အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်၏ ဘူတန်နိုင်ငံ ခရီးစဉ် - ၂ နိုင်ငံဆက်ဆံရေးများ တိုးချဲ့ရန် လုပ်ငန်းစဉ်
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဘူတန်နိုင်ငံရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Nihar R Nayak ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်၏ ဘူတန်နိုင်ငံ ခရီးစဉ် - ၂ နိုင်ငံဆက်ဆံရေးများ တိုးချဲ့ရန် လုပ်ငန်းစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဝန်ကြီးချုပ် Mr. Narendra Modi ဟာ ဘူတန်နိုင်ငံဝန်ကြီးချုပ် Dr. Lotay Tshering ရဲ့ ဖိတ်ကြားချက်ဖြင့် Thimphu မြို့ကို ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်တစ်ရပ် သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ဒုတိယမြောက် ဆက်တိုက်သက်တမ်းကာလအတွက် အာဏာရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ရဲ့ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဘူတန်နိုင်ငံသို့ ဒုတိယမြောက် ခရီးစဉ်ဖြစ်သလို ဝန်ကြီးချုပ်နှင့်အတူ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ၁ ဖွဲ့ အတူလိုက်ပါသွားခဲ့ပါတယ်။ ဒုတိယအကြိမ် အာဏာရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟာ မော်လဒိုက်နှင့် သီရိလင်္ကာနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေဟာ အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ အိမ်နီးချင်း ပထမဦးစားပေးရေး ပေါ်လစီအတွက် ဆက်လက်အလေးထားမှု ပေးအပ်နေတယ်ဆိုတာကို ညွှန်းဆိုလျှက်ရှိပါတယ်။
အိန္ဒိယနိုင်ငံဟာ Jammu နှင့် Kashmir အရေးကိစ္စကို နိုင်ငံတကာအဆင့်ရောက်ရှိဖို့ ပါကစ္စတန်နိုင်ငံရဲ့ ကြိုးပမ်းချက်တွေ ပျက်ပြယ်စေဖို့အတွက် နိုင်ငံတကာအဆင့်မှာ အပြင်းအထန် ညှိနှိုင်းလုပ်ဆောင်နေစဉ်မှာ ဘူတန်နိုင်ငံခရီးစဉ် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းကလည်း ဘူတန်နိုင်ငံဟာ Jammu နှင့် Kashmir ပြည်နယ်ဒေသအတွက် အခွင့်ထူးအခြေအနေ ပေးအပ်မှုရုပ်သိမ်းဖို့ အိန္ဒိယနိုင်ငံရဲ့ဆုံးဖြတ်ချက်ကို ရေရှည်မျှော်ကိုးထားတဲ့ အထူးပြောင်မြောက်လှတယ်လို့ ချီးကျူးဖော်ပြခဲ့ပြီး ဒီအရေးကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်တယ်လို့ အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။
အိန္ဒိယနိုင်ငံနှင့်အတူ အထူးဆက်ဆံရေးတွေပေးအပ်လျှက် ဘူတန်နိုင်ငံဟာ ခရီးစဉ်ကို အလေးအနက် ဦးစားပေးမှုပြုခဲ့ပြီး ဝန်ကြီးချုပ် Mr. Modi ကိုလည်း ဘူတန်ဝန်ကြီးချုပ် Dr. Tshering က လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ဘူတန်နိုင်ငံဘုရင်ကြီးနှင့် ဘုရင်မတို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ဘူတန်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ ကိုယ်စားလှယ်အဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ကဏ္ဍအသီးသီးတို့မှာ အိန္ဒိယ-ဘူတန် ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်ရေးနည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအပြင် အတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ Dr. Pema Gyamtsho အပါအဝင် ဘူတန်နိုင်ငံရဲ့ အခြားသော ဝါရင့်နိုင်ငံရေးသမားတွေနှင့်လည်း တွေ့ဆုံခဲ့သလို ဘူတန်နိုင်ငံ တော်ဝင်တက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ဘူတန်ဝန်ကြီးချုပ် Dr. Tshering ဟာ ၎င်းရဲ့ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို လာရောက်ခဲ့သလို ၂၀၁၉ ခုနှစ် မေလအတွင်းက ဒေလီမြို့မှာ အစိုးရသစ် ဖွဲ့စည်းခဲ့ပြီးချက်ချင်းဆိုလို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar ဟာ ဘူတန်နိုင်ငံကို သွားရောက်ခဲ့တာကြောင့် ယခုလက်ရှိဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကတော့ အိန္ဒိယနှင့် ဘူတန်နိုင်ငံတို့အကြား အဆင့်မြင့် အပြန်အလှန်ခရီးစဉ်သွားရောက်ကြရာမှာ အရှိန်အဟုန်သစ်တွေကို ပေါ်လွင်စေလျှက်ရှိပါယ်။
၂ နိုင်ငံတို့အကြား ၁၉၆၈ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့အချိန်ကစပြီး အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် ရင့်ကျက်မှုတို့ဖြင့် တောင်အာရှဒေသအတွင်း အောင်မြင်မှုအရှိဆုံး အိမ်နီးချင်းသမိုင်းမှတ်တမ်းတွေအနက် ၁ ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြင်ဆင်မွမ်းမံခဲ့တဲ့ အိန္ဒိယ-ဘူတန် ချစ်ကြည်ရင်းနှီးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ဟာ ဆက်ဆံရေးတွေရဲ့ အဓိက ထောက်တိုင်အဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ဒီစာချုပ်ဟာ နယ်စပ်ဒေသ လမ်းဖွင့်ရေး၊ လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူလူထုချင်း ဆက်ဆံရေးရာ တိုးတက်နက်ရှိုင်းရေးတို့လို အထူးအစီအစဉ်တွေကို အထောက်အကူပြုခဲ့ပါတယ်။
ရေအရင်းအမြစ်၊ ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေး၊ စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲရေးတို့လိုနယ်ပယ်တွေမှာ ၂ နိုင်ငံတို့အကြား အပြန်အလှန်အားဖြင့် အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက် အများအပြားရှိကြပါတယ်။ အိန္ဒိယနိုင်ငံဟာဘူတန်နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းတင်သွင်းမှု ၈၂% ကျော်နှင့် အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ဖြစ်နေသလို အိန္ဒိယနိုင်ငံဟာ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၂၀၀၀ ထုတ်လုပ်နေမှုနှင့်အတူ ရေအားလျှပ်စစ်စီမံကိန်း ၄ ခုတို့ကို တည်ဆောက်ပေးခဲ့ပါတယ်။
ယခုခရီးစဉ်မှာ အာကာသ သုတေသန၊ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး သဘောတူညီချက်နှင့် နည်းပညာပိုင်း ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့လို နယ်ပယ်အသီးသီးတို့မှာ နားလည်မှု စာချွန်လွှာ ၁၀ ခုတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီအပြင် ခေါင်းဆောင် ၂ ဦးတို့ဟာ ဘူတန်နိုင်ငံရှိ Mangdechhu ရေအားလျှပ်စစ် စီမံကိန်း၊ တောင်အာရှဒေသဆိုင်ရာ ဂြိုဟ်တုရဲ့ ဘူမိအခြေစခန်းနှင့် RuPay ကဒ် စတင်အသုံးပြုမှုတို့ကို ပူးတွဲ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
SAARC အဖွဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းဘောင်အောက်မှာ ဘူတန်နိုင်ငံအတွက် ဒေါ်လာ သန်း ၁၀၀ ရရှိစေမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံမှ LPG ဓာတ်ငွေ့ပံ့ပိုးမှုကို ၁ လမှာ တန်ချိန် ၇၀၀ ကနေ ၁ ထောင်အထိ တိုးမြှင့်လိုက်ကြောင်းလည်း ကြေညာခဲ့ပြီး ဘူတန်နိုင်ငံမှာ အထူးကုဆေးရုံ ၁ ရုံပေါ်ပေါက်ရေးဖြစ်တဲ့ Dr. Tshering ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ရာမှာ အိန္ဒိယနိုင်ငံက ဖြစ်နိုင်တဲ့အကူအညီအားလုံး ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဘူတန်ဝန်ကြီးချုပ်ကို အာမခံ ဖော်ပြခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ရဲ့ခရီးစဉ်ဟာ သံတမန်ဆက်ဆံရေးတွေ တိုးချဲ့ဖို့နှင့် ၂ နိုင်ငံကြား လက်ရှိဆက်ဆံရေးတွေ ပိုမို တောင့်တင်းခိုင်မာစေဖို့ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ၂ ဦးတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးတွေ နောက်ထပ်တိုးတက်ရေးအတွက် နယ်ပယ်ကျယ်ပြန့်တဲ့ အရေးကိစ္စတွေနှင့် ယန္တယားအဖွဲ့သစ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ၁ ဦးချင်း တွေ့ဆုံဆွေးနွေးပွဲမှာလည်း ခေါင်းဆောင် ၂ ဦးတို့ဟာ ရာသီဥတု ပြောင်းလဲလာမှု၊ လူထု အခြေခံ အဆောက်အအုံ၊ လုံခြုံရေးနှင့် မဟာဗျူဟာရေးရာ၊ ဘူတန်နိုင်ငံရဲ့ ၅ နှစ်စီမံကိန်းအတွက် အိန္ဒိယနိုင်ငံရဲ့ နည်းပညာနှင့် စီးပွားရေးရာ အကူအညီတို့အပြင် အဓိကကျတဲ့ ဒေသပိုင်းဆိုင်ရ အရေးကိစ္စတွေအပေါ် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Nihar R Nayak ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment