တောင်တရုတ်ပင်လယ်ဒေသအတွင်း တင်းမာမှုများ တငွေ့ငွေ့ ထွက်ပေါ်လျှက်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနှင့် အာရှ-ဥရောပ စပ်ကြားဒေသရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Sana Hashmi ဝေဖန်ရေးသားပေးပို့ထားတဲ့ “တောင်တရုတ်ပင်လယ်ဒေသအတွင်း တင်းမာမှုများ တငွေ့ငွေ့ ထွက်ပေါ်လျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

တောင်တရုတ်ပင်လယ်ဒေသအတွင်း တင်းမာမှုတွေ ပေါ်ထွက်နေမှုနှင့်အတူ ရေပိုင်နက် အငြင်းပွားမှုတွေဟာ တငွေ့ငွေ့နှင့် ထပ်မံ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုအရေးကိစ္စဟာ ဘန်ကောက်မြို့မှာပြုလုပ်မယ့် အရှေ့အာရှညီလာခံရဲ့ နဝမအကြိမ် နိုင်ခံခြားရေးဝန်ကြီးများ ညီလာခံအတွင်း ဆွေးနွေးမှုတွေမှာ အဓိက ပါရှိသွားနိုင်ဖွယ် အလားအလာများနေသလို အဲဒီဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က တက်ရောက်သွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ပထမသီတင်းပတ်အတွင်း လတ်တလော ဖြစ်ရပ်တွေမှာဆိုရင် တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘော ၂ စီး လိုက်ပါစောင့်ကြပ်မှုနှင့်အတူ တရုတ်နိုင်ငံရဲ့ စစ်တမ်းကောက်ယူရေး HaiyangDizhi 8 သင်္ဘောဟာ ဗီယက်နမ်နိုင်ငံရဲ့ ဘက်စုံ စီးပွားရေးဇုံ EEZ ဒေသရဲ့ ရေမိုင် ၂၀၀ အကွာအဝေးအတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ မြေငလျင်စစ်တမ်း ကောက်ယူခဲ့ပြီး ဒါဟာ ဒေသပိုင်းတလျှောက် သီးသန့်အားဖြင့် ဟန်နွိုင်းအစိုးရအတွင်း စိုးရိမ်ချက်တွေ ပေါ်ပေါက်စေခဲ့ပါတယ်။

တရုတ်၊ ထိုင်ဝမ်နှင့် အဓိကကျတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်ကြတဲ့ (ဘရုနိုင်း၊ မလေးရှား၊ ဖီလစ်ပိုင်နှင့် ဗီယက်နမ်) နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်ဒေသအတွင်း နယ်မြေ အငြင်းပွားမှုတွေ ပေါ်ပေါက်နေကြပြီး ဒါဟာ တရုတ်နိုင်ငံနှင့် ရှည်လျားလှတဲ့ ပင်လယ်ရေကြောင်း နယ်နိမိတ်အပြင်းပွားမှုတွေရဲ့ ဗဟိုမှာတည်နေတာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ဒေသအတွင်း တရုတ်နိုင်ငံရဲ့ အပြုအမူနည်းလမ်းတွေကို အသေအချာ လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့အဆိုပြုချက်တွေကို နောက်ဆုတ်ပြီး တခြားပတ်သက်တဲ့နိုင်ငံတွေကို အလျော့ပေးသွားလိုဟန်မရှိ ဖြစ်နေပါတယ်။ သမ္မတ Mr. Rodrigo Duterte လက်ထက်က ဖိလစ်ပိုင်နိုင်ငံဟာ ၎င်းတို့ရဲ့ အဆိုပြုချက်ကို အလျော့ပေးဖို့ ရွေးချယ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံကတော့ ၎င်းတို့ရဲ့ ပယ်လယ်ရေ နယ်နိမိတ်နှင့်ပတ်သက်လို့ တောင်တရုတ်ပင်လယ်ဆိုင်ရာ အခိုင်အမာ ရပ်တည်ချက်ကို ဆုတ်ကိုင်ထားဆဲဖြစ်ပါတယ်။ ဒါကြောင့် တောင်တရုတ်ပင်လယ်ရဲ့ အရေးပါမှုကို အပြင်းအထန် ငြင်းဆန်သွားလို့ မရနိုင်ပါတယ်။ ဒီဒေသရဲ့ ပင်လယ်ကြမ်းပြင်အောက်ခြေမှာ အနည်းဆုံး ရေနံစိမ်း စည်ပေါင်း ၁၁ ဘီလျံနှင့် သဘာဝဓာတ်ငွေ့ ၁၉၀ ထရီလျံ ကုဗပေတို့ဖြင့် သဘောဝရင်းမြစ်တွေ ပေါကြွယ်ဝပြီး အရေးပါလှတဲ့ ပင်လယ်ရေကြောင်း ဆက်သွယ်ရေးလမ်းဖြစ်ကာ တရုတ်နိုင်ငံရဲ့ ရေနံစိမ်း တင်သွင်းမှုအနက် ၈၀% ခန့်တို့ဟာ ဒီဒေသမှတဆင့် ဖြတ်သန်းသယ်ယူတာဖြစ်ပါတယ်။ အချိန်ကာလကြာ ခန့်ကွက်နေခဲ့လျှက် ဗီယက်နမ်နိုင်ငံဟာ ဒီအရေးကိစ္စကို နိုင်ငံတကာ အရေးကိစ္စအဖြစ် ချည်းကပ်လုပ်ဆောင်မှုကို ထပ်မံဆောင်ရွက်နေခဲ့ပြီး ယခုတကြိမ်မှာတော့ ဒီကိစ္စကို နိုင်ငံတကာ ထောက်ခံချက် ရှာဖွေလျှက်ရှိတဲ့အပြင် ဗီယက်နမ်နိုင်ငံဟာ လေးပွင့်ဆိုင် လုံခြုံရေး ဆွေးနွေးမှုတွေအောက်မှာ ကြိုးပမ်းချက်တွေရဲ့ ပိုမိုထောက်ခံမှု ရရှိသွားမယ့်အသွင် ရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒီအရေးကိစ္စနှင့်ပတ်သက်ပြီး ဘယ်နိုင်ငံနှင့်မျှ အပြင်းပွားဖို့ ဒါမှမဟုတ် ညှိနှိုင်းလုပ်ဆောင်ဖို့ မရှိပေမယ့် နယူးဒေလီအစိုးရမှာတော့ ပင်လယ်ဒေသအတွင်း အဓိကကျတဲ့ အကျိုးစီးပွားတွေ ရှိနေပါတယ်။ တောင်တရုတ်ပင်လယ်ဒေသဟာ အိန္ဒိယနိုင်ငံရဲ့ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ONGC အဖွဲ့ရဲ့ ဈေးကွက်အကျိုးစီးပွားတွေ ရှိနေတာကြောင့် အိန္ဒိယနိုင်ငံအတွက် အရေးပါမှု ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တရားဝင် ရပ်တည်ချက် သဘောထားဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနှင့်အညီ အထူးသဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးရဲ့ ၁၉၈၂ ခုနှစ်ဆိုင်ရာ ပင်လယ်ရေကြောင်း အက်ဥပဒေသ သဘောတူစာချုပ်နှင့်အညီ နိုင်ငံတကာ ရေပိုင်နက်တွေအတွင်း လွတ်လပ်စွာ ကူးသန်းသွားလာခွင့်၊ လေယာဉ်များ ဖြတ်ကျော် ပျံသန်းမှု၊ ပိတ်ဆီးမှုမရှိဘဲ ဥပဒေနှင့်အတညီ ကူးသန်းရောင်းဝယ်ရေးတို့ကို ကာကွယ်စောင့်ရှောက်သွားဖို့ ရှိနေခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ တောင်အာရှဒေသအတွင်း အိန္ဒိယနိုင်ငံရဲ့ တိုးများပါဝင်မှုအပေါ် အစဉ် ကြိုဆိုနေခဲ့ပြီး ၂ နိုင်ငံတို့ကလည်း ချစ်ကြည်နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိနေကြတဲ့အပြင် အိန္ဒိယနိုင်ငံဟာ ဗီယက်နမ်နိုင်ငံကို ယုံကြည်အားထားပြီး ဟန်ဆောင်မှုကင်းတဲ့ မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီနိုင်ငံနှင့်အတူ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ဖို့ ၃ နိုင်ငံအနက် ၁ နိုင်ငံဖြစ်ပြီး ၂ နိုင်ငံတို့အကြား အဆင့်မြင့် နိုင်ငံရေးရာ ယုံကြည်မှုလည်း ရှိကြပါတယ်။ အိန္ဒိယဟာ အရှေ့တောင်အာရှ နိုင်ငံတွေအနက် တာဝန်ခံမှုရှိတဲ့ နိုင်ငံဖြစ်ပြီး အရှေအာရှ ထိပ်သီးညီလာခံ၊ အာဆီယံ ဒေသတွင်း အဖွဲ့အစည်းကဲ့သို့ အာဆီယံအဖွဲ့ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေရဲ့ အရေးပါတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဗီယက်နမ်နှင့် တရုတ် ၂ နိုင်ငံစလုံးတို့နှင့်အကြား အိန္ဒိယနိုင်ငံရဲ့ တိုးတက်လာနေတဲ့ ဆက်ဆံရေးတွေရှိနေတဲ့အလျောက် ဗီယက်နမ်နိုင်ငံရဲ့ အရေးပါတဲ့ ပင်လယ်ရေကြောင်းလိုင်း ကူးသန်းဆက်သွယ်ရေးတွေအနက် တစ်ချက်ကို ကာကွယ်စောင့်ရှောက်ဖို့ အိန္ဒိယနိုင်ငံအပေါ် အားထားမှုရှိတာကလည်း သဘာဝကျပါတယ်။

အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့ဟာ မဟာဗျူဟာ မိတ်ဖက်တွေဖြစ်ပြီး အိန္ဒိယဟာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွေမှာလည်း အပြုသဘော အနေအထားကို ထိန်းသိမ်းထားပါတယ်။ အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ အရေးပါမှုကို အမြဲတမ်း ထောက်ပြနေခဲ့ပြီး တောင်တရုတ်ပင်လယ် အရေးကိစ္စအပေါ် အသုံးပြုမှု ကျင့်ဝတ်စည်းမျဉ်းတစ်ခု စောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဖော်ပြနေခဲ့တဲ့အပြင် နိုင်ငံအားလုံးတို့ကိုလည်း အခြေအနေမပျက် ဆက်လက်ထိန်းသိမ်းသွားကြဖို့ ဆော်ဩနေခဲ့ပါတယ်။ ရေကြောင်းအသုံးပြုမှု ကျင့်ဝတ်စည်းမျဉ်းဟာ တရားဝင် စည်းနှောင်ထားတဲ့ စာချုပ်တစ်ခုမဟုတ်ပေမယ့် တရုတ်နှင့် အခြားသော အရှေ့တောင်အာရှဒေသမှ ပိုင်နက်အဆိုပြုနေကြတဲ့ နိုင်ငံတွေအကြား ယုံကြည်မှု တည်ဆောင်ရေး စီမံချက်တစ်ခုအဖြစ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါဟာ UNCLOS ကို အတည်ပြုဖို့အတွက် သက်ဆိုင်ရာ နိုင်ငံအားလုံးတို့ရဲ့ အကျိုးစီးပွားမှာလည်း တည်ရှိနေပါတယ်… စသဖြင့် ဆောင်းပါးရှင် Sana Hashmi ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments