ့ကြပါတယ်။
အိန္ဒိယ-နီပေါ ပူးတွဲကော်မရှင်အစည်းအဝေးပွဲကို နှစ်ပေါင်း (၃) နှစ်ကြာပြီးမှ တခါပြန် ကျင်းပဒါဖြစ်ပါတယ်။ နောက်ဆုံးအစည်းအဝေးပွဲကို ၂၀၁၆ ခုနှစ်အတွင်း New Delhi မှာ ကျင်းပခဲ့ဒါဖြစ်ပါတယ်။ အဆိုပါ ပူးတွဲကော်မရှင်ကို လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ်မှာ အပြန်အလှန်ဆက်ဆံရေးတွေနဲ့ ဒေသပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတခုလုံးကို သုံးသပ်ဘို့ တည်ထောင်ခဲ့ပေမဲ့၊ နှစ်ပေါင်းအတော်ကြာ လှုပ်ရှားမှုမရှိ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ Kathmandu မြို့သို့ ခရီးစဉ်အတွင်း နီပေါနိုင်ငံသမ္မတ Ms Bidya Devi Bhandari အား သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီပူးတွဲကော်မရှင် အစည်းအဝေးပွဲမှာ နှစ်ဖက်စလုံးက ဖေါ်ပြခဲ့ကြတဲ့ သန္နိဋ္ဌာန်တွေဟာ အိန္ဒိယနဲ့ နီပေါနိုင်ငံတို့ရဲ့ ဆက်ဆံရေးအား အဆင့်သစ်များဆီသို့ သယ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment